ကြေကွဲ မှတ်တမ်း

“လူအိုရုံရောက် အမေအို တစ်ယောက်ရဲ့ သားဖြစ်ဖြစ်သူအတွက် နောက်ဆုံးစကား”

လူရွယ်တစ်ယောက်ဟာ သူ့အမေအိုကို လူအိုရုံ ပို့ထားတယ်။

တစ်လမှာတစ်ခါလောက်တော့ အမေကို သွားကြည့်တယ်။

တစ်ရက်မှာ လူအိုရုံကနေ သူ့ဆီကို ဖုန်းဆက်လာတယ်။

သူ့အမေဟာ အပျင်းဖျားပြီး သေမလိုဖြစ်နေတယ်၊ ချက်ချင်းလာပါတဲ့။

သူလည်း သူ့အလုပ်ကို ရပ်လိုက်ပြီး လူအိုရုံကို အမြန်သွားလိုက်တယ်။ သူရောက်သွားတော့ အမေဟာ ကုတင်ပေါ်မှာ အမောဖောက်ပြီး သေခါနီးဖြစ်နေပြီ။

သူက အမေ့ပါးနားကို ကပ်ပြီး “ကျွန်တော် ဘာလုပ်ပေးရမလဲ အမေ”လို့ မေးလိုက်တယ်။

အမေဟာ မျက်လုံးပွင့်လာပြီး ခုလိုစကားကို မောနေတဲ့ကြားက အားတင်းပြီး ပြောလိုက်တယ်။

“လူအိုရုံမှာ ပန်ကာတွေ ၀ယ်ပြီး လှူပေးပါ။ နောက်ပြီး ရေခဲသေတ္တာ တစ်လုံးလည်း လှူပေးပါ။ ညဆာတဲ့အခါ စားဖို့ အစားအသောက်တွေ ထည့်ထားဖို့ပါ”
လူရွယ်ဟာ အမေ့စကားကြောင့် အတော့်ကို အံ့အားသင့်သွားပြီး ခုလို မေးလိုက်ပြန်တယ်။

“အမေ ဒီမှာ နေတာ ကြာနေပြီ။ ဒါမျိုးလိုချင်တယ်လို့ အမေ ကျွန်တော့်ကို တစ်ခါမှ မပြောဖူးခဲ့ပါဘူး။ အခု အမေ့မှာ နေရဖို့ နာရီပိုင်းလေးပဲကျန်တော့မှ ဘာကြောင့် ဒါတွေလိုချင်ရတာလဲ အမေရာ”

အမေက ခုလို တိုးတိုးလေး ပြန်ဖြေလိုက်တယ်။

“ဟုတ်ပါတယ် သားရယ်။ အမေလေ ဒီမှာ နေစဉ်တလျှောက်လုံးမှာ ပူအိုက်တာတွေ၊ စားစရာမရှိလို့ ဗိုက်ဆာတာတွေ၊ နာကျင်တာတွေကို ခံနိုင်ခဲ့ပါတယ်။ အမေ အခု ပြောတာတွေဟာ အမေ့အတွက် မဟုတ်ပါဘူးကွယ်။ မင်းအသက်ကြီးလာရင် မင်းကလေးတွေ မင်းကို လူအိုရုံမှာ လာပို့ထားတဲ့အခါ အဲဒီဒဏ်တွေကို မင်း မခံနိုင်မှာ စိုးလို့ မင်းအတွက်ပါကွယ်”

အမေဆိုတာ သားသမီးအတွက် သေခါနီးအချိန်ထိ စိုးရိမ်ပူပန်နေတတ်ပါတယ်။

Credit ဗန်းမော်သိန်းဖေ

၀၂-၀၃-၂၀၁၉