News

“မကြာမီ လွတ်မြောက်နယ်မြေဖန်တီးနိုင်တော့မည်ဟု NUG ယာယီသမ္မတပြောကြား”

ဧပြီ ၁၆၊ ၂၀၂၂။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကျေးလက်ဒေသအများစုကို ထိန်းချုပ်ထားနိုင်ပြီး မကြာမီလွတ်မြောက်နယ်မြေများကို ဖန်တီးနိုင်တော့မည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ပြောကြားလိုက်သည်။

ယာယီသမ္မတဒူဝါလရှီးလက ယနေ့နံနက်ပိုင်းတွင်ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး NUG အစိုးရအနေဖြင့် လွတ်မြောက်နယ်မြေတွင် ကြားကာလအုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တယားများကို စတင်အကောင်အထည်ဖော်နေပြီဟုလည်း ထည့်သွင်းပြောကြားသည်။

ယခင်က ကြေညာခဲ့သည့်အတိုင်း ဒီမိုကရေစီနည်းမကျသည့် ၂၀၀၈ အခြေခံဥပဒေကို ပြန်သွားမည်မဟုတ်ဘဲ ဒီမိုကရေစီချာတာအရသာ ရှေ့ဆက်မည်ဟု ဆိုသည်။

စစ်ကောင်စီကို နိုင်ငံတကာအစိုးရက အသိအမှတ်ပြုတွေ့ဆုံမှုများပိုမိုနည်းပါးလာပြီး NUG ကို တရားဝင်လက်ခံတွေ့ဆုံမှုတိုးတက်လာသည်ဟု ပြောသည်။

ထို့အပြင် အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားထောက်ခံပြီး၊ နယ်စပ်ဒေသများတွင် ပြဿနာမျိုးစုံကို ဖြစ်ပေါ်စေသည့် တရားမဝင်စစ်ကောင်စီကို အသိအမှတ်မပြုမိကြရန် ယာယီသမ္မတက တိုက်တွန်းသည်။

အလားတူ ရုရှးအစိုးရ၏ ယူကရိန်းနိုင်ငံသို့ ကျူးကျော်ဝင်ရောက်မှုကို ရှုံ့ချပြီး ယူကရိန်းအစိုးရကို ထောက်ခံသည့် ကုလသမ္မဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ကိုလည်း ထောက်ခံအားပေးခဲ့သည့်အပြင် စစ်အာဏာရှင်ကို ချေမှုန်းနိုင်ရန်လိုအပ်သည့် အကူအညီများထပ်မံပံ့ပိုးပေးရန် တောင်းဆိုသည်။

The 74 Media