ဗဟုသုတ

“ပင်လယ်ကမ်းခြေက ခရုခွံလေးတွေကို မကောက်ယူသင့်တဲ့ အကြောင်းအရင်း”

🐚ဘာဖြစ်လို့ ကမ်းခြေက ခရုခွံတွေကို မကောက်သင့်တာလဲ🐚

ပင်လယ်ကမ်းခြေတစ်ခုကို သွားရင် ခရုခွံတွေကောက်ပြီး ပျော်ပျော်ကြီး အိမ်ပြန်သယ်လာဖူးလား Mandalarians တို့ရေ။ ယဉ်နှောင်းလည်း အရင်တုန်းက အဲ့အကျင့်ရှိခဲ့ဖူးတယ်။ ဒါပေမယ့်လေ ကမ်းခြေကပြန်လာတဲ့အခါ အိမ်ရောက်ရင် အဲ့ခရုခွံတွေကို ဘာမှမလုပ်ဘဲ ချောင်ထိုးထားမိတာပဲမဟုတ်ဘူးလား။

ဒီနောက်ပိုင်းမှာ ယဉ်နှောင်းဆို ကမ်းခြေတွေသွားရင် ခရုမကောက်တတ်တော့ဘူး။ ဘာဖြစ်လို့ခရုတွေမကောက်ဖြစ်တော့တာလဲဆို youtube မှာ BBC earth ကတင်ထားဖူးတဲ့ video အတိုလေး ကြည့်လိုက်ပြီးကတည်းကပဲ။

အဲ့ဒီထဲမှာလေ ကမ်းခြေတစ်ခုမှာ လာတဲ့ ဧည့်သည်တွေက ခရုခွံတွေကောက်သွားကြတာနဲ့ ဝင်ကစွပ်လေးတွေအတွက် နေစရာ အိမ်မရှိတော့လို့ voulunteer တွေက ခရုခွံတွေ လိုက်ရှာပြီးထားပေးရတယ်ဆိုတဲ့အကြောင်းပေါ့။ ဝင်အောင်းစရာ ခရုခွံတွေမရှိတော့တဲ့ ဝင်ကစွပ်လေးတွေဟာ ညဘက်တွေမှာဆို နို့ဆီဘူးခွံ၊ ငါးသေတ္တာဗူးခွံတွေလိုက်ရှာရပြီး အချင်းချင်း လုယက်ကြရင်း သတ်ဖြတ်ရသတဲ့။

ဒါတွေသိပြီးနောက်ပိုင်းမှာ ယဉ်နှောင်း ခရုကောက်တဲ့အကျင့်ကို လုံးဝစွန့်လွှတ်လိုက်ပါတယ်။ ဘာလို့ ကမ်းခြေက ခရုခွံတွေကို မကောက်သင့်/မဝယ်သင့်တာလဲဆိုတော့

(1) ကမ်းခြေက ခရုခွံတွေဟာ ဝင်ကစွပ်လေးတွေရဲ့အိမ်ဖြစ်ပါတယ်။

“ဝင်ကစွပ် မြင်ဆွတ်ကကြည်ဖို့ရာ”ဆိုတဲ့ ဦးကြင်ဥ ကဗျာထဲကလိုပဲ ချစ်စရာဝင်ကစွပ်လေးတွေဟာ အရမ်းနူးညံ့တာမို့ သူတို့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ရာ ခရုခွံတွေကို လွယ်ပိုးပြီး သွားကြရပါတယ်။

ဝင်ကစွပ်လေးတွေရဲ့ဘဝဟာ ငယ်ရာကနေကြီးတဲ့အထိ သူတို့ခန္ဓာကိုယ်နဲ့လိုက်ဖက်မယ့် ခရုခွံတွေကို ရှာဖွေရင်း ဒီခရုခွံထဲမှာပဲ သူတို့ဘဝကုန်ဆုံးရတာပါ။ ခရုခွံတွေဟာ ဝင်ကစွပ်လေးတွေအတွက် အိမ်လည်းဖြစ်သလို အဝတ်အစားလည်းဖြစ်ပါတယ်။

ကောက်ပြီးလည်း ကိုယ့်အတွက်အသုံးမဝင်မယ့်တူတူ ခရုခွံလေးတွေကို ဝင်ကစွပ်လေးတွေရဲ့ ကျောပေါ်မှာပဲ တဖန်ပြန်လည် ရှင်သန်ခွင့်ပေးလိုက်ပါနော်။
(2)ဝင်ကစွပ်လေးတွေရှိမှ ကမ်းခြေတွေ သာယာလှပမယ်

လူသိနည်းတဲ့အချက်တစ်ခုကတော့ ဝင်ကစွပ်လေးတွေရှိနေမှ ကမ်းခြေတစ်ခုဟာ လှပနေမှာပါ။ ဝင်ကစွပ်လေးတွေဟာ ကမ်းပေါ်တင်လာတဲ့ ငါးသေအပုပ်တွေလိုအကောင်တွေကို စားသုံးခြင်းဖြင့် ကမ်းခြေသန့်ရှင်းရေးဆောင်ရွက်နေကြသူလေးတွေဖြစ်ပါတယ်။

လူကိုလည်း ဒုက္ခမပေးတတ်ဘဲ သဘာဝဂေဟစနစ်ကို အကျိုးပြုနေတဲ့ ဝင်ကစွပ်လေးတွေတိုးပွားလာဖို့ရာ သူတို့ခိုအောင်းနိုင်မယ့် ခရုခွံတွေ အများကြီးရှိဖို့လိုပါတယ်။ ကမ်းခြေမှာ တရွေ့ရွေ့ပတ်သွားနေတဲ့ ဝင်ကစွပ်လေးတွေကို ကြည့်ရတာကိုက ကမ်းခြေဟာ ပိုအသက်ဝင်နေတယ်မဟုတ်လား။

(3)ခရုခွံတွေဟာ ပင်လယ်ရေအောက်ဂေဟစနစ်တွေအတွက်အရေးပါတယ်

ပင်လယ်ကြမ်းပြင်မှာ နစ်မြှုပ်နေတဲ့ ခရုခွံတွေဟာ ပင်လယ်နေသတ္တဝါလေးတွေစားသုံးတဲ့ ရေညှိ၊ရေမှော်တွေ ပေါက်ဖွားဖို့ အခြေခံမျက်နှာပြင်တွေဖြစ်သလို သေးငယ်တဲ့ ပင်လယ်သတ္တဝါလေးတွေ ခိုအောင်းဖို့နေရာ၊ နေထိုင်ဖို့အိမ်လည်းဖြစ်ပါသေးတယ်။

ပင်လယ်ခရုခွံတွေသာ လျော့နည်းလာမယ်ဆို အသေးဆုံးငါးမျိုးစိတ်လေးတွေမျိုးသုဉ်းလာမယ်။ ဒီလိုနဲ့ အစာကွင်းဆက်တွေ၊ ဂေဟစနစ်တွေ ပျက်စီးလာမှာဖြစ်ပြီး ပင်လယ်နေသတ္တဝါတွေအတွက် တဖြည်းဖြည်းလျော့နည်းလာမယ့် အန္တရာယ်ရှိလာနိုင်ပါတယ်။

(4)ပင်လယ်ခရုခွံတွေဟာ ပင်လယ်ပျော်ငှက်တွေရဲ့အသိုက်လည်းဖြစ်တယ်

ပင်လယ်နားတဝိုက်မှာ နေထိုင်တဲ့ ငှက်မျိုးစိတ်များစွာဟာ သူတို့နေထိုင်ဖို့အသိုက်ကို ခရုခွံတွေစုဆောင်းပြီးဆောက်လုပ်ကြပါတယ်။

ခရုခွံတွေနည်းပါးလာခြင်းဟာ ငှက်တွေအတွက် အသိုက်ဆောက်စရာကုန်ကြမ်းလျော့နည်းလာစေပြီး ကမ်းခြေတွေမှာ ငှက်တွေမလာကြတော့ရင် ကမ်းခြေတွေတိတ်ဆိတ်ကုန်ပါလိမ့်မယ်။ ကျေးငှက်သံတွေနဲ့ သာယာတဲ့ကမ်းခြေတစ်ခုဖြစ်ဖို့ ခရုခွံတွေကို ငှက်ကလေးတွေအတွက်လည်း ထားခဲ့ကြရအောင်။

(5)လှပတဲ့ ဧရာမခရုခွံကြီးတွေဟာ ပင်လယ်ကြမ်းပြင်က သန္တာကျောက်တန်းတွေပျက်စီးတဲ့အထိ တူးဖော်ရပါတယ်။

အရောင်အသွေးစုံစုံလင်လင်နဲ့ လှလိုက်တာဆိုတဲ့ ဧရာမခရုခွံကြီးတွေဟာ ခရုတွေသေပြီးမှရလာတာ မဖြစ်နိုင်သလောက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ခရုခွံတွေမဆွေးမြည့်ခင် ခရုတွေသက်ရှိစဉ်ကာလမှာပဲ သူတို့နေထိုင်ရာ ပင်လယ်ကြမ်းပြင်အထိ ပိုက်နဲ့ဆွဲတာ၊ သန္တာကျောက်တန်းတွေကြား တူးဆွတာမျိုးလုပ်မှ ရလာတာမို့ပါ။

အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းမှာ ခရုခွံတစ်ခု လှလှပပထားရှိဖို့အတွက် သဘာဝပင်လယ်ကြမ်းပြင်ရဲ့ အလှအပတွေပျက်စီးရတာကို လက်မခံဘူးဆိုရင် ခရုခွံကြီးတွေကို လုံးဝမဝယ်ပါနဲ့၊ ကောက်လည်းမကောက်ပါနဲ့။

💚ကမ္ဘာအနှံ့က ပင်လယ်ကမ်းခြေတွေမှာ ခရီးသွားဧည့်သည်တွေဟာ ခရုခွံနဲ့ပြုလုပ်ထားတဲ့ အိမ်ပြန်လက်ဆောင်တွေကို အမှတ်တရဝယ်တတ်ကြပြီး ဒါတွေဟာ မဝယ်သင့်တဲ့အကြောင်း သိတဲ့သူအလွန်နည်းပါတယ်။

💚တချို့နိုင်ငံတွေမှာ ခရုခွံရောင်းဝယ်မှုကို လုံးဝပိတ်ပင်ထားပြီး ခရုခွံတွေကောက်ပြီး ယူဆောင်သွားခြင်းဟာလည်း တရားမဝင်ပါဘူး။

💚မြန်မာနိုင်ငံဟာ CITES(Convention on International Trade of Endangered Species of Wild Fauna and Flora)ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တာမို့ ခရုခွံရောင်းဝယ်မှုတွေဟာ သဘာဝသယံဇာတကိုမဖျက်ဆီးတဲ့တူးဖော်မှုဆိုတာ အခိုင်အမာပြနိုင်တဲ့အထောက်အထားရှိမှ ရောင်းဝယ်တဲ့ ခရုခွံဟာ တရားဝင်ပါတယ်။

💚ခရုခွံအမျိုးမျိုးကို ဝယ်ယူစုဆောင်းသူတွေများလာရင် ခရုခွံတွေကို အမြောက်အများကောက်ယူကြဖို့အားပေးသလိုဖြစ်ပြီး သဘာဝတရားကြီးယိုယွင်းလာပါမယ်။
ဒီတော့

ကိုယ့်အတွက်လည်းအသုံးမဝင်၊သဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်စေပြီးတရားလည်းမဝင်တဲ့အတွက် ခရုခွံကောက်တာတွေ၊ ခရုခွံ ဝယ်ယူစုဆောင်းတာတွေ မလုပ်ကြဖို့ Mandalarians တို့ကို မျှဝေလိုက်ပါတယ်နော်။

ခရုခွံလေးတွေကို ပင်လယ်ကမ်းခြေတွေမှာပဲ ရှင်သန်ခွင့်ပေးလိုက်ရအောင်လား

🐚BBC earthက တင်ဆက်ထားတဲ့ ဝင်ကစွပ်လေးတွေအတွက် ခရုခွံတွေရှားပါးလာတဲ့အကြောင်း ရုပ်သံ

Photo-Pinterest & Google

#Mandalarian

#ယဉ်ယဉ်နှောင်း