News

“ကိုယ်ခန့်ထားတဲ့ ဝန်ကြီး ကိုယ်ပြန်ဖမ်းပြီး နေအိမ်ကိုပါ ချိတ်ပိတ်လိုက်တဲ့ စကစ”

BVJ-မတ်၂၃၊၂၀၂၂

အာဏာသိမ်းစစ်ကောင်စီခန့် ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ စီးပွားကူး သန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်သန်းဦးကို ဒီနေ့ မတ်လ၂၃ရက်၊နေ့လည်ပိုင်းက သူ့ရုံးခန်းမှာ လာဖမ်းသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် သန်လျင်မြို့နယ်မှာရှိတဲ့ ဦးအောင်သန်းဦး ပိုင်ဆိုင်မှုတွေကိုလည်း စစ်ကောင်စီက ထချိတ်ပိတ်လိုက်တယ်ဆိုတာ ဒေသခံတွေကပြောပါတယ်။

ဘာကြောင့် ဖမ်းဆီးရတယ်ဆိုတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းက မြေလွတ်၊ မြေရိုင်းတွေ နေရာချထားမှုနဲ့ ပတ်သက်တယ်လို့ လည်း သတင်းတွေထွက်နေပါတယ်။

ဦး‌အောင်သန်းဦးဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ သံလျင်မြို့နယ် မဲဆန္ဒနယ်ကနေ ပြည်ခိုင်ဖြို့း(USDP)ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သူဖြစ်ပါတယ်။

မနေ့ကလည်း စစ်ဗိုလ်ချုပ်တွေနဲ့နီးစပ်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း စီးပွားရေးလုပ်ငန်းရှင်ကြီး ဇေကမ္ဘာခင်ရွှေနဲ့သူ့သား ဇေသီဟတို့ကို မြရိပ်ညိုဟိုတယ်နဲ့ ခြံဝင်း ငှားရမ်းမှု သဘောတူညီချက်ဖောက်ဖျက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားပါတယ်။

ဦးအောင်သန်းဦးဖမ်းဆီးခံရမှုဟာ ဇောကမ္ဘာခင်ရွှေတို့သားအဖ အဖမ်းခံရတာနဲ့ ဆက်စပ်နိုင် တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေရှိနေပေမယ့် လတ်တလောမှာတော့ အတည်ပြုလို့မရသေးပါဘူး။