ဗဟုသုတ

“(၆) လအောက်ကလေးကို ရေတိုက်မိရင် ဖြစ်လာနိုင်တဲ့ ကြောက်မက်ဖွယ် ဆိုးကျိုးများ”

မွေးကင်းစကို ရေတိုက်ခြင်းနှင့်ပတ်သက်ပြီး အငြင်းပွားလိုသူများသိစေရန် ရေးပေးပါသည်။

၆ လအောက်ကလေး ရေမတိုက်နဲ့ ပြောခြင်းသည် ကလေးကို ရေငတ်ထားခြင်းမဟုတ်ပါ။ မိခင်နို့(သို့) နို့ ဗူး formula မှ ပေးသောရေနှင့် လုံလောက်ပြီဟု ပြောခြင်းဖြစ်ပါသည်။

လူကြီးတိုက်သော ရေပို ကို မဖွံဖြိုးသေးသော ကလေး၏ ကျောက်ကပ်က မစွန့်နိုင်သောအခါ ကိုယ်ခန္ဓာတွင်း ရေနှင့်ဆားမမျှဘဲ ရေပိုက ဦးနှောက်ထဲ ရောက်သွားပါသည်။ ရေ”ပို” ပမာဏပေါ်မူတည်၍ အောက်ပါအချက်များကို ကလေးခံစားရနိုင်ပါသည်။

(၁) မျက်နှာဖောရောင်ခြင်း

(၂) ဦးနှောက်လေးလံထိုင်းမှိုင်း၍ ခါတိုင်းထက် အိပ်ငိုက်ခြင်း

(၃) ဦးနှောက် ရောင်ပွ၍ အလွန်အကျွံငိုခြင်း

(၄) ကြွက်သားများ ပုံမမှန်လှုပ်ရှားခြင်း/ ကြွက်တက်ခြင်း

(၅) အန်ခြင်း

(၆) အခြားအကြောင်းမရှိဘဲ တက်ခြင်း

(၇) အကြိမ်ကြိမ်တက်ပြီး သေဆုံးခြင်း

(၈) မသေသော်လည်း ဉာဏ်ရည် နိမ့်ကျခြင်း, နားလေးခြင်း, လမ်းလျှောက်နိုင်သောကြွက်သားများ ရာသက်ပန်ပျက်စီးသွားခြင်းတို့ဖြစ်နိုင်ပါသည်။

မွေးကင်းစနှင့် ၆ လအောက်ကလေးကို ရေ”ပို” တိုက်မိခြင်းသည် မသိနားမလည်၍လည်းဖြစ်နိုင်သည်။ စီးပွားရေးအခက်အခဲကြီးလွန်း၍ နို့မှုန့်ဖျော်ရာတွင် ရေပိုထည့်ခြင်းလည်း ဖြစ်နိုင်သည်။ နို့မှုန့်ဖျော်ရာတွင် တခါတရံ မတော်တဆမှားယွင်းခြင်းလည်းဖြစ်နိုင်ပါသည်။ မည်သို့အကြောင်းကြောင့်ဖြစ်စေ ဤစာဖတ်ပြီးလျှင် မွေးစကလေးကို ရေတိုက်လိုသူမိဘဘိုးဘွားများ နားလည်မှုရရှိသွားစေရန် မျှော်လင့်ပါသည်။

ကြားဖူးခဲ့သော အငြင်းပွားမှုများကို အောက်ပါအတိုင်း ရှင်းပြပေးလိုပါသည်။

(၁) မိခင်နို့တိုက်လည်း ရေပါတာပဲ။ တိုက်တော့ ဘာဖြစ်လဲ။

ဖြေရှင်းချက်: မွေးကင်းစမှ ၆ လ မိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးပါဆိုသည်မှာ ရေထပ်မတိုက်ပါနှင့်ဟု ဆိုလိုခြင်းဖြစ်သည်။ ရေမတိုက်ပါနှင့်ဟု ဆိုခြင်းမှာ မိခင်နို့တွင် ကလေးအတွက်လုံလောက်သော ရေဓာတ်ပါသောကြောင့်ဖြစ်ပါသည်။

(၂) နှို့မှုန့်ဖျော်လဲ ရေထည့်ရတာပဲ။ ရေတိုက်တော့ ဘာဖြစ်လဲ။

ဖြေရှင်းချက်: မိခင်နို့ကို ကျန်းမာရေးအရဖြစ်စေ၊ အခြားအကြောင်းများကြောင့်ဖြစ်စေ မတိုက်နိုင်၍ နို့မှုန့်ဖျော်တိုက်သောအခါ Formula Milk ဖော်မျူလာ နို့ ကို ညွှန်းပါသည်။ Formula ဆိုသည်မှာ ပုံသေနည်းအတိုင်းအတိအကျလုပ်ဆောင်ခြင်း ဖြစ်ပါသည်။ နို့မှုန့်များတွင် ကလေးတစ်ယောက်တစ်နေ့တာအတွက် လိုအပ်သော ရေပမာဏကို တွက်ချက်ပြီးမှ နို့မှုန့်ဘယ်နှစ်ဇွန်းကို ရေဘယ်လောက်နှင့် ဖျော်ရန် တိကျစွာ ညွှန်းထားပေးပါသည်။ ထို့ကြောင့် နို့မှုန့်ဗူးတိုက်ပြီး ရေ”ပို”တိုက်ရန်မလိုပါ။

(၃) ကျွန်မကလေးမွေးပြီး အသားဝါလို့ ဆရာဝန်မသိအောင် ရေခိုးတိုက်မှ အသားဝါ ပျောက်သွားတယ်။

ဖြေရှင်းချက်: မွေးစ ကလေး အသားဝါခြင်း အကြောင်းရင်းများစွာရှိသည့်အနက် အများစုက အချိန်တိုအတွင်းပျောက်သွားပါသည်။ ရေခိုးတိုက်လို့ အသားဝါပျောက်သွားခြင်းမဟုတ်ပါ။

(၄) ကျွန်မကလေးက ရေတိုက်ပြီးကြီးလာတာ ဘာမှမဖြစ်ဘူး။

ဖြေရှင်းချက်: တိုက်တဲ့ပမာဏပေါ်မူတည်ပြီး တစ်ရက် နှစ်ရက်အတွင်းသေသွားသောကလေးများရှိခဲ့သလို ရေရှည်မှာ မသိမသာနဲ့ ဦးနှောက် ထိခိုက်ခြင်းဖြစ်နိုင်သည်လည်းရှိသည်ဟုသာ သတိပေးလိုပါသည်။

(၅) Gripe Water ကို ကလေးလေထိုးရင်ပေးတော့လဲ ရေပါတာပဲ။

ဖြေရှင်းချက်: Gripe Water ဟာ ကလေးလေထိုးခြင်းကို ဘာကောင်းကျိုးမှ မဖြစ်စေကြောင်း သြစတေးလျ နှင့် အမေရိကန် ကလေးဆေးရုံများမှာ သတိပေးထားပါသည်။ မသုံးပါနှင့်။

(၆) ကျွန်မနိုင်ငံခြားမှာနေလာတာ နို့စို့ ကလေးကို ရေတိုက်တာအမြဲတွေ့ပါတယ်။ တိုက်သာတိုက်ပါ။

ဖြေရှင်းချက်: နိုင်ငံခြားမှာနေတဲ့လူတိုင်း အမှားအမှန်မသိပါ။ ဘယ်နိုင်ငံမဆို အမှားလုပ်သူ အမှန်မသိသူ လူများစွာရှိပါသည်။ နိုင်ငံခြားမှ အရာရာတိုင်း၊ လူတိုင်းကို အတုခိုးစရာမလိုပါ။

(၇) ရေမသောက်လျှင် အသည်းခြောက်တယ် ကြားဖူးလို့ ရေတိုက်ပါတယ်။

ဖြေရှင်းချက်: အသည်းခြောက်ခြင်းသည် အရက် အလွန်အကျွံသောက်သူများ, အချို့သော အသည်းရောဂါပိုးရှိသူများနှင့် အဝလွန်ရောဂါရှိသူများနှင့် ဆက်စပ်ပါသည်။ နို့စို့ ကလေးကို ရေမတိုက်ခြင်းနှင့် ဘာမှမဆိုင်ပါ။

ဆုံးဖြတ်ချက်မှန်ကန်ပါစေ။

#crd#နေနေမိုးဆွေ (Child Health Myanmar)