ဗဟုသုတ

“အိုမင်းမစွမ်းတဲ့လား ?”

အိုမင်းမစွမ်းတဲ့လား ?

” မိဘတွေ အသက်ကြီးလာတဲ့အခါ အိုမင်းမစွမ်း ” ဆိုပြီး ပြောဆို နေကြတာ တော်တော် မှားပါတယ်။

” အသက်ကြီးတဲ့အခါ အလုပ် မလုပ်နိုင်လို့ သားသမီးတွေကို ဘာမှ မကူညီနိုင်တော့ဘူး ” လို့ မထင်လိုက်ပါနဲ့။

အိပ်ယာထဲပဲ လဲနေပါစေ, မိဘဆီက အကူအညီတွေ အများကြီး ရနိုင်ပါသေးတယ်။

မိဘကို အလုပ်အကျွေး ပြုတဲ့ သားသမီးကို သိကြားမင်းက တစ်နေ့ သုံးကြိမ် ရှိခိုးရလေ့ ရှိတယ်။

မိဘကို ပြုစု လုပ်ကျွေးနေတဲ့ သား, သမီးဟာ နတ်တွေရဲ့ စောင်မ ကြည့်ရှုခြင်းကို ခံရတယ်။

မိဘကို လုပ်ကျွေးနေပါလျှက် ဒုက္ခရောက်မယ် ဆိုရင် အနီးအနားက မမြင်ရနိုင်တဲ့ ကိုယ်စောင့်နတ် အစရှိတဲ့ သက်ဆိုင်တဲ့ နတ်တွေဟာ ဒဏ်ခတ် ခံရလေ့ ရှိတာမို့ စီးပွားရေး, လူမှုရေး အစရှိတဲ့ အလုပ်အကိုင်တွေ အဆင်ပြေအောင် ကူညီလေ့ ရှိတယ်။

ရန်သူမျိုးငါးပါးကြောင့် ပျက်စီးနိုင်တာတွေဟာ မိဘကို လုပ်ကျွေးတဲ့ ဂုဏ်ကျေးဇူးကြောင့် လွယ်လင့်တကူနဲ့ မပျက်စီးနိုင်ဘူး။

အသက်အန္တရာယ် ကြုံတွေ့လာခဲ့ရင်တောင် နတ်တွေက အသက်ဘေးကနေ လွတ်မြောက်အောင် ကူညီ စောင်မလေ့ ရှိတယ်။ ( တော်တော်များများ ကြုံဘူး ကြပါလိမ့်မယ်။ )

မိဘကို ပြုစု, လုပ်ကျွေးနေတာပဲ ဆိုပြီး လူချစ်လူခင် ပေါများမယ်။ ဦးစားပေး ခံရတယ်။

ကိုယ်, နှုတ်, စိတ် ချမ်းသာမယ်။

မိဘ ဆိုတာ ကိုယ့်သားသမီးတွေအတွက် အဖက်ဖက်မှာ ပေးဆပ်ပြီး အသက်တွေ ကြီးလာခဲ့ရတာပါ။

မိဘတို့ရဲ့ သားသမီးတွေအပေါ် ထားတဲ့ မေတ္တာတရားတွေက ဘာနဲ့မှ နှိုင်းယှဥ်လို့ မရနိုင်တဲ့ ခွန်အားတွေပါ။ မိဘတွေရဲ့ မေတ္တာဓာတ်ကို ရရှိတဲ့ သားသမီးတွေဟာ အကောင်းဆုံး ခွန်အားတွေ ရရှိတာပါ ပဲ။

ဘယ် မိဘမဆို သားသမီးကို အမြဲတမ်း မေတ္တာပို့ပေးနေတယ် ဆိုတာ ကိုလဲ နားလည် ထားကြပါ။

အမေ, အဖေ လို့ ခေါ်ခွင့်ရနေတဲ့ ခွန်အားတောင် ဘယ်လောက် ကြီးကျယ်တယ် ဆိုတာ သိချင်ရင် မိဘ မရှိတော့တဲ့ သားသမီးတွေကို မေမြန်း ကြည့်ကြပါ။
ဘယ်လောက် ပင်ပန်း, ပင်ပန်း အိမ်ပြန်ရောက်တာနဲ့ အမေ, အဖေ လို့ ခေါ်ခွင်ရခဲ့မယ် ဆိုရင် ပင်ပန်းသမျှ အကုန် မေ့ပျောက်တယ် ဆိုတာ သားသမီးတိုင်း ခံစား မိမှာပါ။

၃၈-ဖြာ မင်္ဂလာတရားတော်ကို ကျင့်သုံးရင် နိဗ္ဗာန်ကိုတောင် ရောက်ရှိနိုင်တယ် တဲ့။ မာတာပိတု ဥပါဋ္ဌာနံ အမိအဖကို ပြုစု လုပ်ကျွေးတာဟာ နိဗ္ဗာန် ကို ရောက်စေနိုင်တဲ့အထိ အကျိုးပေးတယ် ဆိုတာ ထင်ရှားလှပါတယ်။

ဒါ့ကြောင့် အသက်ကြီးလာတဲ့ မိဘတွေ အိပ်ယာထဲ လဲနေခဲ့ရင်တောင် အိုမင်းမစွမ်း လို့ မသုံးနှုန်း လိုက်ပါနဲ့။

” အိုမင်းပေမဲ့ စွမ်းပါသေးတယ်။ ”

” သားသမီးတိုင်း အသက်ကြီးလာတဲ့ မိဘတွေကို ပြုစုစောင့်ရှောက်တာဟာ နိဗ္ဗာန် အထိ အကျိုးပေးတယ် ” ဆိုတာ ယုံကြည်ကြဖို့နဲ့ ရိုရိုသေသေ လေးလေးစားစား ပြုစု လုပ်ကျွေးကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

🌿မေတ္တာဖြင့် –

Crd :