ဗဟုသုတ

“အကယ်ဒမီပေးပွဲသို့ အိမ်နေအဝတ်အစား၊ ခုံဖိနပ်စီး၍ ဆုတက်ယူခဲ့သော တချိန်က မြန်မာမင်းသမီးချောတစ်ဦး”

မင်းသမီးမြတ်မွန်ကို ငယ်ငယ်ထဲက ကြားဖူးတယ်။ သူနာမည် အရမ်းကြီးစဉ်ကျွန်တော်တို့ ငချွတ်ပဲရှိသေးတော့ မမှီလိုက်ဖူး။ သူ့အကယ်ဒမီဆုတောင် ကိုယ့်ထက် နှစ်နှစ်ကြီးသေးတယ်။ မြန်မာ့ရုပ်ရှင် မင်းသားမင်းသမီးတွေနဲ့ ပတ်သက်ရင် လူကြီးတွေဆီကမကြာခဏ ကြားဖူးနေတာက. မြတ်မွန် ချောချောနုနုလေးကို ဒါရိုက်တာ သာဓုကြီးက ကောက်ယူပစ်လိုက်တာ သာဓုဆိုတာ မောင်ဝဏ္ဏတို့ သုမောင်တို့ အဖေလေ အဖိုးကြီး..

အခုခေတ် ဖေ့စဘွတ် ကျေးဇူးကြောင့် အရမ်းလှတာပဲလို့ ငယ်စဉ်က မကြာခဏကြားဖူးခဲ့တဲ့ မင်းသမီးမြတ်မွန်ရဲ့အလှကို မြင်တွေ့ခဲ့ရပါတယ်။ မင်းသမီးချော ခင်သန်းနု၊ တင်တင်ညို တို့လို မြန်မာမင်းသမီးချော ချောတာမျိုး မဟုတ်ပဲ မြတ်မွန်ရဲ့အလှက ရီးယား မင်းသမီးတယောက်လို ချောတာလို့ မြင်မိပါတယ်။

၁၉၅၉ ခုနှစ် အကယ်ဒမီဆု ချီးမြှင့်ပွဲမှာ ကကြီးရေက ရုပ်ရှင်နဲ့အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်အကယ်ဒမီဆု ရရှိခဲ့တယ်။ မြန်မာ့အသံ မြက်ခင်းပြင်မှာလုပ်တဲ့ အကယ်ဒမီဆုနှင်းသဘင်မှာ တက်ရောက်ဆုယူခဲ့တဲ့ မင်းသမီးချောမြတ်မွန်ရဲ့ ဝတ်စားဆင်ယင်မှုဟာ ခေတ်ရှေ့ နှစ်ငါးဆယ်လောက် ပြေးနေပါတယ်။ ၁၉၅၈ ခုနှစ် ဒါရိုက်တာသာဓု ရိုက်ကူးတဲ့ ကကြီးရေက ဇတ်ကားရိုက်ချိန်က မြတ်မွန်အသက် ၁၆ နှစ်ပဲရှိသေးပြီး မင်းသားထွန်းဝေနဲ့တွဲဘက် သရုပ်ဆောင်ခဲ့ပါတယ်။

မင်းသမီးမြတ်မွန် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားပေါင်း နှစ်ဆယ်ရှိပြီး ဖတ်စကလပ် (First Class), ဇာခန်းဆီးနောက်ကွယ်မှာ နှင့် ၁၉၇၀ ခုနှစ်ထွက်ရှိတဲ့ ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း ရုပ်ရှင်ကား များ အောင်မြင် လူကြိုက်များခဲ့တယ်။ နောက်ဆုံးရိုက်ကူးထားတဲ့ကားက ၂၀၁၉ ခုနှစ်မှာထွက်တဲ့ ဒါရိုက်တာ လူမင်း ရိုက်ကူးတဲ့ နို့ဘီလူး ကားမှာ ပါဝင် သရုပ်ထားပါတယ်။

မင်းသမီးချော မြတ်မွန်ဟာ ရုပ်ရှင်ဒါရိုက်တာသာဓုနှင့် အိမ်ထောင်ကျခဲ့ပြီး တဦးတည်းသောသား အာယု (မေဆွိ နာမည်ကျော် မောင် သီချင်းတေးရေးဆရာ) ရရှိပြီးမြတ်မွန်တို့ လင်မယား ကွာရှင်းခဲ့တယ်။ မင်းသမီးမြတ်မွန်ဟာ အကော်ဒီယံအုန်းကျော်နဲ့ အိမ်ထောင်သစ် ထူထောင်ခဲ့ပြီး သားသမီးလေးယောက် ရရှိခဲ့တယ်။

မင်းသမိးချောမြတ်မွန်ဟာ အောင်မြင်မှုရနေတဲ့ အသက် ၃၂ နှစ် ရုပ်ရှင်လောကမှ အနားယူခဲ့ပါတယ်။ ရုပ်ရှင်မင်းသမီးချော မြတ်မွန်ကို ၁၉၄၂ ခုနှစ် မွေးဖွားခဲ့လို့အခုအသက် ၈၀ ထဲဝင်နေပါပြီ။ ရုပ်ရှင်မင်းသမီးကြီး (ဒေါ်) မြတ်မွန်ဟာ မိသားစုနဲ့ ကျမ်းမာစွာ နေထိုင်လျက်ရှိပါတယ်။

လွင်ဦး (ရန်ကင်း)