ဗဟုသုတ

“ကွမ်းယာထဲ ထည့်စားကြတဲ့ နိုင်တီတူး (92) ဟာ စားစရာ မဟုတ်ပါ”

ကွမ်းယာထဲ ထည့်စားကြသော နိုင်တီတူး (92) ဘူးပေါ်မှာ ရေးထားတဲ့စာ (အလွန် အန္တရာယ်များပါကြောင်း)

Do not swallow, Not a food product (မြိုမချရ၊ စားသောက်ကုန်မဟုတ်)၊ Do not use as ingredient in any food (မည်သည့်အစားအစာတွင်မှ ဟင်းမယ်တခုအဖြစ် မသုံးရ တဲ့။)

နိုင်တီတူး (92) ဆေးကို ဆေးတံသောက်ဆေးအဖြစ် ရည်ရွယ်ပြီး ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ သေချာတာကတော့ ဆေးကို ပါးစပ်ထဲ ထည့်ပြီး ဝါးတာကတော့ အလွန်အန္တရာယ် များပါတယ်။

မြို့တိုင်းလိုလို ကွမ်းစားသုံးမှု များပြားလာသည်နှင့် အမျှ အိန္ဒိယနိုင်ငံမှ တရားမဝင် တင်သွင်းသော နိုင်တီတူး၊ ဖိုတီဖိုက် စသည့် ဆေးပြင်းများကို စားသုံးနေကြသည်။ ထို့ပြင် Shikhar (ရှီးခါး)၊ ကင်းမြီးကောက် တံဆိပ်ပါ ကွမ်းပေါင်း ဆေးထုပ်များကို လူငယ်အများစု စားသုံးမှု ပိုမို များပြားလာကြပါတယ်။

ယခင်က ကွမ်းကို ကွမ်းသီး၊ ထုံး၊ ဆေးရွက်ကြီး တို့ဖြင့် စားသုံးကြရာမှ ယခုအခါ ကွမ်းစားသုံးမှုသည် လူတန်းစား မရွေး အလွယ်တကူ ဝယ်ယူ စားသုံးနိုင်ခြင်းကြောင့် ကွမ်းစားသုံးမှုမှာ ပိုမို မြင့်မားလာပြီး လူကြီး၊ လူငယ် ကွမ်းစားသုံးမှု များပြားလာသည်နှင့်အတူ ကွမ်းစားခြင်းကြောင့် ခံတွင်းရောဂါ ဖြစ်ပွားမှုသည် ယခင်ကထက် သက်တမ်း ထက်ဝက်ခန့် စော၍ ဖြစ်ပွားလာသည်ကို တွေ့ရှိ နေရသည်။

ယခင်က အသက် ၄ဝ နောက်ပိုင်းမှသာ သွားဖုံးကင်ဆာ ဖြစ်ပွားမှု တွေ့ရှိရသော်လည်း ယခုအခါ အသက် ၂၅ နှစ်မှ ၃၅ နှစ် ဝန်းကျင် အရွယ်မှစ၍ ဖြစ်ပွားမှုများ ရှိလာသည်ကို လေ့လာသိရှိရသည်။

ကွမ်းယာရောင်းဆိုင် အချို့သည် ကွမ်းသီးကို ရေစိမ်ထားက ၎င်းကွမ်းသီးများ ရေစိမ်ထားသည့်အတွက် ပွလာကာ ကွမ်းသီးကို အရောင်ဖွေးပြီး လှနေအောင် ဓာတုချွတ်ဆေး တစ်မျိုးဖြင့် အရောင် ချွတ်ကာ ရေဆေးပြီး နေလှန်း အခြောက်ခံသည်ကို လည်းကောင်း၊ ဆေးရွက်ကြီးများကိုလည်း ပျားရည်နှင့် ရောစပ်ကာ နှပ်ဆေး သဘောမျိုး အသွင်ပြောင်း ထားသလို ထုံးကိုလည်း ရေနှင့်ဖျော်ပြီး အပေါ်ယံ ရေကြည်ကို သွန်ပစ်ကာ အနည်ထိုင် ကျန်ခဲ့သည့် အနှစ်သားကို ပျစ်ပျစ် ဖျော်ထားသည့် နို့မှုန့်များဖြင့် ရောစပ် လိုက်သည့်အတွက် ထုံးကို စားသည့်အခါ နို့မှုန့် ပါလာသည့် အတွက် ထုံးသားက ဆိမ့်ဆိမ့်လေး ဖြစ်နေကြောင်း၊ သို့သော် ကျန်းမာရေးနှင့် ကိုက်ညီမှု ရှိ၊ မရှိ မသိရကြောင်း စသည့် ကွမ်းနှင့် ကွမ်းသီး အကြောင်းကို ကောလင်းမှ လေ့လာသူ တစ်ဦးက ပြောပြ၍ သိရသည်။

ယခုအခါ ကွမ်းယာ စားသုံးသူများနှင့် ကွမ်းသွေး ထွေးရန် အခက်အခဲများ ရှိ၍ ငုံထားချိန်များခြင်း၊ Shikhar (ရှီးခါး)၊ ကင်းမြီးကောက် တံဆိပ်ပါ ကွမ်းပေါင်းဆေးများကို သုံးစွဲ၍ ပါးစောင် ပေါက်ပြီး ကင်ဆာ ရောဂါများ ဖြစ်ပွားကာ သေဆုံးသူ များပြား လာကြောင်း သိရှိရပါသည်။