ကြေကွဲ မှတ်တမ်း

“မိခင်စိတ် အပြည့်ရှိတဲ့ ခွေးမလေး မိဖြူ ရဲ့ မေတ္တာ တရား(ဖြစ်ရပ်မှန်)”

“မေတ္တာရှင် မိဖြူ”

ရေးသူ=Mg Myo

-သူ့နာမည်က မိပြည့်။လူမဟုတ်ပါဘူး။ခွေးမလေးတစ်ကောင်ပါ။

ကျွန်တော်တို့အိမ်နဲ့သိပ်မဝေးလှတဲ့လမ်းထောင့်နားကအိမ်မှာနေတယ်။အခုလက်ရှိ အဲဒီအိမ်မှာမှာခွေးခုနစ်ကောင် ရှစ်ကောင်လောက်ရှိတယ်။

အိမ်ရှင်အဒေါ်ကြီးကခွေးချစ်တတ်လို့ သေသေချာချာအစာကျွေးပြီးမွေးထားတယ်။ခွေးစာကိုဆန်ကွဲ ကြက်ခြေထောက်ကြက်ခေါင်းတွေနဲ့ရောပြုတ်ပြီးတစ်ရက်ကိုနှစ်ကြိမ်ကျွေးတယ်။

(ခွေးမလေး မိပြည့်…)

သူ့အိမ်ခြံဝန်းက ကျဉ်းတော့ခွေးတွေကလမ်းထောင့်နားမှာပဲအမြဲနေကြတယ်။တော်ရုံတန်ရုံလူစိမ်းဆိုရင်အဲဒီလမ်းထောင့်ကိုဖြတ်ကျော်ဖို့မလွယ်ဘူး။ကျွန်တော့်အိမ်ကိုခြေလျင်ဒါမှမဟုတ်ဆိုင်ကယ်နဲ့လာကြတဲ့သူတွေကိုဆိုရင်နောက်ဖေးလမ်းကပဲဝင်ခိုင်းရတယ်။

အဲဒီခွေးတွေအားလုံးနဲ့ကျွန်တော်တို့လင်မယားနဲ့ ခင်ကြပါတယ်။

ကျွန်တော်အခုလက်ရှိနေတဲ့အိမ်ကိုပြောင်းမလာခင် အိမ်ဆောက်နေတာကိုလာကြည့်ရင်း ဒီခွေးတွေကိုထန်းလျက်ခဲတွေ မုန့်တွေကျွေးထားခဲ့လို့ မှတ်မိနေကြတယ်။

အဲဒီခွေးတွေအားလုံးထဲကမှ မိပြည့်ဆိုတဲ့ခွေးမလေးနဲ့ကျွန်တော်တို့ပိုခင်ပါတယ်။

မိပြည့်ကအများနဲ့မတူထူးခြားတယ်။ခွေးအဖြူတွေအဝါတွေကြားမှာ မိပြည့်ကအညိုရောင်ပေါ်မှာအမည်းစွက်တဲ့အမွေးချောချောကလေးနဲ့ပါ။

ကိုယ်လုံးကိုယ်ထည်ပြည့်ပြည့်ဖြိုးဖြိုး မျက်နှာကပြုံးပြုံးရွှင်ရွှင်နဲ့နှစ်လိုဖွယ်ရာရှိတယ်ဗျ။ကျွန်တော်တို့နဲ့တွေ့စတုန်းကသူ့အသက်က ခြောက်လခုနစ်လအရွယ်လောက်ပဲရှိသေးပေမဲ့ အရွယ်နဲ့မလိုက်အောင်တော်တော်လေးထွားပါတယ်။

ဆောက်လက်စ ကျွန်တော်တို့အိမ်ကိုလာကြည့်ရင် မိပြည့်ကစပ်စပ်စုစုနဲ့လိုက်လာတတ်တယ်။ကျွန်တော်တို့အိမ်ပြောင်းလာပြီးတော့လည်း အိမ်မှာလာနေပြီးအဖော်လုပ်ပေးတယ်။သူ့အိမ်မှာလည်းစား ကျွန်တော်တို့အိမ်မှာလည်းစား ပေါ့ဗျာ။

ကျန်တဲ့ခွေးတွေကတော့လမ်းထောင့်ကသူတို့အိမ်မှာပဲနေကြတယ်။ ပြီးခဲ့တဲ့နှစ် ခွေးရာသီရောက်တော့မိပြည့်တစ်ကောင်တော်တော်ဝလာတယ်အောက်မေ့တာ။ဘယ်ကလာသွေးရိုးသားရိုးဟုတ်ရမှာလဲ။ကိုယ်ဝန်ရှိနေတာကိုးဗျ။

မိပြည့်တို့ပိုင်ရှင်အဒေါ်ကြီးကသူ့ခွေးတွေကို ခွေးရူးကာကွယ်ဆေး သန္ဓေတားဆေးတွေကိုပုံမှန်ထိုးပေးတယ်။မိပြည့်ကိုလည်းဆေးထိုးပေးထားတာပဲဗျ။

ဒါပေမဲ့ ဘယ်ကဘယ်လိုဖြစ်တယ်မသိဘူး မိပြည့်မှာကိုယ်ဝန်စွဲကပ်လာခဲ့တယ်ဗျ။

ဒီလိုနဲ့ကိုယ်ဝန်နေ့စေ့ လစေ့ရောက်တော့ခွေးကလေး​(၆)ကောင်မွေးပါလေရော။ကလေးမွေးတော့သူ့အိမ်မှာသူပြန်မွေးတယ်ဗျ။ကလေးမမွေးခင်ကတည်းကသူတို့အိမ်ဘေးတစ်နေရာမှာသူ့ဘာသာသူမြေကျင်းကလေးတူး မြက်ခြောက်တွေ အဝတ်စုတ်တွေစုဆောင်းပြီးဝပ်ကျင်းကလေးပြင်ထားပြီးမှမွေးတာဗျ။

သားဦးဆိုတော့မွေးရခက်နေတာများ တစ်ကောင်ချင်း တစ်ကောင်ချင်းမွေးနေတာ အချိန်တော်တော်ကြာသူ့ခမျာ ဝေဒနာခံရရှာတယ်။အိမ်ရှင်အဒေါ်ကြီးကလည်း
ခွေးချစ်တတ်သူဆိုတော့သူကိုယ်တိုင်စိတ်ရှည်လက်ရှည် စောင့်ပြီးလုပ်ပေးတယ်။

မိပြည့်ကလေးမွေးနေတုန်း စိတ်ပူနေသူတွေထဲမှာအိမ်ရှင်အဒေါ်ကြီးသာမက ခွေးမကြီးမိဖြူလည်းပါသေးတယ်ဗျ။မိဖြူကတော့အသက်ဆယ်နှစ်လောက်ရှိပါ ပြီ။တားဆေးထိုးထားလို့ သူကတော့ကလေးမမွေးပါဘူး။

ဒါပေမဲ့ မိပြည့်ကလေးမွေးတဲ့နေရာမှာသူကအချိန်ပြည့်စောင့်ပေးတယ်။မိပြည့်ဗိုက်ထဲကထွက်လာတဲ့ကလေးတွေကိုသူကလည်းလျှာနဲ့လျက်ပြီးပြုစုပေးတယ်။ကလေးညှစ်တဲ့အခါမိပြည့်ကနာလို့အော်ရင်မိဖြူကလည်းလိုက်အော်တယ်။

မိပြည့်ကလေးမွေးနေချိန်မှာကျွန်တော်တို့လင်မယားလည်းသွားကြည့်သေးတယ်။သူ့ခမျာ ကလေးတွေကို တစ်ကောင်ချင်းညှစ်နေရလို့ နာကျင်နေတဲ့ကြားကကျွန်တော်တို့ကိုကြိုးစားပြီးပြုံးပြနေရှာသေးတယ်ဗျ။

ကလေးမွေးပြီးတော့ မိပြည့်တစ်ကောင်ကံမကောင်းရှာဘူး။မွေးပြီးသုံးရက်လောက်အကြာမှာသေသွားရှာတယ်။တိရစ္ဆာန်ဆေးကုဆရာဝန်လာကြည့်ပေမဲ့နောက်ကျသွားခဲ့တယ်။

ဗိုက်ထဲမှာ အချင်းကျန်နေလို့သေရရှာသတဲ့ဗျ။တားဆေးထိုးထားပါလျက်နဲ့ကိုယ်ဝန်ရှိလာတဲ့ခွေးမတွေဟာ သန္ဓေသားလောင်းတွေနဲ့အတူသက်ဆိုင်ရာအင်္ဂါအစိတ်အပိုင်းတွေကလိုက်လျောညီထွေမပြောင်းလဲလာတဲ့အတွက်ဒီလိုပဲမွေးရခက်ခဲပြီးအသက်အန္တရာယ်ကြုံရတတ်တယ်တဲ့ဗျ။

ခွေးပေါက်စကလေး(၆)ကောင်ကိုတော့အိမ်ရှင်အဒေါ်ကြီးက နို့ဘူးတိုက်ပြီးမွေးတယ်။အဲဒီမှာထူးခြားတာက ခွေးမကြီးမိဖြူကခွေးကလေးတွေကိုမိခင်အရင်းလိုပြုစုတာပါပဲဗျ။

မိခင်အရင်းလိုပဲခွေးကလေးတွေကိုရင်အုပ်မကွာစောင့်ရှောက်တယ်။

သူ့မှာနို့မထွက်ပေမဲ့ ခွေးကလေးတွေကိုနို့တိုက်တယ်။ခွေးကလေးတွေကလည်းမိခင်ရင်းလိုပဲမှတ်ပြီးနို့စို့ကြတယ်။နို့မထွက်လို့ကိုက်ဆွဲထားလိုက်ကြတာများ မိဖြူရဲ့နို့သီးလေးတွေမှာအနာတွေတောင်ဖြစ်နေတယ်။

(မေတ္တာရှင်ခွေးမကြီး မိဖြူ…)

မိပြည့်လုပ်သွားခဲ့တဲ့ဝပ်ကျင်းကလေးထဲမှာခွေးပေါက်စကလေးတွေ နဲ့ချစ်ပြနေလိုက်ပုံများ ကျွန်တော်တို့လိုမြင်ရတဲ့လူတွေတောင်ထူးဆန်းတဲ့ပီတိတစ်မျိုးကိုခံစားရတယ်ဗျ။

ဘာမဟုတ်တဲ့အဟိတ်တိရစ္ဆာန်ခွေးမတစ်ကောင်ကမိမိရင်သွေးမဟုတ်တဲ့ခွေးကလေးတွေကိုမိခင်မေတ္တာထားနိုင်တာကိုအံ့သြချီးကျူးမိတယ်ဗျ။

ဒါကိုမြင်ရတော့မိမိတို့ရဲ့ရင်သွေးကိုအမှိုက်ပုံလိုနေရာတွေမှာမညှာမတာစွန့်ပစ်တတ်ကြတဲ့လူသားတချို့ထက်တောင်ခွေးမကြီးမိဖြူရဲ့စိတ်ဓာတ်ကပိုပြီးမွန်မြတ်နေပါရောလားလို့တွေးမိတယ်ဗျ။

ဒီလိုနဲ့ခွေးကလေးတွေကိုမေတ္တာရှင်ခွေးမကြီးမိဖြူကပြုစုစောင့်ရှောက်လာခဲ့တာ ခွေးကလေး(၆)ကောင်အနက်သုံးကောင်ဖိတ်စင်သွားခဲ့ပြီးခွေးထီးကလေးသုံးကောင်ခွေးလားမြောက်ခဲ့တယ်။အဲဒီသုံးကောင်အနက်နှစ်ကောင်ကိုမွေးချင်တဲ့သူတွေယူသွားကြလို့ ဝက်ဝံ ဆိုတဲ့တစ်ကောင်ပဲကျန်ခဲ့တယ်။အဲဒီကောင်ကလည်း
အတော်ထွားကျိုင်းလေတော့သူ့ရဲ့မွေးစားမိခင်မိဖြူထက်တောင်အလုံးအထည်ကြီးနေပါပြီ။ခွေးမကြီးမိဖြူကတော့ခုချိန်ထိ ဝက်ဝံ ကိုအယားကုတ်ပေးဆဲ လျှာနဲ့လျက်ပေးနေဆဲပါပဲ။

မေတ္တာရှင်ခွေးမကြီးမိဖြူပေါ့ဗျာ။

ဒီနေ့မနက်လမ်းလျှောက်ထွက်ရင်း မိဖြူကကျွန်တော်တို့ကိုမြင်တော့ လမ်းဘေးမှာအိပ်နေရာကထပြီးအူသံပေးပြုံးပြနေတာနဲ့ ဓာတ်ပုံရိုက်ထားလိုက်တယ်။မေတ္တာရှင်ခွေးမကြီးမိဖြူအကြောင်းကိုသူငယ်ချင်းတို့သိရှိပြီး ဖြူစင်တဲ့ပီတိရသကိုခံစားနိုင်ဖို့ ဒီစာစုကလေးကိုလည်းရေးဖြစ်လိုက်တယ်လေ။