ဗဟုသုတ

“မြေကွက်ဝယ်တာ အလွယ်ထင်ခဲ့မိလို့ စာချုပ် ချုပ်ပြီး နောက်မှသိရတဲ့ သောကတွေ..”

ဟိုတနေ့က အသိမိတ်ဆွေအသစ်တစ်ဦး ကျွန်တော့်ထံ ဖုန်းဆက်လာပါတယ်။ ယခင်က တိုက်ခန်းအဝယ်စာချုပ်တစ်ခု လိုက်ချုပ်ပေးဖူးတဲ့ မိတ်ဆွေက ညွှန်းလိုက်တာပါ။

ကိစ္စကတော့ အပြီးအပိုင် အရောင်းအဝယ်စာချုပ်ပေးဖို့ပါ။ စရန်ပေးစာချုပ်ပေးစဉ်က ရှေ့နေမခေါ်ဘဲ အပြီးအပိုင်၊ အရောင်းအဝယ်စာချုပ်တဲ့နေ့ရောက်မှ စာချုပ်ပေးဖို့ ပြောလာတော့ နည်းနည်းတော့ အံ့သြနေပါတယ်။

ဒါနဲ့ “စရန်ပေးစာချုပ်စဉ်က ဒီအတိုင်းပွဲစားနဲ့ပဲ ချုပ်လိုက်တာလား” လို့ မေးကြည့်မိတယ်။ “မဟုတ်ဘူး ဆရာကောင်းရေ.. စရန်ပေးစာချုပ်စဉ်က ပွဲစားခေါ်ပေးတဲ့ ရှေ့နေနဲ့ စာချုပ်တာပဲ” လို့ ရှင်းပြပါတယ်။ “ဟင်း.. ဒါဆိုရင် အဲ့ဒီရှေ့နေက မအားလို့လား” လို့ ထပ်ပြီးစပ်စုကြည့်လိုက်ပါတယ်။ “မဟုတ်ဘူးရှင့်.. အဲ့ဒီရှေ့နေကို မခေါ်ချင်တော့လို့ပါ။” ဆိုပြီး စကားစကို ဖြတ်လိုက်ပါတယ်။

မြေအကြောင်း သိပ်မသိ၊ နေရာကြိုက်လို့ ဝယ်မိတဲ့ အဖြစ်..

ပြီးမှ အကြောင်းစုံကို ခုလိုရှင်းပြပါတယ်။ “ကျွန်မက မြောက်ဒဂုံ၊ (၃၅) ရပ်ကွက်မှာ (၂၀ x ၆၀) မြေကွက် ဝယ်ဖို့ သွားကြည့်တဲ့အခါ အဆင်ပြေသွားပါတယ်။ ဈေးကလည်း သိန်း ၃၅၀ ဆိုတော့ တစ်နိုင်တစ်ပိုင် ဝယ်လိုက်မယ်လို့ နယ်မှာရောက်နေတဲ့ ယောက်ျားနဲ့ တိုင်ပင်ပြီး စရန်ပေး၊ ငွေပေးဖို့ လုပ်ကြတာပေါ့။ မြေကွက်ကြိုက်လို့သာ ဝယ်ချင်တာ၊ မြေအကြောင်း ကျွန်မကသိပ်နားမလည်ဘူး ၊ ပွဲစားတွေက တိုက်တွန်းတာနဲ့ဖြစ်သွားတာ။

အဲ့ဒါ.. ရှေ့နေနဲ့ စာချုပ်လိုက်ရတော့ ပိုပြီး ခိုင်မာမယ်လို့ ယုံကြည်တာနဲ့ ရှေ့နေငှားပေးဖို့ ပြောတော့ ၊ အသက် (၃၀) လောက်ရှိတဲ့ ရှေ့နေအမျိုးသမီးတစ်ဦးကို ဖုန်းဆက်ပေးတာနဲ့ မကြာမီရောက်လာတယ်။ ရှေ့နေရောက်လာတာနဲ့ စာရွက်စာတမ်းတွေ စစ်ဆေးပြီး စရန်ငွေချဖို့ ပြင်ဆင်တာပေါ့။ စာချုပ်အဆက်တွေများလို့ ကျွန်မကတော့ နားမလည်ဘူး။ ရှေ့နေအမျိုးသမီးက ok အဆင်ပြေတယ် ၊ ဝယ်လို့ရတယ်ပြောတာနဲ့ စရန်ငွေ သိန်း (၁၀၀) လောက်ပေးခဲ့မိတယ်။”

ကျန်ငွေကိုတော့ သတင်းစာမှာ ကြော်ငြာပါပြီး (၂) ပတ်ပြည့်တဲ့နေ့မှာ ချေဖို့ နှစ်ဘက်စာချုပ်ပြီး ပြန်လာခဲ့ပါတယ်။ အိမ်ရောက်တော့ စည်ပင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ညီမနဲ့ မြောက်ဒဂုံမှာ မြေကွက် ဝယ်လိုက်တဲ့အကြောင်း ဖုန်းဆက်ပြီးပြောလိုက်တယ်။ အဲ့ဒီမှာ ညီမဖြစ်သူက ပြာပြာသလဲနဲ့ “ဘယ်ရှေ့နေနဲ့ ဝယ်တာလဲ၊ ဂရန်လား၊ ပါမစ်လား၊ ပိုင်ရှင်စာချုပ်တွေက ဘယ်နှစ်ဦးပြောင်းသွားပြီလဲ” စသဖြင့် မေးမြန်းတော့တာပဲ။ ကျွန်မလည်း ဖြစ်စဉ်အားလုံးကို ရှင်းပြလိုက်တယ်။

ဒီမှာတင်ပဲ ညီမဖြစ်သူက စိုးရိမ်ကြီးပြီး ငါတို့မိသားစုရဲ့ ရှေ့နေ ဦးကောင်းဖေနဲ့ တိုင်ပင်ဆွေးနွေးဖို့ အတင်းတိုက်တွန်းတာနဲ့ ဆရာနဲ့ ဖုန်းဆက်ဖြစ်တာပါလို့ အကျယ်တဝင့်ရှင်းပြပါတယ်။ ဝယ်သူ မခင်ယုမေရဲ့ စကားကို နားထောင်ပြီးတာနဲ့ “ဒါဆိုရင် ညီမဝယ်ခဲ့တဲ့ မြေကွက်ရဲ့ ပိုင်ဆိုင်မှု အစပ်အဆက်စာရွက်တွေ viber က ပို့ပေးပါဦးလို့” မှာလိုက်ရတယ်။

ဖုန်းချသွားပြီး မကြာခင်မှာပဲ စာချုပ် (၇) စုံနဲ့ ဂရန်မိတ္တူ တစ်စုံ ပို့လာပါတယ်။ စာချုပ်အဆက်အစပ်တွေများတာကြောင့် သတင်းစာကြော်ငြာထားလား မေးကြည့်တော့ ကြော်ငြာထားကြောင်း သိရလို့ နည်းနည်းတော့ စိတ်အေးသွားတယ်၊ စာချုပ်အဆက်အစပ်တွေကတော့ မှန်ပါတယ်။ ဂရန်မိတ္တူ ဝယ်ရမှာဆိုတော့ ရန်ကုန်မြို့တော်စည်ပင် မြို့မြေစာရင်းမှာ ပြေးစစ်ကြည့်ရသေးတယ်။ အမည်ပေါက်မှန်ပြီး ကန့်ကွက်ချက်မရှိလို့ တော်ပါသေးရဲ့။

ဂရန်မြေကွက် ရောင်းသူတာဝန်..

ဒါနဲ့ ရောင်းသူဘက်က လုပ်ပေးရမယ့်တာဝန်တွေဖြစ်တဲ့ “အရောင်းအဝယ် စာချုပ်ချုပ်ပေးရန်၊ အရောင်းအဝယ်မြေပုံကူးပေးဖို့ ပြောပြီးပြီလား၊ အရောင်းမြေပုံရတဲ့နေ့မှ ကျန်ငွေပေးချေမယ်၊ ပြီးရင် ရောင်းသူက ဂရန်အမည်ပေါက် ခေါ်လာပြီး မိမိဝယ်ထားတဲ့ ခေါင်းရင်ခြမ်းမြေကွက်တစ်ဝက် (၂၀ x ၆၀) နဲ့ ပတ်သက်ပြီး မှတ်ပုံတင် အထူးကိုယ်စားလှယ်လွှဲစာကို ရန်ကုန်မြို့တော် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ လွှဲပေးဖို့ ပြောထားပြီလား” စသဖြင့် မခင်မေကို မေးလိုက်တဲ့အခါမှာ “အဲ့ဒီလိုတော့ သူတို့မပြောဘူး၊ အပြီးငွေချေတဲ့နေ့ကျရင် နောက်ဆုံး အရပ်ကတိစာချုပ်ကိုင်ထားသူ ပိုင်ရှင်က စာချုပ်ရုံးမှာ အထွေထွေကိုယ်စားလှယ် လွှဲစာ လွှဲပေးမယ်လို့တော့ ကတိပေးထားတယ်။”

“ဟင်…ဒါဆို မြေပုံ ကူးပေးဖို့ ဂရန်မူရင်း အမည်ပေါက်က စာချုပ်လာပြီး ကိုယ်စားလှယ်စာ လွှဲပေးဖို့ ပြောကြည့်ပါလား” လို့ ပြောခိုင်းတော့.. “ဂရန်အမည်ပေါက်က သေသွားပြီလို့ သိရပါတယ်။ ဒါကြောင့် ရောင်းသူကိုယ်တိုင်က အထွေထွေကိုယ်စားလှယ်လွှဲစာပေးတာ” လို့ ပြောပါတယ်။

“ဟိုက်.. ဒုက္ခပါပဲ မခင်ယုမေရယ်၊ ဂရန်အမည်ပေါက်မဟုတ်ဘဲ အဆင့်ဆင့် အရပ်ကတိစာချုပ်နဲ့ ဝယ်ထားသူတွေရဲ့ ကိုယ်စားလှယ်လွှဲစာက ဒီဂရန် အမည်ပြောင်းဖို့ ကိစ္စမှာ ဘာမှ အသုံးပြုလို့ မရဘူးလေ”

အပြီးစာချုပ်တဲ့နေ့မှာတော့ ကျွန်တော်လည်း ကြံရာမရဖြစ်ပြီး ဂရန်အမည်ပေါက်မဟုတ်သော်လည်း ရောင်းသူထံက သက်သေခံ အထောက်အထားတစ်ခုရရင် မဆိုးပါဘူးလေ ရတာယူထားမှပဲဆိုပြီး မှတ်ပုံတင် General Power ပဲ ယူထားလိုက်ရတော့တယ်။

နောက်ဆက်တွဲလုပ်ရမယ့် အချက်တွေ ဝယ်သူ အခက်ပွေ..

နောက်မှပဲ.. ဂရန်အမည်ပေါက်သူရဲ့ ဇနီး/သားသမီးတွေ ရှာပြီး အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ပြီး အမည်ပြောင်း ကိစ္စလုပ်ရတော့မှာပဲ လို့ တွေးမိပြီး ကျန်ငွေပေးချေတဲ့ စာချုပ်ချုပ်ပြီး ငွေချေလိုက်ရပါတယ်။ တကယ်တော့ စရန်ပေးစာချုပ်စဉ်တည်းက အခုပြောတဲ့ ဂရန်အမည်ပေါက် သေရင် သူ့ရဲ့ ဇနီး၊ သား၊ သမီးမိသားစုရှာပြီး ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ပြီး ရောင်းသူထံက ပါဝါယူပြီး ရောင်းသူကိုယ်စား အရောင်းအဝယ်စာချုပ်ချုပ်ခိုင်းရတော့မှာ ဖြစ်ပါတော့တယ်။

အဲ့ဒီလုပ်ဖို့ အခုတော့ ဂရန်အမည်ပေါက်သူရဲ့ ဇနီး၊ သား၊ သမီး တွေ ရှာမရခဲ့ရင် ၊ စာချုပ်အဆင့်ဆင့်နဲ့ ရောင်းခဲ့တဲ့ သူတွေရယ်၊ အခုရောင်းသူရယ်၊ ပေါင်းပြီး မြို့နယ်တရားရုံး၊ ခရိုင်တရားရုံး၊ တို့မှာ အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင် ချုပ်ဆိုပေးစေလိုမှု နဲ့ တရားစွဲပြီး အမည်ပြောင်းရမှာဖြစ်ပါတယ်။ မြေကွက်ဝယ်မယ့်စာဖတ်သူများ ကြိုတင်သတိရှိကြပါစေ..

ရှေ့နေ ဦးကောင်းဖေ