News

ဟာသလူရွှင်တော် ကောင်းကျော် ဖမ်းဆီးခံရ

ဧပြီလ ၂၀ ရက်

ဟာသ လူရွှင်တော် ကောင်းကျော်ကို နွေဦးတော်လှန်ရေးအတွက် တောထဲတွင် ရောက်ရှိနေသော ဟား ၅ ကောင် အဖွဲ့နှင့် ဆက်သွယ်ခြင်း၊ လူမှု့ကွန်ယက်တွင် စစ်တပ်အပေါ် ဝေဖန်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက်ဟု ဆိုကာ စစ်ကောင်စီက ယမန်နေ့ည(ဧပြီ ၁၉) ၁ဝ နာရီခန့်က သူနေထိုင်ရာ သာကေတမြို့နယ်ရှိ နေအိမ်သို့ လာရောက်ဖမ်းဆီးသွားကြောင်း သာကေတ မြို့ခံများထံမှ သိရသည်။

‘ဟုတ်တယ်။ ညက ကိုကောင်းကျော်ကို လာဖမ်းသွားတယ်။ သူ့တယောက်ထဲကိုပဲ ဖမ်းတာပါ။ စစ်တပ်နဲ့ရဲ အပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့လည်းပါတယ်။

ဘယ်ခေါ်သွားလဲတော့ မသိရသေးဘူး။ စုံစမ်းလို့ရသလောက်ကတော့ သာကေတ အမှတ် ၁ ရဲစခန်းမှာပဲ ချုပ်ထားသေးတယ်လို့ သိရတယ်”ဟု သာကေတမြို့နယ် ၈ ရပ်ကွက်မှ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟာသလူရွှင်တော် ကောင်းကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးတဲ့နောက် ဘယ်နေရာမှာဖမ်းချုပ်ထားတယ်ဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်မရှိသေးပါဘူး။

စစ်တပ်အနေဖြင့် ၎င်းတို့ကို ဆန့်ကျင်ရေးသားနေသော လူမှု့ကွန်ယက် Facebook အကောင့်များအား စောင့်ကြည့်စစ်ဆေးကာ နေရပ်လိပ်စာများ သိရှိအောင် အောက်ခြေအဆင့် သတင်းပေးများမှစပြီး နယ်မြေထောက်လှမ်းရေးများ၊ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးများဖြင့် ဖွဲ့စည်းကာ ဟန်ငြိမ်းဦး၊ ရောင်နီဦး ဆိုသည့် Telegram အကောင့်များတွင် စုစည်းကာ စစ်တပ်သို့ ပုံမှန် သတင်းပို့သည့် စနစ်ကို ကျင့်သုံးနေသည်။

စစ်ကောင်စီက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသော်လည်း ပြည်သူအများအပြား၏ ထောက်ခံမှု ရရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ CRPH နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ PDF အပေါ် လူမှု့ကွန်ယက်တွင် ထောက်ခံခြင်းများ ပြုလုပ်နေလျှင်

အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူမည်ဟု စစ်ကောင်စီက ကြေညာထားပြီးနောက် ယခုဆိုလျှင် မြန်မာနိုင်ငံအနှံ့ ယင်းပုဒ်မဖြင့် ၁၂ဝ ကျော် အဖမ်းဆီးခံထားရပြီဖြစ်ကြောင်း သိရသည်။

#Ayeyarwaddy_Times