ဗဟုသုတ

“ရာဇဝင်ထဲမှ မြတပူ (သို့မဟုတ်) ရှေးခေတ် မြန်မာ့အမြောက် အကြောင်း”

ရှေးခေတ်က မြန်မာ့စစ်တပ်အတွက် အားထားရသော စစ်လက် နက်ပစ္စည်းများတွင် အမြောက်၊စိန်ပြောင်း၊ မြတပူ ဟူ၍ ပါရှိသည်ကို သမိုင်း လေ့လာဖူးသူတိုင်း သတိထားမိကြမည်ဟု ထင်ပါသည် ။

ရှေးခေတ် မြန်မာ့စစ်လက်နက်ခဲယမ်းမီးကျောက် ပစ္စည်းများ၌ အမြောက်၊ စိန်ပြောင်း၊ မြတပူ တို့သည် ထူးခြား၍ စိတ်ဝင်စားဖွယ် ကောင်းပြီး အသုံးဝင်သော စစ်လက်နက် ပစ္စည်းများ ဖြစ်ကြသည်။

အမြောက်သည် စစ်ရေးတွင်များစွာ အားထားရသော လက်နက်ပစ္စည်းတစ်ခု ဖြစ်သည်သာမက နှစ်နိုင်ငံ ချစ်ကြည်ရေး ဧည့်သည်တော် များအား ကြိုဆိုရာတွင် လည်းကောင်း၊ နိုင်ငံရေးအရ အချက်အချာကျသော နေ့ထူးနေ့မြတ်ကြီးများ ကျင်းပရာတွင် လည်းကောင်း၊ အမြောက်ကို တခမ်း တနား ပစ်ဖောက်ကာ ဂုဏ်ပြုလေ့ ရှိသည်။

ထိုစစ်လက်နက်များ ဖြစ်ကြသော အမြောက်၊ စိန်ပြောင်း နှင့် မြတပူ တို့ထဲတွင် မြတပူ ဆိုသော ထူးဆန်းသော နာမည်ရှိသည့် အမြောက် လက် နက်ကို စာဖတ်သူများ သတိထားမိကြပါလိမ့်မည် ။

ထိုမြတပူ ဆိုသော အမြောက်လက်နက်ဟာ အခြားသော စိန်ပြောင်း ၊ အမြောက်များ နှင့် ပုံပန်းသဏ္ဌာန် မည်သို့ ကွာခြားသည်၊ အသုံးပြုပုံ အသုံး ဝင် ပုံခြင်း မည်သို့ ကွာခြားသည်ကိုလည်း ခွဲခြား သိချင်ကြမည်ဟု ယူဆသဖြင့် မြတပူအကြောင်း ရှာဖွေလို့ ရသမျှကို တင်ဆက်ပေးပါရစေ။

စိန်ပြောင်း၊ အမြောက်၊ မြတပူ ဟူသော အသုံးအနှုန်းကို အစောဆုံးတွေ့ရှိရသည်မှာ သက္ကရာဇ် ၇၆၆ – ၇၆၇ ခုနှစ်များတွင် ရာဇာဓိရာဇ်နှင့် ဘုရင်မင်းခေါင်တို့ ဆင်နွှဲသော မွန် – မြန်မာ နှစ်လေးဆယ် တိုက်ပွဲများတွင်မှ တွေ့ရှိရ၏။

မွန်ဝန်ကြီး ဗညာဒလ ရေးသားပြုစုသော မှန်နန်း ရာဇ၀င်တော်ကြီး ၌ “မွန်မင်း ရာဇာဓိရာဇ်လည်း ဟံသာဝတီက ဆန်တက်၍ ပြည်မြို့သို့ရောက်လျှင် အကြိမ်ကြိမ် လုပ်ကြံသည်။

ပြည်မြို့တွင်းက ပြောင်းသေနတ်၊ အမြောက် မြတပူ တို့နှင့် ပြင်းစွာ ပစ်ခတ် သောကြောင့် မြို့ကို မတက်ဝံ့၊ သူရဲသူခက် အသေ အပျောက်များလျှင် ပြည်မြို့က ခွာ၍ မြေထဲသို့ ဆန်ရလေ၏” ဟု ဖော်ပြထားသည်။

ထို့ကြောင့် မြတပူ ဟူသော စစ်လက်နက်ဟာ အင်းဝ – ဟံသာဝတီ နှစ်လေးဆယ် စစ်ပွဲအတွင်း အသုံးပြုခဲ့သော နှစ်ပေါင်း ၄၀၀ ကျော် သက်တမ်းရှိ စစ်လက်နက် ဖြစ်ကြောင်း ကောက်ချက် ချနိုင်ပါသည် ။

ထို မြတပူ၏ ပုံပန်းသဏ္ဌာန် နှင့် အမြောက် စိန်ပြောင်း တို့မှာ ဆင်တူသော်လည်း ကွဲပြားခြားနားမှုတော့ ရှိပါသည် ။

မြတပူ ဟာ အမြောက် စိန်ပြောင်းကဲ့သို့ ပြောင်းတို၊ ပြောင်းရှည် များအတွင်း ဗုံးသီး၊ ဗုံးဆန်ထည့်ပြီး နောက်မှ ယမ်းကို မီးရှို့ပေါက်ကွဲစေပြီး ဗုံးသီး၊ ဗုံးဆန်ကို ယမ်းပေါက်ကွဲအားဖြင့် တွန်းထုတ်စေသော လက်နက်မျိုး မဟုတ်ပါ။

မြတပူတွင် အသုံးပြုသော ပြောင်းသည် အတန်ငယ်ရှည်သော ပြောင်းရှည်ဖြစ်ပြီး ၎င်း ပြောင်းရှည်ကို ကြေးသွန်း၊ ငွေသွန်းပြီး ပေါ့ပါးအောင် လုပ်ထားသည်ဟု သိရသည် ။

ထို့နောက် အလွယ်တကူ ရွှေ့ပြောင်း၍ ရအောင် ဘီးတပ်လှည်း၊ ယဉ်များတွင် တင်၍ အသုံးပြုရသည်။

မြတပူသည် အမြောက် စိန်၊ပြောင်းတို့လောက် လေးပင်မှု မရှိပဲ ပြောင်းသည်လည်း သိပ်ထူခြင်း မရှိဟု ဆိုသည် ။

ထို့အပြင် အမြောက်၊ စိန်ပြောင်းကဲ့သို့ ပြောင်းတွင် နောက်ပိတ်မပါပဲ ဒိုးရှိုပေါက်ဟု သိရသည်။ ထို့ပြင် ယမ်းကိုပုံကာ မီးရှို့ရသော နားခွက်လည်း မပါချေ။ မြတပူသည် ပြောင်းဝ ၄လက်မ မှ ၆လက်မ အထိ ကျယ်ပြီး ၄ပေ မှ ၆ပေ အထိ ရှည်လျားလေ့ ရှိသည်”ဟု ဖော်ပြထားသည်။

မြတပူတွင် ထည့်သွင်း အသုံးပြုရသည့် အရာမှာ ဗုံးဆံ၊ ဗုံးသီးကဲ့သို့ လုံးဝန်းသောသံလုံး၊ ကြေးလုံး မဟုတ်ပဲ ၊ ဒုံးပျံကဲ့သို့ ရှည်ပြီး၊နောက်တွင်လည်း ပဲ့ထိန်းကဲ့သို့ အမြီးပါသော ယမ်းချောင်း၊ ယမ်းတောင့်သာ ဖြစ်သည် ။

ထိုအရာဟာ ဘာနှင့်ဆင်တူသလည်း ဆိုတော့သီတင်းကျွတ် ကာလတွင် ကလေးများ ကစားလေ့ရှိသော ရွှီးဒိုင်းနှင့်တူသည် ။

ယမ်းစကြိုးကို မီးရှို့လိုက်ပါက ရွှီးဒိုင်းသည် သူ့ဟာသူ လေပေါ်သို့ တွန်းကန်ပြီး တက်သွားကာ အရှိန်ကုန်သည့်အခါ ပေါက်ကွဲသွားသကဲ့သို့ပင် မြတပူကျည် တောင့်ဟာလည်း

သူ့ အတောင့်အတွင်း ထည့်သွင်းထားသော ယမ်း၏ ပေါက်ကွဲအားကိုပင် အရှိန်ယူကာ လေပေါ်သို့ တွန်းကန် တက်သွားပြီး အရှိန် ကုန်ပါက ပေါက်ကွဲသွားသည့် အမျိုးပင်ဖြစ်သည် ။

ရွှီးဒိုင်း အကြီးစားသဘောမျိုး ဖြစ်သော်လည်း အမြီးပါရှိသောကြောင့် လိုရာခရီးကို တည့်မတ်စွာ ရောက်ရှိစေပြီး ချိန်ထားသော ပြောင်း၏ လမ်းကြောင်းပစ်မှတ် အတိုင်းပင် လွဲချော်မှု မရှိစေပဲ လိုရာသို့ တည့်မတ်စွာ ရောက်ရှိ ပေါက်ကွဲစေနိုင်သည်။

မြတပူတောင့် ပြုလုပ်ရာတွင် ဒုံးကျည်ကဲ့သို့ ရှည်သော လုံးဝန်းသော ကျည်ဆံတောင့်ဖြစ်အောင် ၊အခေါင်းပေါက် ဖြစ်အောင် ကြေး၊သံကျွတ်များဖြင့် သွန်းရသည်ဟုဆိုသည် ။

တခါတရံ ကြေး၊ သံ မရနိုင်တဲ့ အခါများမှာ မီးသင်းထားသော ဝါးဆစ်ကိုပင် အသုံးပြုသည်ဟု သိရသည်။

ထို ကျည်ဆံတောင့် အတွင်းထဲသို့ပထမဦးစွာ ကန့်နှင့်ရောထားသောယမ်းပြင်းကို ကျစ်လစ်အောင်သိပ်သည်းစွာ သုံးပုံ တစ်ပုံခန့် ထည့်ရသည် ။ အဲဒီနောက်တွင်မှ ယမ်းစိမ်း၊ မီးသွေးမှုန့်၊ ကျောက်မှုန့်၊ မီးစုန်း၊ ကန့်တို့ အချိုးချ စပ်ထားသော ယမ်းပျော့မှုကို သိပ်ထည့်ရသည်။

ထို့နောက် ယမ်းကြိုးကို အလယ်အူကြောင်းတွင် ထည့်သွင်းပြီး နောက်ပိတ်ကို လေလုံအောင် ချိတ်ဖြင့် ပိတ်ရသည်ဟု ဆိုသည် ။ ထို့အပြင် အရှေ့သို့ တည့်မတ်စွာ ပျံသန်းသွားနိုင်ရန် အနောက်တွင် အမြီး တပ်ပေးရသည်။

ထို့နောက် ယမ်းကြိုး ရေမစိုအောင် ခြောက်သွေ့စွာ ထားရသည်။

အသုံးပြုသည့်အခါ မြတပူ ကျည်ဆံတောင့်ကို ပြောင်း၏ အနောက်မှ ထည့်သွင်းပြီး ယမ်းကြိုးပေါ်အောင် ထားရသည် ။

ထို့နောက် ဘီးတပ်လှည်းနှင့် ပြောင်းကို လိုသလိုရွေ့ကာ ပစ်မှတ်ကို တည့်မတ်စွာချိန်ပြီး ယမ်းကြိုးစနက်တံကို မီးရှို့ရသည်။

ယမ်းကြိုးစနက်မှ မီးဟာ ပထမဦးစွာ ယမ်းပျော့ကို ကူးသွားသည့်အတွက် မြတပူဟာ အားတခုဖြင့် ပေါက်ကွဲတွန်းကန်ပြီး ပြောင်းတလျှောက် အရှိန်ပြင်းစွာ ပျံထွက်သွားသည်။

ထို့နောက် တဖြေးဖြေး မီးဟာ မြတပူတောင့် အရင်းနားရှိ သိပ်သည်းဆပြင်းသော ယမ်းပြင်းရှိရာနေရာ အရောက်တွင် မြတပူသည် ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည် ။

ထို့ကြောင့် မြတပူလက်နက်ဟာ အမြောက် ၊ စိန်ပြောင်းကဲ့သို့ အလှမ်းကွာဝေးသော ပစ်မှတ်များကို မှန်းဆပြီး အဝေးကနေ ပစ်ခတ်၍ မရသော်လည်း မြို့သိမ်းတိုက်ပွဲများနှင့် အနီးကပ် ရင်ဆိုင်တိုက်ပွဲများတွင် ပစ်မှတ်များကို တည့်မတ်စွာ ပစ်ခတ်နိုင်သည့်အတွက် များစွာ အသုံးဝင်လှသည်။

မြန်မာ့စစ်သမိုင်းတွင် မြတပူကို အထူး အားကိုးအားထား ပြုခဲ့ကြောင်း ဦးကုလားရာဇဝင်နှင့် မှန်နန်းရာဇဝင်တော်ကြီးတွင် ဖော်ပြခဲ့သော သက္ကရာဇ် ၇၇၁ခုနှစ်တွင် ဘုရင်မင်းခေါင်နှင့် ရာဇဓိရာဇ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ‘ဘားနံတိုက်ပွဲ’ အကြောင်းတွင် အထူးတလည် ပါရှိသည်။

ကုန်းဘောင်ခေတ်ဦးတွင်လည်း အမြောက် နှင့် စိန်ပြောင်း ၊ မြတပူတို့ ကို အလေးပေး ထုတ်လုပ်သုံးစွဲခဲ့ကြောင်း ကုန်းဘောင် ခေတ် စစ်သမိုင်းများတွင် ပါရှိသည်။

အယုဒ္ဓယမြို့ကို ဝန်းရံ လုပ်ကြံစဉ်က “ကျည်ဝ နှစ်မိုက်၊ အလျား ခုနှစ်တောင်၊ ကျည်စေ့လုံးပတ် နှစ်ထွာ၊ အချိန် ငါးဆယ် ထိုဗုံးအမြောက်နှင့် မီးဖြူမီးဝါ သွတ် ထားသော မြတပူဆန်တို့ဖြင့်

ညနေညနေတိုင်း … မြို့တွင်းသို့ ဆယ်လုံး ဆယ်လုံးစီမပြတ်ပစ်ခတ်” စေကြောင်း ယိုးဒယား – မြန်မာ စစ်သမိုင်းမော်ကွန်းတွင် ပါရှိလေသည်။

ကိုးကား – သန်းဝင်းလှိုင် (မြန်မာအမြောက်)

– မှန်နန်းရာဇဝင် ( ဦးကုလား)

– ဦးမောင်မောင်တင်

( ရွှေနန်းသုံးဝေါဟာရအဘိဓာန်)