ဗဟုသုတ

သင်္ကြန်အပြီး စက်သုံးဆီဈေး တက်မယ်ဆိုတဲ့ ခန့်မှန်းချက်နှင့် ဆီဆိုင်ရှေ့က ကားတန်းကြီး ဂယက်. . ဘယ်လိုဆက်ဖြစ်မလဲ. .

မြန်မာတနိုင်ငံလုံးသို့ စက်သုံးဆီများဖြန့်ဖြူးနေသည့် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီများ ပြတ်လပ်နေသဖြင့် ဆီသည်ကားများစွာ တန်းစီစောင့်ဆိုင်းနေရကြောင်း သတင်းရရှိပါတယ်။

တရုတ်နိုင်ငံက စက်သုံးဆီများကို သီရိလင်္ကာနိုင်ငံကို ကြားခံထား၍ ပင်လယ်ရေကြောင်းမှတဆင့် မြန်မာနိုင်ငံသို့ စက်သုံးဆီများ တင်သွင်းရောင်းချနေခြင်းဖြစ်ပြီး လက်ရှိတွင် သီရိလင်္ကာနိုင်ငံ၌ ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းများ ကြီးမားစွာ ပေါ်ပေါက်နေသည့်အတွက် သီရိလင်္ကာမှ ရန်ကုန်သို့ စက်သုံးဆီများ မပို့ဆောင်နိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။

သီရိလင်္ကာမှ စက်သုံးဆီများ ပို့ဆောင်ပေးနိုင်ခြင်းမရှိသည့်အတွက် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီများ ပြတ်လပ်နေခြင်းဖြစ်ပြီး စက်သုံးဆီလက္ကားရောင်းသည့်ကုမ္ပဏီများက လက်ကျန် စက်သုံးဆီများကို ဦးရာလူစနစ်ဖြင့် ရောင်းချပေးနေသည်ဟု ရန်ကုန်မြို့မှ စက်သုံးဆီလုပ်ငန်းရှင် တဦးက ပြောပါတယ်။

“ရန်ကုန်မှာ ဓာတ်ဆီနဲ့ ဒီဇယ် အကုန်လုံး ပြတ်လပ်ကုန်ပြီ။ အခု သီလဝါက ဆီလက်ကျန်ရှိနေတဲ့ Denko ကုမ္ပဏီမှာ ကားတွေအကုန် တန်းစီနေတယ်။ ရန်ကုန်မှာ ဆီမရှိတော့ဘူး။ အရန်ဆီတွေလည်း

သင်္ကြန်တွင်းမှာ ရောင်းပေးဖို့ စစ်ကောင်စီက ညွှန်ကြားထားတော့ အရန်ဆီတွေ ထုတ်ရောင်းထားတာ လက်ကျန်ကနည်းနေပြီ။ ကျနော်တောင် သီလဝါမှာ သွားတန်းစီစောင့်တာ ဘောက်ဆာကား ၁ စီးပဲ ရတယ်။ အဲတော့ အခုကျနော်တို့လည်း ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိတော့ဘူး”ဟု သီလဝါဆိပ်ကမ်း၌ စက်သုံးဆီသွားထုတ်ခဲ့သည့် ရန်ကုန်မြို့က လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ယခင်က သီလဝါဆိပ်ကမ်းတွင် မြန်မာနိုင်ငံအနှံ့ စက်သုံးဆီများဖြန့်ချိရန်အတွက် ဆီဂါလံ ၅ သန်းကို အရန်ဆီအဖြစ် သိုလှောင်ထားခဲ့သော်လည်း ယခုနောက်ပိုင်းတွင် စစ်တပ်မှ နိုင်ငံအတွက် ချန်ထားသော အရန်ဆီများထဲမှ စစ်တပ်အသုံးပြုရန်အတွက် တစ်ရက်လျှင် ဂါလံ ၁ သောင်းနှုန်း နေ့စဉ်ထုတ်ယူနေကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ထုတ်ယူသုံးစွဲထားသော စက်သုံးဆီများကို ပြန်လည်ဖြည့်တင်းပေးမှု မရှိခြင်းနှင့် တရုတ်နိုင်ငံမှ စက်သုံးဆီကြားခံတင်ပို့နေသည့် သီရိလင်္ကာနိုင်ငံမှ မြန်မာပြည်သို့ ဆီမပို့နိုင်တော့သည့်အခြေအနေကြောင့် မြန်မာပြည်၌ ပြည်တွင်းအသုံးပြုရန် ကြီးမားသည့် စက်သုံးဆီ ပြတ်လပ်မှုအခြေအနေ ပေါ်ပေါက်လာနိုင်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်တချို့က သုံးသပ် ပြောဆိုနေကြပါတယ်။

စစ်တပ်အာဏာမသိမ်းမီကာလ အရပ်သားအစိုးရလက်ထက်တွင် စင်္ကာပူနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာပြည်သို့ စက်သုံးဆီများ တိုက်ရိုက်တင်သွင်းရောင်းချနေခဲ့ခြင်းဖြစ်ပြီး စစ်တပ်အာဏာသိမ်း ပြီးနောက် နိုင်ငံတကာ၏ စစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှုများကြောင့် စင်္ကာပူနှင့် မလေးရှားတို့မှ မြန်မာနိုင်ငံသို့ စက်သုံးဆီတင်ပို့ရောင်းချခြင်း မရှိတော့ပေ။ ယင်းအခြေအနေတွင် တရုတ်ကုမ္ပဏီ များက သီရိလင်္ကာနိုင်ငံကို ကြားခံ၍ မြန်မာပြည်သို့ စက်သုံးဆီများ တင်သွင်းပို့ဆောင်နေရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ယူကရိန်း-ရုရှား စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးကလည်း ထိုးတက်လျက်ရှိနေတာကြောင့် မြန်မာနိုင်ငံ စက်သုံးဆီအနေနဲ့ လက်ရှိအခြေအနေထက် ၂ ဆ ခန့်တက်နိုင်မယ်လို့ ပညာရှင်များက ခန့်မှန်းနေကြပါတယ်။

သင်္ကြန်အပြီး စက်သုံးဆီဈေး တက်နိုင်မယ်လို့ ခန့်မှန်းထားကြပေမယ့်လည်း ၂ ဆခန့်တက်မယ်လို့ မထင်ထားကြောင်း၊ ယခုအချိန်သည် ကမ္ဘာ့ရေနံဈေးတက်ခြင်း၊ မြန်မာပြည်တွင် စက်သုံးဆီ လက်ကျန် မရှိခြင်း၊ ငွေစက္ကူများ အဆမတန် ရိုက်ထုတ်နေခြင်းတို့ကြောင့် စက်သုံးဆီ ဈေးများ မိုးထိတက်နိုင်ကြောင်း ဈေးကွက် ပညာရှင် တဦးက သုံးသပ်ထားပါတယ်။