News

” စစ်ကောင်စီရဲ့ သင်္ကြန်ပွဲကို ဥပေက္ခာပြုလိုက်တဲ့ မြန်မာပြည်သူတွေရဲ့ ကမ္ဘာကျော်သတင်း “

” မြန်မာဗိုလ်ချုပ်အိုကြီးတွေ ကျင်းပတဲ့ မြန်မာနှစ်သစ်ကူးမှာ ဆင်နွဲသူမရှိ ၊ ထောက်ခံသူမရှိ ၊ အဖော်မရှိပဲ သပိတ်မှောက်ခံရပြီး အသံတိတ်သပိတ်ဖြစ်သွားတဲ့ မြန်မာနှစ်သစ်ကူး ” ဆိုပြီး ဒီနေ့တင်တဲ့ နိုင်ငံတကာသတင်းတွေက ဖော်ပြနေပါတယ် ။

South China Morning Post တရုတ်သတင်းစာက ” အဖော်မရှိ ခြောက်ကပ် တိတ်ဆိတ်နေတဲ့ မြန်မာဗိုလ်ချုပ်များရဲ့ နှစ်သစ်ကူးလို့ ခေါင်းစဉ်တပ်ထားပါတယ် ။ အလားတူပါပဲ ။ AFP , ရိုက်တာ ၊ ဘန်ကောက်ပိုစ့် ၊ RFA ၊ စထရေ့တိုင်းမ် နဲ့ နိုင်ငံတကာသတင်းဌာနတွေမှာ ဒီလိုခေါင်းစဉ်မျိုးပေးထားကြပြီး ခြောက်ကပ် ၊ တိတ်ဆိတ်နေတဲ့ ရန်ကုန်မြို့တွင်းက ဓာတ်ပုံတွေနဲ့ အသိပေးထားတာပါ ။

AFP သတင်းကို ကောက်နုတ်ပြရရင် ……၊

မြန်မာနှစ်သစ်ကူးဆိုတာ ပုံမှန်ဆိုရင် ဆူဆူညံညံ အသံတွေနဲ့ လမ်းတွေပေါ်မှာ တိုးလို့မပေါက်အောင် ရေပက်ဆော့ကစားကြတဲ့ ပွဲတော်ပါ ။ မြန်မာလူမျိုးအမားစုက ဒီရေပွဲတော်ကို အပျော်ဆုံးလို့ ပြောကြပါတယ် ။ သို့ပေမဲ့ ဒီနှစ်မှာတော့ မြန်မာပြည်သူတွေဟာ စစ်ကောင်စီက ကျင်းပတဲ့ မြန်မာသင်္ကြန်ပွဲတော်ကို အဖက်မလုပ်ကြပဲ သပိတ်မှောက်ကြပါတယ် ။ မြို့ကြီးတွေပေါ်မှာ တိတ်ဆိတ်ခြောက်ကပ်နေပြီး အပြင်ထွက်သူလည်းမရှိပါဘူး ။ နိုင်ငံအနှံ့အပြားမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ် ။

AFP သတင်းထောက်ရဲ့ တွေ့မြင်မှု့ကတော့ ….၊

” လမ်းပေါ်မှာ ကလေးအချို့နဲ့ စစ်သားများစွာရှိပြီးတော့ ၊ လူတစ်စုဟာ သဲအိတ်တွေကာထားတဲ့ လုံခြုံရေးစခန်းအတွင်းမှာ အချင်းချင်း ရေပက်နေကြပါတယ် ။

ရေပက်မဏ္ဍပ်တွေဆီကို ဝင်ရတဲ့လမ်းတွေမှာ လုံခြုံရေးထူထပ်စွာ ချထားပါတယ် ။ နိုင်ငံပိုင်ရုပ်မြင်သံကြားမှာတော့ အနုပညာရှင်အချို့ သီချင်းဆိုနေပုံနဲ့ အကအဖွဲ့တွေကို ပြသနေပါတယ် ။ ပြည်တွင်းမီဒီယာတွေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာတော့ စစ်အစိုးရဆန့်ကျင်ရေး သပိတ်မှောက်ဖို့ ပိုစတာတွေကိုင်ထားတဲ့ ပြည်သူတွေကို တင်ပြထားပါတယ် ။ ရန်ကုန် ၊ မုံရွာ ၊ ပဲခူး ၊ မြစ်ကြီးနားမြို့တွေမှာ ဗုံးပေါက်ကွဲမှု့၊ မီးလောင်မှု့နဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ် ။ ” လို့ ရန်ကုန်အခြေစိုက် AFP သတင်းထောက်က တင်ပြထားပါတယ် ။

ဆိုရရင် …….၊

ဒီနှစ်သင်္ကြန်ကတော့ မထင်မှတ်ပဲ အသံတိတ်သပိတ် ဖြစ်သွားတဲ့ သင်္ကြန်ပါ ။ စစ်ကောင်စီက ကျင်းပတဲ့သင်္ကြန်ကို မြန်မာပြည်သူတွေက ဥပေက္ခာပြုလိုက်ရာကနေ ဘယ်သူမှ မထွက်ဝံ့တော့ပဲ ကမ္ဘာကျော်တဲ့အထိ အောင်မြင်သွားတဲ့ အသံတိတ်သပိတ် ဖြစ်သွားခဲ့ပါတယ် ။ ရန်ကုန်- မန္တလေးလို မြို့ကြီးတွေမှာတောင် မြို့တော်ဝန်မဏ္ဍပ်တစ်ခုတည်း ပရိသတ်မရှိပဲ ကျင်းပရတာပါ ။ ဒေါ်နွဲ့နွဲ့ဆန်း ၊ အနုပညာရှင်အချို့နဲ့ နေ့စားတွေလောက်သာ ဖွင့်ပွဲမှာ တွေ့ရပါတယ် ။

စစ်ကောင်စီဟာ အခြေအနေတွေ တည်ငြိမ်နေပြီဆိုတာ ကမ္ဘာကိုအသိပေးချင်တော့ မြန်မာပြည်သားတွေ အရူးအမူးပျော်တဲ့ သင်္ကြန်အချိန်ကို အားခဲထားတာပါ ။ ငွေကုန်ခံပြီးလည်း စီစဉ်ထားပါတယ် ။ ခြိမ်းခြောက်ပြီးတော့လည်း ခိုင်းပါသေးတယ် ။ သို့ပေမဲ့ ပြည်သူတွေကတော့ တစ်သက်စာအပျော်နဲ့ တစ်နှစ်စာအပျော်ကို ကျေကျေနပ်နပ်လဲလိုက်ကြပါတယ် ။

(ခြောက်ကပ်နေတဲ့ ရန်ကုန် သင်္ကြန်)

မြို့ကြီးတွေပေါ်မှာ သင်္ကြန်ပွဲစည်ကားဖို့ ကြိူးစားနေပေမဲ့ နယ်တွေမှာတော့ စစ်ကောင်စီဟာ ရှိသမျှလူအင်အားနဲ့ တောင်ပြေး ၊ မြောက်ပြေး ပြေးပြီး စစ်ဆင်နေရပါတယ် ။ အတိတ်နိမိတ်တွေ ယုံတဲ့ စစ်ကောင်စီအတွက် နှစ်သစ်ကူးချိန် အတိတ်နိမိတ်ကတော့ မလှပခဲ့ပါဘူး ။ လေးကေ့ကော်မှာ လေတပ်ကနေ မှားယွင်းဗုံးချမိတဲ့အတွက် စစ်လက်နက်ကိုင် ၄၀ ကျော် သေဆုံးသွားခဲ့တာဟာ နည်းပညာခေတ်အတွက် မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ် ။

လူမရှိတဲ့ မန်းလေး

ကျန်နေတဲ့ စစ်ကောင်စီလက်နက်ကိုင်တွေ ငေးငိုင်တွေဝေသွားစေတဲ့ အရှင်လတ်လတ် အဖမ်းခံထားရသူ ဗိုလ်ကြီးတစ်ယောက်ရဲ့ ဓာတ်ပုံကလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေပါတယ် ။

ပြည်သူတွေရဲ့ သင်္ကြန် ဆန္ဒပြပွဲများ

သင်္ကြန်ကို အခွင့်အရေးယူမဲ့ စစ်ကောင်စီရဲ့ အကြံဟာ သဲထဲရေသွန်သလို ဖြစ်သွားခဲ့ရပြီး ကမ္ဘာကပါ မြန်မာပြည်သူတွေရဲ့ သဘောထားကို ကွက်ကွက်ကွင်းကွင်း မြင်သွားခဲ့ရတာပါ ။ တရုတ်သတင်းစာကတောင်” မြန်မာနှစ်သစ်ကူးမှာ အဖော်မဲ့သွားတဲ့ မြန်မာစစ်ဗိုလ်ချုပ်များ ” ဆိုပြီး ရိသဲ့သဲ့ရေးထားပါသေးတယ် ။
ဆိုတော့ ……..၊

မြန်မာပြည်သူတွေဟာ တစ်သက်စာအပျော်နဲ့ တစ်နှစ်စာအပျော်ကို ခွဲခြားသိမြင်သွားခဲ့ပါပြီ ။ စစ်ကောင်စီလက်နက်ကိုင်တွေအနေနဲ့ အခြေအနေကို စဉ်းစားတတ်ဖို့ပဲလိုပါတယ် ။

” တို့ပြည်သူတွေ ညီတယ်ဟေ့ ))))))))))))))) ”

ဘကြီးအောင် LA

13 April, 2022