ဗဟုသုတ

“ကျွန်တော်နေထိုင်ရာ ​ကမ္ဘာမြေနဲ့ အတော်လေးဆင်တူတဲ့ အနီးဆုံးအမွှာဂြိုဟ် – “Kepler-452b” အကြောင်း”(ရုပ်သံ)

စကြဝဠာထဲမှာ ဂြိုဟ်ပေါင်း ထရီလီယံနဲ့ချီပြီးရှိတဲ့ထဲကမှ လူသားတွေ ထောက်လှမ်းရှာဖွေတွေ့ရှိခဲ့တဲ့ ကမ္ဘာမြေကြီးနဲ့ဆင်တူတဲ့ ဂြိုဟ်ပေါင်းများစွာရှိနေပြီး အဲ့ဒီဂြိုဟ်တွေထဲကမှ ကမ္ဘာနဲ့အတော်လေးဆင်တူတဲ့ “Kepler-452b” လို့ခေါ်တဲ့ ဂြိုဟ်တစ်လုံးအကြောင်း အနည်းငယ်ပြောကြရအောင်ပါ။ Kepler-452bဂြိုဟ်ကို NASAရဲ့ Keplerအာကာသတယ်လီစကုပ်မှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း ၂၀၁၅ခုနှစ်၊ ဇူလိုင်၂၃ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။

Kepler-452bရဲ့ ဂြိုဟ်တည်ဆောက်ဖွဲ့စည်းပုံဟာ ကမ္ဘာမြေကြီးလို ကျောက်သားဖွဲ့စည်းမှုမျိုးဖြစ်ပြီး အရွယ်အစားကလည်း ကမ္ဘာနဲ့သိပ်မကွာလှပါဘူး။ Kepler-452bဂြိုဟ်ရဲ့ အချင်းဝက်ဟာ ကမ္ဘာ့အချင်းဝက်ရဲ့ ၁.၅ဆရှိတာဖြစ်လို့ ကမ္ဘာထက်တော့ အနည်းငယ်ပိုကြီးပါတယ်။ အပူချိန်အနေနဲ့လည်း ပျမ်းမျှခြင်းအဖြင့် အနုတ်၈ဒီဂရီဆဲလ်စီးယပ်စ်(256 K)သာရှိတာကြောင့် အနည်းငယ်အေးမြပြီး လူသားတွေနေထိုင်နိုင်တဲ့အနေအထားရှိတဲ့ ဂြိုဟ်တစ်လုံးဖြစ်ပါတယ်။ Kepler-452bဂြိုဟ်မှာလည်း အခြားဂြိုဟ်များနည်းတူ မိခင်ကြယ်တစ်လုံးရှိပြီး ၄င်းကြယ်ကိုတော့ Kepler-452လို့အမည်ပေးထားပါတယ်။

ကမ္ဘာနဲ့ နေရဲ့ကြားအကွာအဝေးကို 1AUအဖြစ်သက််မှတ်ထားပြီး Kepler-452bဂြိုဟ်နဲ့ မိခင်ကြယ်(Kepler-452)တို့က 1.04AUကွာတာကြောင့် ကမ္ဘာမြေကြီးနဲ့အတော်လေးဆင်တူပြီး ကမ္ဘာကနေကိုတစ်ပတ်ပြည့်ဖို့အတွက် ကြာချိန်အားဖြင့် ၃၆၅ရက်ခန့်ကြာမြင့်ချိန်မျာ Kepler-452bဂြိုဟ်ကတော့ မိခင်ကြယ်(Kepler-452)ကို တစ်ပတ်ပြည့်အောင်လှည့်ပတ်ဖို့အတွက် ၃၈၄ရက်ကြာမြင့်တာကြောင့် ကမ္ဘာဂြိုဟ်နဲ့ အတော်လေးဆင်တူပါတယ်။ ဂြိုဟ်နဲ့ မိခင်ကြယ်တို့ရဲ့အကွာအဝေးဟာ ဂြိုဟ်ရဲ့အပူချိန်အပေါ် ​သက်ရောက်မှုရှိပြီး ယခု Kepler-452bဂြိုဟ်ဟာ Kepler-452ကြယ်နဲ့ မဝေးလွန်းမနီးလွန်းတဲ့ 1.04AUအကွာအဝေးမှာရှိနေတာမို့လို့ ဒါဟာ ကြယ်တစ်လုံးရဲ့ Habitable Zone အတွင်း တည်ရှိတယ်လို့ ဆိုနိုင်ပါတယ်။

– (Habitable Zone ဆိုတာကတော့ ကြယ်တစ်လုံးနဲ့ မနီးလွန်းမဝေးလွန်းတဲ့အကွာအဝေးပတ်ဝန်းကျင်ဖြစ်ပြီး ဒီZoneအတွင်းမှာတည်ရှိတဲ့ဂြိုဟ်တွေပေါ်မှာ ရေဟာ အရည်အခြေအနေနဲ့တည်ရှိနိုင်တာကြောင့် ဒီလိုအကွာအဝေးမျိုးမှာရှိတဲ့ဂြိုဟ်တွေပေါ်မှာ သက်ရှိတွေရှင်သန်နိုင်စွမ်းရှိနိုင်ပါတယ်။)

Kepler-452bဂြိုဟ်ဟာ အချင်းဝက်အားဖြင့် ကမ္ဘာထက် ၁.၅ဆသာကြီးတယ်ဆိုပေမယ့် ဂြိုဟ်ရဲ့ဒြပ်ထုအလေးချိန်ကတော့ ကမ္ဘာထက် ၅ဆလောက် ပိုမိုကြီးမားနေပါတယ်။ ဂြိုဟ်ရဲ့မြေဆွဲအားကလည်း ကမ္ဘာ့မြေဆွဲအားထက် ၂ဆလောက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဂြိုဟ်ရဲ့ကြီးမားတဲ့ဒြပ်ထုနဲ့ သိပ်သည်းဆတွေကြောင့် ဒီဂြိုလ်ရဲ့မျက်နှာပြင်ပေါ်မှာလည်း ကမ္ဘာ​ပေါ်မှာလို လှုပ်ရှားနေတဲ့မီးတောင်ရှင်တွေ ရှိပါတယ်။ လေ့လာမှုတွေအရ Kepler-452bဂြိုဟ်ပေါ်မှာ အချို့ဓာတ်ငွေ့တွေ​က ဖန်လုံအိမ်အာနိသင်(Greenhouse Effect)ကို ဖြစ်ပေါ်နေစေတာကြောင့် ဂြိုဟ်ရဲ့အပူချိန်ကို အာကာသထဲပျံ့နှံ့သွားခြင်းမှ ပိတ်လှောင်ကာကွယ်ပေးထားကာ ဂြိုလ်ရဲ့အပူချိန်ကို အနုတ်၈ဒီဂရီဆဲလ်စီးယပ်စ်လောက််မှာ ထိန်းသိမ်းထားပေးထားနိုင်စွမ်းရှိပြီး ဒီအပူချိန်က ကမ္ဘာမြေကြီးထက်တော့ အနည်းငယ်ပိုအေးပါတယ်။

ဂြိုလ်ပေါ်မှာ ဖန်လုံအိမ်အာနိသင်ဖြစ်စေတဲ့ဓာတ်ငွေ့တွေ တည်ရှိနေတာကြောင့် တိမ်တိုက်တွေလည်းဖြစ်တည်နေပြီး ဂြိုလ်တစ်ခုလုံးနီးပါးကို ထူထဲလှတဲ့တိမ်တိုက်ကြီးတွေက ဖုံးအုပ်ထားကြောင်း ရောင်စဉ်ခွဲတိုင်းတာခြင်းတွေအရ သိရှိရပါတယ်။ Kepler452bဂြိုဟ်နဲ့ သူ့ရဲ့မိခင်ကြယ်တို့ကြားအကွာအဝေးဟာ ကမ္ဘာနဲ့နေရဲ့ကြားအကွာအဝေးနဲ့ယှဉ်ရင် ကွာဟချက်များစွာမရှိခြင်းနဲ့အတူ မိခင်ကြယ်များဖြစ်ကြတဲ့ နေနဲ့ Kepler452တို့ရဲ့အရွယ်အစားတွေကလည်း သိပ်မကွာတာကြောင့် Kepler-452bဂြိုလ်ပေါ်ကနေ Kepler-452ကြယ်ကိုကြည့်မယ်ဆိုရင် ကမ္ဘာပေါ်ကနေ နေကိုလှမ်းမြင်ရတဲ့ အရွယ်အစားနီးပါးအတိုင်း မြင်တွေ့ရမှာပါ။

Kepler-452ကြယ်ဟာ နေထက် အနည်းငယ်ပိုကြီးတာကြောင့် Kepler-452bဂြိုဟ်ပေါ်ကမြင်ရမယ့် Kepler-452ကြယ်ရဲ့တောက်ပမှုဟာ ကမ္ဘာကနေလှမ်းမြင်ရတဲ့နေထက် ၂၀ရာခိုင်နှုန်းလောက် ပိုမိုတောင်ပနေမှာဖြစ်ပါတယ်။ ဒါကြောင့် ဂြိုလ်ပေါ်ကနေကြယ်ကို မျက်လုံးအကာအကွယ်မပါဘဲ ဒီတိုင်းကြည့်မယ်ဆိုရင်တော့ တော်တော်လေးအလင်းအားပြင်းထန်စူးရှနေမှာဖြစ်ပါတယ်။ အလင်းရောင်ပိုမိုရရှိတာကြောင့် ဂြိုလ်ပေါ်ကနေရရှိမယ့် စွမ်းအင်ပမာဏဟာ နေဆီကနေ ကမ္ဘာကိုပေးစွမ်းနိုင်တဲ့ စွမ်းအင်ပမာဏထက် ၁၀ရာခိုင်နှုန်းလောက် ပိုမိုရရှိနိုင်မှာဖြစ်တာကြောင့် တော်တော်လေးကောင်းမွန်တဲ့ နေရာတစ်ခုအဖြစ်ရှိနေပါတယ်။

Kepler-452bဂြိုဟ်ကို ကမ္ဘာရဲ့အမွှာဂြိုလ်တစ်လုံးအဖြစ် တင်စားရလောက်တဲ့အထိ သက်ရှိတွေအတွက်သင့်တော်တဲ့ အခြေအနေတွေတည်ရှိနေခြင်းဟာ ၄င်းရဲ့မိခင်ကြယ်အပေါ်မှာလည်း များစွာမူတည်တာကြောင့် Kepler-452bဂြိုဟ်ရဲ့ မိခင်ကြယ်ဖြစ်တဲ့ Kepler-452ကြယ်နဲ့ ကျွန်တော်တို့ကမ္ဘာမြေရဲ့ မိခင်ကြယ်ဖြစ်တဲ့ နေ(the Sun)တို့ကို အနည်းငယ်နှိုင်းယှဉ်ကြည့်ရအောင်ပါ –

(1) – နေနဲ့ Kepler-452နှစ်မျိုးစလုံးဟာ G-typeကြယ်တွေပဲ ဖြစ်ပြီး အဝါရောင်အတန်းစားကြယ်တွေလည်းဖြစ်ကြပါတယ်။ – (အဝါရောင်ဟာ ကြယ်ရဲ့အရောင်ကိုမရည်ညွှန်းပါ)

(2) – Kepler-452ကြယ်ဟာ နေထက် အနည်းငယ်(၃.၇ ရာခိုင်နှုန်းခန့်) ဒြပ်ထုပိုကြီးပါတယ်။

(3) – အရွယ်အစားအနေနဲ့လည်း Kepler-452ကြယ်က နေထက် ၁၁ရာခိုင်နှုန်းလောက် ပိုကြီးပါတယ်။

{4) – Kepler-452ကြယ်ရဲ့ မျက်နှာပြင်အပူချိန်ဟာ ၅၄၈၃ဆဲလ်စီးယပ်စ်(5757 K)ရှိပြီး နေရဲ့မျက်နှာပြင်အပူချိန်ကတော့ ၅၅၀၄ဆဲလ်စီးယပ်စ်(5778 K)ရှိပါတယ်။

(5) – သက်တမ်းအားအနေနဲ့ Kepler-452ကြယ်ဟာ နှစ်ပေါင်း၆ဘီလီယံလောက် သက်တမ်းရှိပြီဖြစ်ပြီး ကျွန်တော်တို့ရဲ့နေမင်းကြီး(the Sun)ကတော့ နှစ်ပေါင်း ၄.၆ဘီလီယံသာရှိသေးတာဖြစ်လို့ Kepler-452က များစွာ သက်တမ်းပိုရင့်နေပြီဖြစ်ပါတယ်။

ကမ္ဘာမြေနဲ့ ဆင်တူလွန်းတဲ့ Kepler-452bဂြိုဟ်ဟာ ကျွန်တော်တို့ရဲ့ဌာနေဖြစ်တဲ့ နေအဖွဲ့အစည်း(Solar System)ကနေ အလင်းနှစ်၁၈၀၀အကွာအဝေးမှာတင် တည်ရှိနေတာကြောင့် “ကမ္ဘာ​ရဲ့အနီးဆုံးအမွှာဂြိုဟ်”လို့တောင် တင်စားခံထားရပါတယ်။ ဒါပေမယ့် အလင်းနှစ်၁၈၀၀ဆိုတာဟာ ခပ်နီးနီးပမာဏတော့မဟုတ်ဘဲ အလင်းအလျင်နဲ့ တစ်ဖြောင့်တည်းသွားမယ်ဆိုရင်တောင် နှစ်ပေါင်း၁၈၀၀ကြာမယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။

ရုပ်သံ ကြည့်ရန်

လက်ရှိ အမြန်ဆုံးယာဉ်အဖြစ် စံချိန်တင်ထားတဲ့ New Horizon အာကာသယာဉ်ကတောင် တစ်စက္ကန့်ကို၉.၇မိုင်နှုန်းသာ ခရီးနှင်နိုင်တာကြောင့် လက်ရှိပိုင်ဆိုင်ထားတဲ့ နည်းပညာအရ Kepler-452bဂြိုဟ်ဆီကို အရောက်သွားဖို့အတွက်ဆိုရင် နှစ်ပေါင်းသန်း၃၀လောက်အထိ အချိန်ယူရမှာဖြစ်ပါတယ်။ ဒါကြောင့် လူသားတွေအနေနဲ့ ဒီလိုဂြိုဟ်တွေကို ကိုလိုနီပြုနိုင်ဖို့ဆိုရင်တော့ အလင်းအလျင်နဲ့ခရီးသွားနိုင်ရင်တောင် လုံလောက်ဦးမှာမဟုတ်ဘဲ Worm Hole ကဲ့သို့ ဖြတ်လမ်းက သွားလို့ရမယ့် နည်းလမ်းတွေကို ရှာဖွေနိုင်ဖို့လိုအပ်ပါတယ်။

SOURCE : NASA

#MyanmarSciencePlatform

𝗶𝗺𝗮𝗴𝗲 𝗰𝗿𝗲𝗱𝗶𝘁 : NASA