ကြေကွဲ မှတ်တမ်း

“စစ်သားအစစ်တွေ. . သေ. .ကုန်. .ပြီ”

“စစ်သားအစစ်တွေ သေကုန်ပြီ”

…………………………….

အမေ ဘာတွေလိုက်ရှာနေတာလဲ…

အမေနေ့စဥ် ဝတ်ပြုနေတဲ့ ဘုရားစင်လေးမှ မရှိတော့တာ…

အမေ ဘာတွေလိုက်ရှာနေတာလဲ…

အမေ နေ့စဥ် ဖုန်သုတ်နေတဲ့ အိမ်ဦးခန်းက မိသားစုဓာတ်ပုံလေးမှ မရှိတော့တာ…

အမေ ဘာတွေလိုက်ရှာနေတာလဲ…

အမေ အနှစ်နှစ်အလလ စုဆောင်းထားတဲ့ အလှူလုပ်မယ့် ငွေကြေးနဲ့ လက်ဝတ်လက်စားလေးတွေမှ မရှိတော့တာ…

အမေ ဘာတွေလိုက်ရှာနေတာလဲ…

အမေ မွေးမြူထားတဲ့ တိရိစ္ဆာန်လေးတွေမှ မရှိတော့တာ…

အမေ ဘာတွေလိုက်ရှာနေတာလဲ…

အမေ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံလေးတွေမှ မရှိတော့တာ…

အမေ ဘာတွေလိုက်ရှာနေတာလဲ…

အမေ အပြင်သွားရင် သော့ခတ်နေကျ အိမ်လေးနဲ့ ခြံလေးမှ မရှိတော့တာ…

အမေ ဘာတွေလိုက်ရှာနေတာလဲ…

အမေ ပြန်လာရင် ကြိုနေမယ့် သားသမီးနဲ့ ခင်ပွန်းသည်မှ မရှိတော့တာ…

အမေ ဘာတွေမျှော်လင့်ထားတာလဲ…

”စစ်သားတွေက မီးမရှို့ဘူး”လို့ မျှော်လင့်နေတာလား….

”စစ်သားတွေက အမေ့ပစ္စည်းဥစ္စာတွေ မဖျက်ဆီးဘူး”လို့ မျှော်လင့်နေတာလား…

”စစ်သားတွေက ပြည်သူကို မသတ်ဘူး”လို့ မျှော်လင့်နေတာလား…

”စစ်သားတွေက မု..ဒိန်း..မကျင့်ဘူး”လို့ မျှော်လင့်နေတာလား…

”စစ်သားတွေက ကိုယ်ကျင့်တရားကောင်းတယ်”လို့ မျှော်လင့်နေတာလား…

မဟုတ်တော့ဘူးအမေ…

စစ်သားအစစ်တွေက… သေ ကုန် ပြီ … အမေ….။

(ဒီကဗျာကို အကြမ်းဖက်စစ်တပ်ကနေ ပြည်သူ့ထံမှောက် အလင်းဝင်ရောက်ထားတဲ့ ဗိုလ်ကြီးထက်မြတ်က ရေးသားထားခြင်း ဖြစ်ပါတယ်။

သတင်းဓါတ်ပုံ – အောင်ဆန်းလင်း

Crd Delta News Agency