ဗဟုသုတ

“တစ်ချိန်က နာမည်ကျော်ကြား ထင်ရှားခဲ့တဲ့ သမိုင်းဝင် ပိုးလမ်းမကြီး ဆိုသည်မှာ. . “

ဘီစီ ၂ – ရာစု အချိန်ခန့်မှစ၍ အာရှ ရှိ တရုတ် နှင့် ဥရောပရှိ ရောမတို့အကြား ကူးသန်း ရောင်းဝယ်မှုပြုလုပ်ခဲ့ရာ အရှည် မိုင် – ၄၀၀၀ ကျော်ရှိသည့် ရှေးခေတ် ခရီးသွားလမ်းကြောင်းဖြစ်သည် ။

ပိုးလမ်းမသည် လမ်းကြောင်းကွန်ယက် များစွာရှိပြီး တရုတ်နှင့် ရောမဒေသကို ဆက်သွယ်ထားသည် ။

တရုတ်နိင်ငံမှ ထွက်ရှိရာ အဝတ်အထည်များ ၊ ပိုးထည်များကို ကူးသန်း ရောင်းဝယ်ခဲ့သဖြင့် Silk Road ဟု အမည်ကျော်သည် ။

၁၅ – ရာစုနောက်ပိုင်း ဥရောပ မှ အာရှ သို့ သွားရောက်သည့် ရေလမ်းခရီးကို တွေ့ရှိပြီးနောက် Silk Road ခေါ်ပိုးလမ်းမ မှ ကုန်သွယ်မှုသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည် ။

လမ်းကြောင်းများ

ဘီစီ ၂ – ရာစု တရုတ်၏ Han dynasty ခေတ် အစ အချိန်က ဤလမ်းကြောင်းသည် ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်း မဟုတ်ဘဲ တရုတ်မြောက်ပိုင်းမှ ကျူးကျော်သူများကို ချီတက် တိုက်ခိုက် ရာလမ်းကြောင်းသာဖြစ်သည် ။

Han dynasty ခေတ် ခိုင်မြဲလာပြီးနောက် ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများပေါ်ထွန်းလာခဲ့သည် ။

Silk Road တွင် အဓိကလမ်းကြောင်းများစွာ ပါဝင်သည် ။ အလွန်ကြမ်းတမ်းတဲ့ ရာသီဥတု ရှိရာဒေသများ ၊ ကန္တာရများကို ဖြတ်ကျော် ရသဖြင့် ခရီးသွားအများစု မှာ ကုလားအုပ်များ ၊ မြင်းများကို အသုံးပြုပြီးသွားလာကြသည် ။

ယဉ်ကျေးမှု နှင့် အနုပညာ ပျံ့နှံ့လာရာလမ်းကြောင်း

ဤလမ်းကြောင်းမှတဆင့် တရုတ်နိင်ငံ၏ စီးပွားရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု ၊ အပြောင်းလဲများ ရာစုနှစ်ပေါင်းများစွာ ဖြစ်ပေါ်စေခဲ့သည် ။

ဘီစီ ၆ – ရာစုအချိန်က အိန္ဒိယ မြောက်ပိုင်းမှ စတင်ခဲ့သည့် ဗုဒ္ဓဘာသာ အယူဝါဒများသည်လည်း အေဒီ ၁ – ရာစုအချိန်တွင် ဤလမ်းကြောင်းမှတဆင့် တရုတ်နိင်ငံသို့ ပျံ့နှံ့လာခဲ့သည် ။

ထိုအခါ တရုတ်တို့၏ အဆောက်အဦး ပုံစံများမှာ ဗုဒွဘုရားကျောင်းစတိုင်များ ဖြစ်လာကာ ရုပ်ထုများ ၊ ပန်းချီကားများ မှာလည်း ဗုဒ္ဓယဉ်ကျေးမှု အငွေ့ အသက်များ ပျံနှံ့လာခဲ့သည် ။

အေဒီ ၃ – ရာစု Han dynasty ခေတ်ကျဆုံးပြီးနောက် ပိုးလမ်းမကြီးသည်လည်း ကူးသန်း ရောင်းဝယ်မှု နည်းသွားခဲ့ပြီး အေဒီ ၇- ရာစု Tang dynasty လက်ထက်တွင် ပြန်လည်ထွန်းကားလာခဲ့သည် ။

အေဒီ ၆ – ရာစု အချိန်က ခရီးသွားများသည် ပိုးလမ်းမကြီးတလျှောက်ခရီးသွားလာရင်း ဂူ နံရံများတွင် ပန်းချီကားများ ရေးဆွဲခဲ့ကြသည် ။ ထိုနံရံပန်းချီကားများမှာ ယနေ့အချိန်တွင် World Heritage Site အဖြစ် တည်ရှိသည် ။

Caravan on the Silk Road

အေဒီ ၆ – ရာစုအချိန်ကရေးဆွဲခဲ့သည့် ပိုးလမ်းမတလျှောက်ရှိ ဂူနံရံမှ ပန်းချီကားများ ဖြစ်သည် ။ ထိုနံရံပန်းချီကားများကိုဂူပေါင်း ၄၂၀ – ခန့်တွင် တွေ့ရှိရပြီး အများစုမှာ တရုတ်နိင်ငံ Gansu ခရိုင် Dunhuang ဒေသတွင် တွေ့ရှိရသည် ။

၁၉၈၇ – အချိန်က ထိုဂူများအား ကမ ္ဘာ့ ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့၏ World Heritage Site အဖြစ် သတ်မှတ်ခဲ့သည် ။

Tang dynasty ခေတ်တွင် ကူးသန်းရောင်းဝယ်မှု အလွန်ထွန်းကားခဲ့ပြီး အာရှ အလယ်ပိုင်းမှ အစ္စလမ်၊ ပါရှန် ယဉ်ကျေးမှုများ ၊ ဂီတ အနုပညာများ တရုတ်ပြည်သူများအပေါ် များစွာပျံနှံ့လာခဲ့သည် ။

အေဒီ ၁၀ – ရာစုတွင် Tang dynasty ခေတ်ကျဆုံးပြီး ပိုးလမ်းမကြီးမှ ကူးသန်း ရောင်းဝယ်မှု တဖန်နည်းပါး သွားခဲ့ပြန်သည် ။

အေဒီ ၁၃ – ရာစုတွင် မွန်ဂိုအင်ပါယာသည် တရုတ်ထိ ကျယ်ပြန့်လာပြီးနောက် သည်လမ်းမှ ကူးသန်း ရောင်းဝယ်မှုပြန်လည်ထွန်းကားလာခဲ့ပြန်သည် ။

၁၂၇၁ ခုနှ စ်အချိန်က ဗင်းနစ်မြို့သား မာကိုပိုလိုသည် ဤ ပိုးလမ်းမတလျှောက် ခရီးသွားခဲ့ပြီး တရုတ် နှင့် မြန်မာနိင်ငံ ပုဂံဒေသသို့ ရောက်ရှိခဲ့သည်ဟု မှတ်တမ်းများမှ ဆိုသည် ။

(တချို့ကတော့ မာကိုပိုလိုသည် ပုဂံသို့ မရောက်ခဲ့ဟု ဆိုကြသည်) ။ ထိုအချိန်က မာကိုပိုလို၏ ခရီးသွား မှတ်တမ်းသည် ဥရောပတွင် အလွန်ကျော်ကြားခဲ့သည်။

အေဒီ ၁၅ – ရာစုတွင် ဥရောပမှ အာရှ သို့သွားသည့် ရေလမ်းခရီးကို တွေ့ရှိပြီးနောက် ပိုးလမ်းမတလျှောက် ကန္တာရ ခရီးသွား ကုန်သွယ်မှုများ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည် ။

Takla Makan Desert

တရုတ်နိင်ငံအနောက်မြောက်ဒေသမှ ပိုးလမ်းမတလျှောက်ရှိ Takla Makan ကန္တာရအမည် ဖြစ်သည် ။ ကန္တာရ ခရီးသွားများသည် ကုလားအုပ် ၊ မြင်း နှင့် မြည်း စသည့်တိရစ္ဆာန်များကို ကုန်စည် သယ်ဆောင်ရန် အသုံးပြုကြသည် ။

ယနေ့ပိုးလမ်းမ

ပိုးလမ်းမသည် ယနေ့အချိန်တွင် ကုန်သွယ်လမ်းကြောင်း အနေဖြင့် အရေးပါမှု မရှိတော့သော်လည်း ရှေးခေတ်အချိန်က ခရီးသွားများ ရပ်နား နေထိုင်ခဲ့ရာနေရာများ ၊ ဂူနံရံပန်းချီကားများ ၊ ရှေးခေတ် ဗိသုကာ လက်ရာများစွာ ကျန်ရှိနေဆဲဖြစ်သည်။

ထိုနေရာများသည် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် တည်ရှိပြီး ထင်ရှားသည့် ခရီးသွားများအား ဆွဲဆောင်ရာနေရာ ဖြစ်သည် ။

သို့သော် တရုတ်နိင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာသည့် စီးပွားရေး နှင့်အတူ ခေတ်သစ်ပိုးလမ်းမ ကုန်သွယ်ရေးသည်လည်း တဖန်ပြန်လည် နိုးကြားလာခဲ့ကြသည် ။

ပိုးလမ်းမ အသစ်များကိုလဲ ချဲ့ထွင်ရန် စဉ်းစားလာခဲ့ကြသည် ။

နောက်ဆုံး ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် စီမံကိန်းများကို နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။

ရေးသားသူ – Academy

𝐶𝑟𝑒𝑑𝑖𝑡:𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑊𝑟𝑖𝑡𝑒𝑟