ဗဟုသုတ

“ဆူပူ ငေါက်ငမ်းနေကျ ဒရိုင်ဘာတစ်ယောက် အလုပ်မဆင်းလို့ အိမ်လိုက်သွားတဲ့ သူဌေးတစ်ယောက်ရဲ့ အတွေ့အကြုံ”

ကျနော့်မှာ သူ့အိမ်က ဒရိုင်ဘာကို အင်မတန် နိုင်စားတဲ့ သူငယ်ချင်း တယောက် ရှိတယ်။ ဒရိုင်ဘာက သူ့ထက် အသက် ငါးနှစ်လောက် ကြီးတယ်။ ဒီတော့ ကျနော်တို့က “ကို” တပ်ပြီး ခေါ်ပေမယ့် သူငယ်ချင်း ကတော့ နာမည်ပဲ ခေါ်ပါတယ်။ စကားပြောလည်း သူငယ်ချင်းက မင်းနဲ့ ငါပဲ။

ဒရိုင်ဘာ အကိုကြီးကတော့ သူ့အလုပ်ရှင် ဆိုတော့ ရိုရိုသေသေ ဆက်ဆံရတာ ပေါ့လေ။ ဒီကောင်က ပြောစရာရှိလည်း ပြော၊ ဆဲစရာရှိလည်း ဆဲ။

သဘောကောင်း ပေမယ့် အထက်စီးတော့ ဆန်ပါတယ်။ တခါတလေ ကိုယ်ကတောင် ကြားထဲကနေ ဝင်အားနာရတယ်။ ဒရိုင်ဘာအပေါ် သူ့ရဲ့ ပြောပုံ ဆိုပုံတွေက ရင့်သီးပါတယ်။ ဟိုကတော့ သည်းခံ ရှာပါတယ်။ အလုပ်ရှင် မဟုတ်လား။

ဒီလိုနဲ့ တနေ့ သူငယ်ချင်းက ဒေါကန် နေပါတယ်။ ဘာဖြစ်တာလဲ မေးလိုက်တော့ သူ့ဒရိုင်ဘာ ဘာမပြော ညာမပြောနဲ့ မလာလို့တဲ့။ ဒါနဲ့ ဘာများဖြစ်တာလဲ ဆိုပြီး အိမ်ကို လိုက်သွားကြတယ်။ တွေ့လို့ကတော့ ဆဲဆိုပြီး ဟောက်ထည့် လိုက်မယ်ပေါ့။ ဒီလိုနဲ့ ဒရိုင်ဘာအိမ် ရောက်သွားတယ်။ သူ့အမေလို့ ထင်ရတဲ့ အန်တီကြီး တယောက် ထွက်လာတယ်၊ မေးလိုက်တယ် ရှိလားပေါ့။

ရှိပါတယ်၊ ဖျားပြီး အိပ်နေတယ် ဆိုပြီး ပြောတယ်။ နောက်တော့ အနားကို ရောက်လာတဲ့ ကောင်မလေး တယောက်ကို အန်တီကြီးက လှမ်းပြောလိုက်တယ်။ ဟဲ့ သွားနှိုးလိုက်စမ်းပေါ့၊ ဒီမှာ သူ့အလုပ်ရှင် အိမ်က လိုက်လာတယ်ပေါ့ စသဖြင့်။ အဲ့ဒီမှာ ကောင်မလေးက ဘာပြောလိုက်လဲ ဆိုတော့ “ကိုကြီး အိပ်နေတာ မနှိုးရဲဘူး” တဲ့။

ကျတော့် သူငယ်ချင်းကို ကြည့်လိုက်တော့ ဒီကောင် တချက် တွေသွားတယ်။ စက္ကန့်ပိုင်း လောက်ပေါ့။ နောက်တော့ ကောင်မလေးကို ပြောလိုက်တယ်။ “မနှိုးရဲရင် သွားမနှိုးနဲ့တော့၊ ထားလိုက်ပါ သူအိပ်ပါစေ” တဲ့။ ပြီးတော့ ပြန်လှည့်လာခဲ့ လိုက်ကြတယ်။

အပြန်လမ်းမှာ ကျနော် သူ့ကို မေးကြည့်တယ်။ မင်း ဘာဖြစ်သွားတာလဲ လို့။ သူငယ်ချင်းက ပြန်ဖြေတယ်။ “ငါ သူ့အပေါ် လေးစားမှု ရှိရမယ်လေကွာ” တဲ့။ “သူက ဘယ်လိုပဲ ဒရိုင်ဘာပဲ ဖြစ်ဖြစ်၊ ငါဘယ်လိုပဲ ဆဲဆဲ ဆိုဆို၊ အနိုင်ကျင့်ကျင့် သူ့ပတ်ဝန်းကျင် မှာတော့ သူဟာ မိသားစုရဲ့ အားကိုးရာ၊ လေးစားရာ၊ ရိုသေရာ လူသား တယောက်ပဲကွ” တဲ့။

“ဟိုကလေးမလေး ပြောတဲ့ စကားကို ကြားတယ် မလား၊ ကိုကြီး အိပ်နေတာ သွားမနှိုးရဲဘူးတဲ့။ သူ့ပတ်ဝန်းကျင်၊ သူ့မိသားစု မှာတော့ တော်တော့ကို အရှိန်အဝါ ကြီးပုံရတယ်။ ငါက ဒါကို ထည့်မတွက်ဘဲ ခါတိုင်းလို သွားဆက်ဆံ လိုက်ရင် သူ့အားကိုးနေတဲ့ သူ့မိသားစုခင်ဗျာ ဘယ်လို ခံစားသွားရ မလဲ၊ သူကိုယ်တိုင်ရော”

လူတယောက်ဟာ တနေရာရာမှာ ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ၊ ဘယ်ဘဝပဲ ရောက်နေ ရောက်နေ၊ အောက်ခြေသိမ်းပဲ ဖြစ်ဖြစ်၊ အနှိမ်ခံပဲ ဖြစ်ဖြစ်၊ ဘယ်သူမှ ဆေးဖော် ကြောဖက် မလုပ်ချင်တဲ့ သူပဲ ဖြစ်ဖြစ်၊ အဲ့ဒီလူဟာ တခြားသော တနေရာရာ မှာတော့ အရှင်သခင် တပါး၊ မှီခို အားကိုးရာ တဖြစ်နဲ့ ရိုသေ လေးစားစရာ ပြယုဂ် တခုခုတော့ ဖြစ်နေတတ်ပါတယ်။

တရက်ကလိုပေါ့။ ဖြတ်သွားသူတိုင်း နှာခေါင်းပိတ် ဖြတ်လေ့ရှိတဲ့ အမှိုက်ပုံမှာ အလုပ် လုပ်နေရတဲ့ စည်ပင်က ဝန်ထမ်းလေးကို ဘယ်သူက ခေါင်းထဲ ထည့်မလဲ။ ဘယ်သူက အဖက်လုပ်ပြီး စိတ်ပူပေးမလဲ။ ဒါပေမဲ့ ကျနော်လည်း အမှိုက် သွားပစ်ရော အဲ့ဒီဝန်ထမ်းလေးရဲ့ ဇနီးဖြစ်ပုံရတဲ့ ကောင်မလေး ရောက်လာပြီး ဘာပြောသွားတယ် မှတ်လဲ။

“မနက်က ဆေးသောက်ပါဆို သောက်မသွားဘူး၊ လူကို အမြဲတမ်း စိတ်မောရအောင် လုပ်တယ်။ ရော့ ဒီမှာဆေး အခုသောက်” တဲ့။ အဲ့ဒီစကားလေး ကြားမိတော့ ကျနော့ဖြင့် အဲ့ဒီ စည်ပင်ဝန်ထမ်းလေး အပေါ် လေးစား သွားလိုက်တာ “ဪ တလောကလုံးက သူ့အပေါ် ဘယ်လိုပဲ သဘောထားထား သူ့အပေါ် မင်းသား တပါးလို ဆက်ဆံတဲ့သူ ဆိုတာတော့ ရှိနေတာ ပါပဲလား” လို့။

တဖက်က ပြန်စဉ်းစားပြန် ရင်လည်း ဒီလိုပါပဲ။ တလောကလုံးက ကိုယ့်အပေါ် ဘယ်လိုနှိမ်နှိမ်၊ ဘယ်လို ဆက်ဆံ ဆက်ဆံ အရေးမကြီးဘူး။ အရေးကြီးတာက ငါချစ်ရတဲ့သူတွေ၊ ငါ့ကိုချစ်တဲ့သူ တွေနဲ့ ငါ့ပတ်ဝန်းကျင်၊ ငါ့မိသားစုလေးမှာ ငါဟာ တန်ဖိုးရှိတဲ့၊ လေးစားခံ ထိုက်တဲ့ လူသားတယောက် ဖြစ်နေရင် ရပြီ ဆိုတာမျိုး။ ဆိုလိုတာက လူတယောက်ကို ဘယ်တော့မှ အထင်မသေးပါနဲ့၊ မနှိမ့်ချပါနဲ့၊ မစော်ကားပါနဲ့။ သူ့အတွက် ကမ္ဘာဆိုတာ ဒီတနေရာထဲမှာပဲ ရှိနေတာ မဟုတ်လို့ပါ။

Credit