News

“ငါးသေအပုပ်နံ့ကြောင့် ထိုင်းငါးဖမ်းလှေပေါ်မှာ သေ. .ဆုံးခဲ့ရတဲ့ မြန်မာ (၃)ဦး”

ဧပြီ ၃၊ ၂၀၂၂

ထိုင်းနိုင်ငံ တောင်ပိုင်း ပါတနီမြို့က ငါးဖမ်းလှေပေါ်က စွန့်ပစ်ငါးသေအပုပ်နံ့ ကြောင့် မြန်မာအလုပ် သမား(၃)ဦး သေဆုံးခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ MWRN ကနေ သိရပါတယ်။ ပင်လယ်ထဲမှာ(၁၀) ရက် ကျော်ကြာ ငါးဖမ်းပြီးပြန်လာတဲ့ လှေကမ်းအဝင်လမ်းခရီးမှာ ငါးအပုပ် (စွန့်ပစ်ငါး/ တိရိစ္ဆာန်အစာလုပ်ရန်ငါး) တွေ ထားထားတဲ့အခန်းမှာ ငါးပါကင် သွားတူးရာမှာ ထွက်လာတဲ့ ဂက်စ်နံ့တွေကြောင့် မတ်လ(၃၁)ရက်မှာအဆိပ်သင့် ပြီးသေဆုံးသွားတာဖြစ်ပါတယ်။

“ကမ်းကိုဝင်လာလို့ ကမ်းကိုရောက်ခါနီးမှာ ငါးပါကင်ဆိုတာက သုံးမရတဲ့ငါး တွေ ကြက်စာ ဘဲစာ ငါးစာတွေလုပ်တဲ့ဟာတွေပေါ့ အဲ့လိုငါးပါကင်တူးတဲ့အခါ ငါ့းပါကင်အခန်းက ဂတ်စ်ဖြစ်နေတာသိရတာ။ ဂတ်စ်ဖြစ်ပြီးသေတာ။ ၁၀ရက် ၁၅ရက်ကြာလာတဲ့အခါ ငါးပါကင်ကို ရေခဲထည့်တာနည်းတာရယ် ဆားကြမ်း ထည့်တာနည်းတဲ့အခါ ငါးတွေကလူကိုသေစေနိုင်တဲ့ဂတ်စ်ထွက်တယ်။

နောက် တချက်က စက်ဆရာက ထိုင်းလူမျိုး သူကငါးပါကင်ထဲကအပုပ်ရေတွေကို စက်ခန်းထဲကစုတ်မထုတ်ဘူး သန့်ရှင်းရေးမလုပ်တဲ့အခါ အညစ်အကြေးတွေ က လှေမှာဂတ်စ်တက်သွားတာပေါ့။ အသက်ရှုကြပ်ပြီး လူကိုသေစေနိုင်တဲ့ ဟာမျိုး အဆိပ်သင့်တဲ့ဓါတ်ငွေ့တွေဖြစ်ကုန်တာ။” လို့ သေဆုံးသူ(၃)ဦးနဲ့ ပတ်သက်ပြီး လိုက်လံဆောင်ရွက်ပေးနေတဲ့ MWRN ရဲ့ ဟတ်ယိုင်နယ်မြေ တာဝန်ခံ ဦးဘရီက ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူတွေအနေနဲ့ လှေမှာရှိတဲ့ ငါးဆရာရဲ့ အတင်းအဓမ္မခိုင်းစေမှု ကို ခံခဲ့ရတာလားဆိုတာ ကိုသံသယဖြစ်မိတဲ့အတွက်လည်း စုံစမ်းမှုတွေလုပ် နေတယ်လို့ ‌ပြောပါတယ်။ ငါးပါကင်တူးဖို့ လေးဦးဝင်သွားတာဖြစ်ပြီး သုံးဦးသေဆုံးကာ တစ်ဦးကတော့ အချိန်မီဆေးရုံရောက်ရှိ သွားတယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ အသက်(၂၀)ကျော်ကနေ (၃၀)ကျော်အရွယ် တွေဖြစ်ကြတဲ့ မောင်စံလှ(ခ) ငပြက်ချေ၊ ညီညီ နဲ့ ကျော်ဝင်းမောင်တို့ ဖြစ်ကြပြီး ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လေးညှင်းတောင်ရွာ၊ ဗူးရွက်မညိုးရွာနဲ့ တောဗွေရွာ တွေကဖြစ်ကြပါတယ်။

သေဆုံးသူအလုပ်သမားတွေရဲ့ အသုဘအခမ်းအနားကို ပါတနီမြို့ ဝပ် လမ်(မ်)နို့ခ် ဘုန်းကြီးကျောင်း မှာ ထားထားပြီး ဒီနေ့ ဧပြီ(၃)ရက်မှာ (၂)ယောက်ကို မီးသဂြိုလ်ပြီး မနက်ဖြန် ဧပြီ(၄)ရက်မှာ ကျန်တစ် ယောက်ကို မီးသဂြိုလ်မှာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့အလုပ်သမားတွေဟာ လူမှုဖူလှုံရေးရန်ပုံငွေထဲ လစဉ်ထည့်ဝင်ထားကြတဲ့အတွက် ဥပဒေအရ လုပ်ငန်းခွင်မတော်တဆ သေဆုံးမှု နစ်နာကြေးကို လုပ်သက်အလိုက်ရရှိ ကြမှာဖြစ်ပြီး ပျှမ်းမျှ လုပ်အားခ တစ်လကို ဘတ် (၉၀၀၀) နှုန်းနဲ့ လပေါင်း(၁၂၀) အတွက် တစ်ယောက်ကို နစ်နာ ကြေး ဘတ် (၁ သန်း ၈ သောင်း)ခန့်ရနိုင်မှာဖြစ်တဲ့အတွက် မိဘဆွေမျိုးတွေ လာရောက် ထုတ်ယူခွင့်ရှိ တယ်လို့ MWRNက သိရပါတယ်။

ဓါတ်ပုံ-MWRN