News

“ဂျပန်ဘာသာမှာ အမြင့်ဆုံးဘွဲ့ရယူနိုင်ခဲ့တဲ့ ပထမဆုံး မြန်မာအမျိုးသမီး “

​မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဒေါ်ယဥ်မိုးသက်သည် ဂျပန်နိုင်ငံ Okayama တက္ကသိုလ်မှ ​ဒေါက်တာဘွဲ့ရယူနိုင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ဂျပန်ဘာသာဌာနတွင်အမြင့်ဆုံးဘွဲ့ကို ပထမဆုံးရရှိသူ ဖြစ်လာသည်။

(ဘွဲ့နှင်းသဘင်အခမ်းအနား)

ဒေါက်တာယဥ်မိုးသက်သည် မြန်မာနိုင်ငံမှာ လူသိများသည့် ရုပ်သံ​ကြေညာသူအဖြစ်မှ CDMပြုလုပ်ပြီး PDF တပ်ဖွဲ့ဝင်ဖြစ်လာ​သော ဦးကျော်သက်လင်း၏ အစ်မ ဖြစ်သည်။

(ဒေါက်တာယဥ်မိုးသက် ဘွဲ့ယူနေစဥ်)

ဂျပန်နိုင်ငံ Okayama University မှ PhD ဘွဲ့ကို ရရှိခဲ့သည့်အတွက် ဂုဏ်ယူရကြောင်း ဒေါ်ယဥ်မိုးသက်၏ မိတ်ဆွေများက လူမှုကွန်ရက်၌ ရေးသားနေကြသည်။

” ကျွန်မတို့ လေးစားချစ်ခင်ရတဲ့ မြန်မာ့အသံဦးကျော်သက်လင်းရဲ့ အစ်မဖြစ်သူတွဲဖက်ပါမောက္ခ ဆရာမ ဒေါ်ယဥ်မိုးသက်သည်ဂျပန်နိုင်ငံ Okayama University မှ PhD ဘွဲ့ကို ရရှိခဲ့ပါပြီ။ ကျွန်မတို့ မြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ဂျပန်ဘာသာဌာနတွင် ပထမဆုံးရရှိသောအမြင့်ဆုံးဘွဲ့ဖြစ်ပါသည်” ဟု CDM ပြုလုပ်ထားသည့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဒေါ်အေးအေးသင်းက ၎င်း၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်၌ မတ်လ၂၈ ရက်တွင်ဂုဏ်ပြု​ရေးသားထားသည်။

(ရာထူးမှထုတ်ပယ်ခံထားရသူ ဒေါက်တာယဥ်မိုးသက်)

ဌာနတစ်ခုတည်းတာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်ယဥ်မိုးသက်နှင့် ဒေါ်အေးအေးသန်းသည် စစ်အာဏာရှင် ဆန့်ကျင်ကာ CDM ပြုလုပ်ခဲ့၍ ရာထူးမှ ထုတ်ပယ်ထားကြောင်းအကြမ်းဖက်စစ်ကောင်စီက ကြေငြာထားသည်။၎င်းတို့နှစ်ဦးအပါအဝင် CDMပြုလုပ်ထားသည့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ပညာရေးဝန်ထမ်း ရှစ်ဦးကို ရာထူးမှ ထုတ်ပယ်ကြောင်း စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ရက်တွင် ထုတ်ပြန်ထားသည်။

(ဦးကျော်သက်လင်းနဲ့ ဒေါက်တာယဥ်မိုးသက်တို့ မောင်နှမ (ပုံဟောင်း))

ဂျပန်နိုင်ငံ Okayama University မှ PhD ဘွဲ့ ကို တွဲဖက်ပါမောက္ခဒေါ်ယဥ်မိုးသက်ရရှိခဲ့သည့်အပေါ် ပါဒေါ်ယဥ်မိုးသက်၏ တပည့်တစ်ဦးက ” ဒီထက်ဂုဏ်ယူစရာမရှိတော့ဘူး။ ဇူးတို့ကိုစာသင်ပေးခဲ့တဲ့ အပြုံးပိုင်ရှင်ဆရာမကဒီလိုကွဆိုပြီး proud မျိုးဒီတစ်ခါပိုင်ဆိုင်ဖူးပြီ” ဟု လူမှုကွန်ရက်၌ ရေးသားထားသည်။

#credit #LuduNwayOo #ဒေါက်တာယဥ်မိုးသက် #ဦးကျော်သက်လင်း #ဂျပန် #မြန်မာ #ထူးချွန်ထင်ရှားမြန်မာအမျိုးသမီးများ