ပူတာအို – ဧပြီ ၁၁ ၊ ၂၀၂၂ ။
ပူတာအိုမြို့၊ ဆာရ်ခွမ်ဒမ်းကျေးရွာတွင် ဒေသအခေါ် တောမှိုကို ချက်ပြုတ်စားရာမှ အစာအဆိပ်သင့်ခဲ့သောကြောင့် ကလေးငယ်နှစ်ဦးသေဆုံးပြီး မိခင်ဖြစ်သူမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်းသိရသည်။
ဆာရ်ခွမ်ဒမ်းကျေးရွာရှိ အလယ်တန်းကျောင်းဝင်းမှ ခူးလာသော တောမှိုကို ဧပြီလ ၆ ရက်နေ့က ချက်ပြုတ်စားရာမှ သားအမိသုံးဦးစလုံး အစာအဆိပ်သင့်ခဲ့ကြောင်း ၎င်းမိသားစုနှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ကျောင်းဝင်းက သားနဲ့သမီးက ခူးလာတဲ့ မှိုကို အမေကို ချက်ပေးပါလို့ ပူဆာလိုက်တာ အမေက ချက်ပေးလိုက်ပြီး သုံးယောက်လုံး စားမိလိုက်တာ။ မနက်သုံးနာရီက အန်လာပြီ ။ အန်ဖတ်စားတဲ့ ခွေးအရင် သေသွားတာ။ သားအမိသုံးယောက်စလုံးဆေးရုံတင်။ သားနဲ့သမီးက အောက်စီဂျင်ရှူတဲ့အဆင့်နဲ့ကြုံခဲ့ပြီး ၉ ရက်ညမှာ သမီးလေးဆုံးသွားပြီး သားလေးက ၉ ရက်ည သန်ခေါင်ချိန်ဆုံးတာ။ သူ့အမျိုးသားက မစားလိုက်ဘူး” ဟုပြောသည်။
မှိုအဆိပ်သင့်ကာ သေဆုံးသွားသော အသက် ခုနှစ်အရွယ်ရှိ သမီးဖြစ်သူ၏ ရုပ်အလောင်းကို ယမန်နေ့က သဂြိုဟ်ခဲ့ပြီး ယမန်နေ့ညက သေဆုံးသွားသော အသက်လေးနှစ်အရွယ် သားဖြစ်သူ၏ရုပ်အလောင်းကို ယနေ့ သဂြိုဟ်ခဲ့ကြောင်း သူကပြောသည်။
မိခင်ဖြစ်သူ ကျောင်းဆရာမ ဒေါ်ခင်ဌေးကြွယ်သည် ကျန်းမာရေးအခြေအနေ စိုးရိမ်ရသဖြင့် ဧပြီလ ၁၂ရက်နေ့(မနက်ဖြန်) တွင် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သူကပြောသည်။
မှိုအဆိပ်သင့်သော ဆရာမမိသားစုသည် စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ်မှ ပူတာအိုမြို့ ဆာရ်ခွမ်ဒမ်းကျေးရွာရှိ အလယ်တန်းကျောင်းတွင် တာဝန်ကျသောကြောင့် ပြောင်းရွှေ့လာသော မိသားစုဖြစ်သည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း ပူတာအိုမြို့မှ ဦးရင်ထန်ဆင်နှင့် ၎င်း၏သူငယ်ချင်းအမျိုးသားတစ်ဦးသည် တောမှိုစားမိသောကြောင့် အဆိပ်သင့်ကာ သေဆုံးခဲ့သည်။
ကမ္ဘာပေါ်တွင် မှိုအမျိုးအစားပေါင်း တစ်ထောင်ကျော်ရှိကာ အမျိုးအစား ၅၀ခန့်သည် အဆိပ်ရှိပြီး အဆိပ်ရှိသောမှိုများအနက်မှ အချို့မှာ ပြင်းထန်စွာ အဆိပ်သင့်စေပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်။
မှိုတွင် အဆိပ်ရှိ၊ မရှိ စမ်းသပ်ရန်နည်းလမ်းမှာ မှိုကိုလက်ဖြင့် ညစ်ကြည့်ပါက အညိုကွက်များ ဖြစ်ပေါ်လာခြင်းနှင့် ချေကြည့်ပါက သွေးရောင်ထွက်လာခြင်း၊ မှိုဟင်းအတွင်းစတီးဇွန်း(သို့မဟုတ်) ဓါးဖြင့်မွှေကြည့်ပါက မှိုဟင်းမဲသွားခြင်း၊ မှိုဟင်းအတွင်း ကြက်သွန်နီဥ ထည့်လိုက်ပါက ကြက်သွန်နီဥမဲသွားခြင်း၊ မှိုကိုဆားရည်တွင် စိမ်လိုက်ပါက အရောင်မဲလာခြင်းတို့ဖြစ်ပေါ်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အသိပညာပေး ထုတ်ပြန်ချက်အရသိရသည်။
Photo – CJ