Cele News

“ပုဒ်မ (၅၀၅) ထုတ်ခံရတဲ့ တစ်နှစ်ပြည့်နေ့မှာ သူမဖြတ်သန်းခဲ့ရတဲ့ ထိတ်လန့်စရာ အခြေအနေတွေကို ရင်ဖွင့်လာတဲ့ ဖြူဖြူကျော်သိန်း”

စာအရှည်ကြီးပါ။

အလုပ်တွေပြန်လုပ်တော့မယ့်အကြောင်းမဟုတ်လို့ ရဲရဲဆက်ဖတ်နိုင်ပါတယ်။

#ဧပြီလ ၁၃ ရက်…မနှစ်ကဒီနေ့။

၅၀၅ ပါတဲ့နေ့ပေါ့။

ည ၈ နာရီသတင်းမှာ ကြေညာသွားတာမသိလိုက်ဘူး။ သံပုံးကို ၁၅ မိနစ်ပြည့်အောင်တီးနေတာ။ ပြီးမှ ဖုန်းကြည့်မိတော့ missed call တွေ၊ message တွေ အများကြီးနဲ့ လှမ်းပြောထားကြတာ။

ဒါနဲ့ အဆင်သင့်ပြင်ထားတာ ၁၀ ရက်လောက်ရှိပြီဖြစ်တဲ့ ကျောပိုးအိတ်လေးရယ်၊ လက်ဆွဲအိတ်တစ်လုံးရယ်၊ အမေ့ဆေးဖိုးအတွက် မနက်က ATM မှာတန်းစီထုတ်လာတဲ့ ပိုက်ဆံထဲက ဆေးဝယ်ပြီးကျန်တာရယ် (အမေက အကုန်ယူသွားလိုက်ပါသမီးရယ်၊ အမေနောက်မှ ကြည့်စီစဉ်မယ်ဆိုတော့ အားနာနာနဲ့ပေါ့) ယူလာခဲ့တယ်။

ပြေးဖို့အိတ်က ဘာလို့ ကြိုပြင်ထားရလဲဆိုရင်…ခု လူတွေပြောပြောနေသလိုပဲ…ကိုယ့်ဝမ်းနာကိုယ်သာသိမို့လို့။ ကိုယ်ဆိုသည်မှာ မုန့်‌ဝေရင်သာ မရတာ၊ တုတ်ဆိုလို့ကတော့ ထိပ်ဆုံးကရအောင် အရောက်ပို့ခံနေရကျ။ ဆိုင်ရာပိုင်ရာအသိုင်းအဝိုင်း‌ကျောထောက်နောက်ခံလည်း မရှိတော့ တစ်ခုခုဆို ကားခနဲ မိနေကျ။

အတော်ပဲ…ပြင်ထားတဲ့ အထုပ်လေးဆွဲပြီး မနက် curfew ရုပ်တဲ့အချိန် လာခေါ်ပေးတဲ့ သူငယ်ချင်း ကားပေါ် တက်လိုက်လာခဲ့တာ နောက်ထက်လပေါင်းများစွာ။ အမေနဲ့အဖေနဲ့၊ အိမ်နဲ့ ဝေးရာဆီပေါ့…။

#ဧပြီလ ၁၄ ရက်။

အဲ့ဒီအချိန်က အဖမ်းအဆီးကလည်းအရမ်းကြမ်း။မိဘမတွေ့ သားသမီး၊ သားသမီးမတွေ့ မိဘ ဖြစ်နေတဲ့အချိန် ဆိုတော့…သူငယ်ချင်းအိမ်မှာ အထုပ်ချပြီးတာနဲ့ လူမမာမိဘနှစ်ပါး ရှောင်ဖို့စီစဉ်ရတော့တာ။ အဖေ က Alzheimer နောက်ဆုံးအဆင့်။ စကားလည်း မပြောတတ်တော့ဘူး၊ ထမင်းလည်းမစားတတ်တော့ဘူး၊ ကလေးလေးလို diaper တပ်ထားရတာ၊ လမ်းတောင် အနိုင်နိုင်လျှောက်ရတာ။ ကိုယ့်ကိုတောင် မှတ်မိတချက်၊ မမှတ်မိတချက်။ အဲ့ဒါကို နှလုံးရော၊ ဒူးနှစ်ဘက်လုံးရောခွဲထားတဲ့ အမေက ကြည့်နေရတာ။

သူတို့နေ့စဉ်သောက်နေကျဆေးတွေက ကိုယ်တိုင် ဆေးခွက်လေးတွေထဲ တစ်လစာ အမြဲထည့်ထည့်ပေးထားရတာ။

အဲ့ဒီလို လူအိုလူနာ နှစ်ယောက်၊ ဝရမ်းပြေးရဲ့ မိဘတွေကို လက်ခံပေးထားခဲ့တဲ့ မိတ်ဆွေကောင်းတွေရှိတာလည်း ကြီးမားတဲ့မင်္ဂလာတစ်ပါးပါ။ ကိုယ်မရှိတာတောင် ဆက်နေပေးပြီး ကိုယ့်မိဘ နှစ်ပါးကို ပြုစုပေးခဲ့တဲ့ ကိုယ့်တပည့်မလေးလည်း ကျေးဇူးပါ။

#ဧပြီလ ၁၆ ရက်။

အပြင်မှာဘာတွေ ဖြစ်နေမှန်းမသိတော့ဘူး။

digital security အတွက် phone ပြောင်း ၊ social media တွေကပါ အောက်ထားလိုက်တာ။ ကိုယ်ပုန်းတဲ့ အိမ်ရဲ့ဝရံတာ ထွက်ဖို့မပြော

နဲ့…ပြတင်းပေါက်နားတောင်မရပ်ရဲဘူး။ ကိုယ့်ရုပ်၊ ကိုယ့်အသံ ဆိုတာကလည်း စက္ကန့် ၃၀ အတွင်း အလွယ်တကူ မှတ်မိနိုင်သောလေ။ ဒါပြီး ဘယ်ဆက်ပြေးရမှန်းလည်းမသိ။

အဲ့ဒီလိုနဲ့‌…ခွေးနေရာမရဖြစ်နေတဲ့အချိန်၊ အပြင်ကသတင်းကြားပါလေရော။ ဖြူဖြူကျော်သိန်းက သကြန်မဏ္ဍပ်မှာ သီချင်းသွားဆိုလို့ဆိုပြီး ဝိုင်းရှုံ့ချနေကြတယ်တဲ့။ ဘာအထောက်အထားမှမရှိ၊ ဘာဓါတ်ပုံ video မှမပါ။ အဲ့လိုသတင်းတုကို အဲ့လောက်လွယ်လွယ်ယုံကြသလားပေါ့။ ဒီရုပ်ဒီရည်ဒီအသံဟာ ကြာကြာလိမ်လို့ရတာမှ မဟုတ်တာလေ။ တကယ်ကို ဆွံ့အပါတယ်။ ‌‌

Way Way Nay ဆိုတဲ့ application ထဲပါကောက်ထည့်လိုက်တာတဲ့။ ဪ…ကိုယ်ဆိုတဲ့ figure ဟာ၊ ဟုတ်မဟုတ် verification လုပ်ဖို့ ဘာများခက်နေကြလို့လဲ? ရန်သူရဲ့ လက်နက်ထက် မိတ်ဆွေထိုးတဲ့ နောက်ကျောကဓါးဟာ ပိုနက်တယ်ဆိုတာ အဲ့လိုမျိုး။ ပညာတွေလည်းရပါတယ်။ social media ပေါ်လည်း တက်မဖြေရှင်းနိုင်ဘူး၊ security ပေါက်မစိုးလို့ရယ်။ နောက် အရမ်းစိတ်ပျက်သွားခဲ့လို့ရယ်…..။

ကိုယ်နေတဲ့ အရပ်ဒေသဟာ လူတွေရဲ့ သမိုင်းပထဝီ ရပ်တည်မှူ ဆိုတာတွေကို တစ်စက်ကလေးမှ ထည့်သွင်းစဉ်းစားလေ့မရှိပါလားလို့ရယ်….။

#ဧပြီလ ၂၁ ရက်…မွေးနေ့မတိုင်ခင်ည။

ကိုယ့် location ကို ဒလံ ဆိုပြီးနာမည်ကြီးနေတဲ့သူ သိသွားပုံရတယ်လို့ ကိုယ့်အိမ်ရှင်က ပြောလာတယ်။ နောက်ထပ် location တစ်ခု အမြန်ရှာပေတော့ပေါ့။ အင်း…အိမ်ပေါ်ကအိမ်အောက်ဆင်းပြီး location ပြောင်းရတဲ့အချိန်…ရုပ်ဖျက်ပြီး အကြီမ်ကြိမ် ဖုန်းနဲ့ ဓာတ်ပုံရိုက်ကြည့်…”ငါ ဖြူဖြူကျော်သိန်းနဲ့တူနေသေးလား”လို့ …ဘယ်လောက် ကမ္ဘာတွေပျက်လဲဆိုတာ တကယ်ပြေးဖူးမှပဲ သိလိမ့်မယ်။

အဲ့ဒီလိုနဲ့ ၅၀၅ က ပြန်လွတ်တဲ့ အောက်တိုဘာ ၁၈ ရက်နေ့ထိ ဝရမ်းပြေးကာလ ၆ လကျော်အတွင်း မှာ location အကြိမ်ကြိမ်ပြောင်းရင်း၊ မိတ်ဆွေသစ်တွေလည်း သိခွင့်ဆုံခွင့်ရခဲ့တယ်။ တခါမှမသိဖူးပေမယ့် risk ယူပြီး နေရာထိုင်ခင်းပေးခဲ့သူတွေကိုလည်း ထာဝရကျေးဇူးတင်မှတ်မိနေပါမယ်။ ခုချိန် ထုတ်ဖော်မရေးသားနိုင်ပေမယ့် အမြဲသတိရ ဆုတောင်းပေးနေပါတယ်။

ဒီထက်ပိုပြီး အကျယ်ချဲ့ကျေးဇူးတင်လိုပေမယ့်၊ကူညီပေးခဲ့သူတွေရဲ့ လုံခြုံရေးအတွက်၊ အတိုချုံ့လေးပဲရေးပြရတာ နားလည်ပေးပါနော်။

ပြေးရင်းလွှားရင်း သိဖူးမြင်ဖူးခဲ့သူတွေလည်း ကျေးဇူးပြုပြီး မသိခဲ့သလိုလေးပဲ ဆက်နေပေးပြီး ကူညီပေးပါလို့။

#ဧပြီလ ၂၂ ရက်။

အသက် ၄၀ ပြည့်တဲ့ညကို “ငါဒီည အဖမ်းခံရတော့မလား” ဆိုတဲ့ စိတ်ကြီးနဲ့ ဖြတ်သန်းခဲ့ရတယ်။

ဘဝစတယ်လို့ဆိုကြတဲ့ အသက်ပေါ့လေ…။

ဟုတ်မှာပေါ့…ဘဝအစဆိုတော့ ကျောပိုးအိတ်တစ်လုံး၊ ဂစ်တာတစ်လက် ကလွဲ ဘာမှပါမလာခဲ့ဘူး…။

#ခုလက်ရှိ…။

ကိုယ်လွတ်လပ်ခွင့်ရပေမယ့်…ဘာလေးပဲလုပ်ရ၊ စားရ၊ သွားရ…ကိုယ်နဲ့ဘဝတူ ပြေးခဲ့ရဖူးသူတွေ၊ ပြေးနေရဆဲလူတွေ၊ ကိုယ့်ထက်အဆမတန် ပိုခက်ခဲနေရတဲ့သူတွေကိုပဲ ပြေးမြင်မိတယ်။ အားလုံးအတွက် တစ်ရက်မပျက် သတိရဆုတောင်းပေးနေပါတယ်🙏 ။

It will never be the same again.