News

“ဆန္ဒပြလူငယ်တွေကို မတရားအမိန့်ချမှတ်ခဲ့တဲ့ တရားသူကြီး အပါအဝင် တရားသူကြီး (၇) ဦးကို TNLA ကဖမ်းဆီး”

မဲခေါင်၊ ဧပြီ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့တွင် လားရှိုး၊ မန်တုံနှင့် နမ့်ဆန်က တရားသူကြီး ၃ဦးအပါအဝင် ၇ဦးကို တအာင်းတပ်မတော် (TNLA)မှ ယနေ့နံနက်ပိုင်းက ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းဌာန ရွှေဖီမြေက ဖော်ပြထားသည်။

နမ့်ဆန်မြို့၊ တောင်မလမ်းခွဲအနီးတွင် TNLAကမူးယစ်ဆေးဝါးများ စစ်ဆေးနေစဥ် မော်တော်ယာဉ်များစီးနင်းလာသည့် တရားသူကြီး ၃ဦးနှင့် ၎င်းတို့နှင့် လိုက်ပါလာသူ ၄ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

“ကား ၂စီး၊ ၃စီးလားမသိဘူး၊ မနက် ၁၀နာရီခွဲလောက်က တစ်ဖွဲ့လုံး အဖမ်းခံလိုက်ရတယ်။ ဘာမှဆက်သွယ်လို့ မရသေးဘူးပြောတယ်။ လားရှိုးတရားသူကြီးကတော့ နာမည်ကြီးပဲ။ ဆန္ဒပြတဲ့လူငယ်တွေကို အမိန့်ချမှတ်ထားတဲ့သူ”ဟု ၎င်းကပြောသည်။

ယင်းတောင်မလမ်းခွဲအနီးတွင် TNLAက မကြာခဏ မူးယစ်ဆေးဝါးစစ်ဆေးခြင်းမျိုးများ ပြုလုပ်လေ့ရှိပြီး ယခုဖမ်းဆီးခံရသူများကို စစ်ဆေးမေးမြန်းပြီးမှ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် TNLAပါဝင်သည့် မဟာမိတ်ညီနောင် ၃ဖွဲ့နှင့် အာဏာသိမ်းစစ်တပ်တို့ ထိတွေ့ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားခဲ့သော်လည်း သင်္ကြန်မတိုင်မှီမှ ယနေ့အထိ စစ်ရေးငြိမ်သက်နေချိန်တွင် ယခုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(ဖော်ပြပါသတင်းသည် Shwe Phee Myay News Agency ၏ သတင်းဖြစ်ပါသည်)