ဗဟုသုတ

“ဂြိုဟ်တွေအားလုံး အလုံးပုံ ဖြစ်နေရတဲ့ အကြောင်းအရင်း နှင့် ဂြိုလ်တွေ လည်ပတ်ဖို့ စွမ်းအင် ဘယ်ကရသလဲ?. . .

ဂြိုဟ်တွေအားလုံး ဘာကြောင့်အလုံးပုံဖြစ်နေရတာလဲ။ ဂြိုဟ်တွေ လည်ပတ်နေရတာကရော ဘာကြောင့်လဲ။ လည်ပတ်ဖို့အတွက် စွမ်းအင်တစ်ခုခုလိုအပ်သလား။
ကျွန်တော်တို့နေအဖွဲ့အစည်းထဲမှာရှိတဲ့ ဂြိုဟ်၈လုံးအပါအဝင် နေအဖွဲ့အစည်းပြင်ပကဂြိုဟ်(exoplanet)တွေအားလုံးဟာလည်း ဒုချွန်ပုံ၊ ကုဗတုံးပုံ၊ အပြားပုံ၊ ဆလင်ဒါပုံတွေဖြစ်မနေဘဲ လုံးဝန်းတဲ့ပုံစံချည်းပဲရှိနေတာကို သိကြမှာပါ။ ဂြိုဟ်တွေအားလုံး ဘာကြောင့်ဒီလိုလုံးဝန်းနေကြတယ်ဆိုတာကို ​ပြောဖို့အတွက် ဂြိုဟ်တွေဘယ်လိုစတင်ဖွဲ့စည်းလာခဲ့တယ်ဆိုတာကိုပါ သဘောပေါက်ဖို့လိုအပ်ပါတယ်။

ဂြိုဟ်တွေ ဘယ်လိုနည်းနဲ့ ဖွဲ့စည်းဖြစ်ပေါ်လာခဲ့ကြတာလဲ။

– ဂြိုဟ်တွေဘာကြောင့် လည်ပတ်နေတာလဲ

Nebularလို့ခေါ်တဲ့ ဓာတ်ငွေ့မျိုးစုံပါဝင်တဲ့ ဓာတ်ငွေ့တိမ်တိုက်ကြီးတွေထဲက အမျိုးမျိုးသော အက်တမ်တွေ မော်လီကျူးတွေဟာ သူတို့ချင်းကြားကဒြပ်ဆွဲအား(gravity/မြေဆွဲအား)ကြောင့် တစ်ခုနဲ့တစ်ခုနီးကပ်လာပြီး တစ်ခုကိုတစ်ခုဖြတ်သန်းကြချိန်မှာ အချင်းချင်းကြားကဒြပ်ဆွဲအားတွေကြောင့် လမ်းကြောင်းအတည့်ကနေသွေဖည်ကာ တစ်ခုကိုတစ်ခု လှည့်ပတ်သွားကြပါတယ်။ ဒီလိုမျိုးလှည့်ပတ်ကြရာကနေ နောက်ဆုံးမှာ အလယ်ခေါင်နေရာမှာ စုပုံမှုတွေများပြားလာပြီးနောက် ကြယ်လောင်း(protostar)တစ်စင်းကို မွေးဖွားလာပါတော့တယ်။

ဒီကြယ်လောင်းဟာလည်း မူလကတည်းက အမှုန်တွေချင်းလှည့်ပတ်နေတဲ့အရှိန်ကြောင့် ဆက်လက်လည်ပတ်နေပါတယ်။ ဒါနဲ့တစ်ပြိုင်တည်းမှာပဲ အမှုန်တွေချင်းလည်ပတ်နေတဲ့အရှိန်ကြောင့် အခုဏကတိမ်တိုက်အနေနဲ့ရှိခဲ့တဲ့ နက်ဗျူလာထဲကဓာတ်ငွေ့တွေဟာ ဘေးကို ချပ်ပြားဝိုင်းသဏ္ဍာန်ပြန့်ထွက်သွားပြီး ကြယ်လောင်းရဲ့ဘေးမှာ ဒီလိုလည်ပတ်နေတဲ့ချပ်ပြားဝိုင်းကိုတော့ “accretion disk” လို့ ခေါ်ပါတယ်။ အဆိုပါ accretion disk ထဲကအမှုန်အမွှားဓာတ်ငွေ့တွေဟာလည်း နက်ဗျူလာတိမ်တိုက်ထဲကဓာတ်ငွေ့တွေနည်းတူ အချင်းချင်းပြန်လည်လှည့်ပတ်စုပုံမှုတွေဖြစ်ပေါ်လာကာ ဂြိုဟ်အဖြစ်ဖွဲ့စည်းလာပြီး မူလကအမှုန်အမွှားတွေအချင်းချင်းရဲ့ကြားကလှည့်ပတ်မှုတွေ​ကနေ ကျန်ရှိနေသေးတဲ့အရှိန်ကြောင့်ပဲ ဂြိုဟ်တွေဟာလည်း ဆက်လက်လည်ပတ်နေပါတယ်။

လည်ပတ်ဖို့အတွက် စွမ်းအင်လိုအပ်သလား။

အရာဝတ္ထုတစ်ခုရွေ့လျားဖို့အတွက် သေချာပေါက်စွမ်းအင်လိုအပ်ပါတယ်။ ဂြိုဟ်တွေလည်ပတ်ဖို့အတွက်လည်း စွမ်းအင်လိုအပ်ပြီး ဒီစွမ်းအင်ကတော့ အရွေ့စွမ်းအင်ပါပဲ။ ဒီအရွေ့စွမ်းအင်ဟာ အလိုအလျောက်ဖြစ်ပေါ်လာတာမဟုတ်ဘဲ အရာဝတ္ထုတွေရဲ့ဒြပ်ထုကနေဖြစ်ပေါ်လာတဲ့ ဒြပ်ဆွဲအားကြောင့် အချင်းချင်းလှည့်ပတ်ကြရင်းကနေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ဒါကြောင့် တစ်နည်းအားဖြင့် ဒြပ်ထုအလေးချိန်ဟာလည်း စွမ်းအင်ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။ စွမ်းအင်ဟာ အသစ်ဖန်တီးလို့မရသလို ဖျောက်ဖျက်လို့လည်းမရပေမယ့်လည်း အခြားစွမ်းအင်ပုံစံအသစ်အဖြစ် အသွင်ကူးပြောင်းလို့တော့ရတာကြောင့် ဒြပ်ထု​ဟာ အရွေ့စွမ်းအင်အဖြစ်​ အပေါ်မှာပြောခဲ့တဲ့အတိုင်း ပြောင်းလဲသွားနိုင်သလို၊ အပြန်အလှန်အနေနဲ့ – အရာဝတ္ထုတစ်ခုဟာ ရွေ့လျားတဲ့အရှိန်မြန်လာတာနဲ့အမျှ သူ့ရဲ့ဒြပ်ထုဟာလည်း ပိုပိုပြီးတိုးလာပါတယ်။

ဒါကြောင့်ပဲ ဘယ်အရာဝတ္ထုမှ အလင်းရဲ့အလျင်နဲ့မရွေ့လျားနိုင်ကြောင်း ဒြပ်ထု-စွမ်းအင်အချိုးညီမျှခြင်းနိယာမက ကန့်သတ်ထားတာဖြစ်ပြီး အရာဝတ္ထုတစ်ခုရဲ့အလျင်ဟာ အလင်းအလျင်ကိုရောက်သွားမယ်ဆိုရင် သူ့ရဲ့ဒြပ်ထုပမာဏကလည်း အနန္တတန်ဖိုးဖြစ်လာမှာဖြစ်တာကြောင့် အလင်းအလျင်မရောက်ခင် အနန္တတန်ဖိုးနားနီးကပ်နေတဲ့ဒြပ်ထုအလေးချိန်ရှိတဲ့အရာတစ်ခုကို အရှိန်ဆက်တင်နိုင်ဖို့ဆိုရင် အနန္တနီးပါးတန်ဖိုးရှိတဲ့ စွမ်းအင်ပမာဏ လိုအပ်လာပါလာလိမ့်မယ်။ ဒါကြောင့် ဒြပ်ထုအလေးချိန်မရှိတဲ့ ဖိုတွန်တွေသာ အလင်းအလျင်နဲ့ရွေ့လျားနိုင်တာဖြစ်ပါတယ်။ တကယ်တော့ ဖိုတွန်တွေဟာ အက်တမ်လိုအမှုန်မျိုးလည်းမဟုတ်ဘဲ ယူနစ်တစ်ခုသပ်သပ်ပဲလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

ဒါကြောင့် ဂြိုဟ်တွေလှည့်ပတ်ရွေ့လျားလည်နေတာတွေဟာ စွမ်းအင်တစ်ခုရှိနေတာကြောင့်ဖြစ်ပြီး ဒီစွမ်းအင်ကတော့ အရွေ့စွမ်းအင်ပါပဲ။ ဒါဆိုရင် စွမ်းအင်ကိစ္စကို ခေါင်းထဲကနေ ခဏထုတ်လိုက်ပြီး လည်ပတ်နေတဲ့ကိစ္စကိုပဲ တွေးကြည့်ကြရအောင်ပါ။ ပုံမှန်တွေးကြည့်ရင်တော့ ကမ္ဘာပေါ်မှာဆိုရင် တစ်ခုခုကိုတွန်းထုတ်လိုက်ချိန်မှာ အချိန်တစ်ခုကြာရင် အရှိန်သေပြီး ရပ်တန့်သွားပေမယ့် ဂြိုဟ်တွေကတော့ နှစ်သန်းပေါင်းထောင်နဲ့ချီပြီး ဆက်တိုက်လည်ပတ်နေတာကြောင့် စွမ်းအင်တစ်ခုခုဆက်တိုက်ပေးနေတာလားလို့ အထင်မှားနေတာမျိုးလည်းရှိပါတယ်။ ဒါကြောင့် သိထားသင့်တဲ့တစ်ချက်က ရွေ့လျားခြင်းအတွက် ဘယ်လိုအားသက်ရောက်မှုမှ ဆက်တိုက်ပေးနေဖို့မလိုအပ်ပါဘူး။

အရာဝတ္ထုတစ်ခုအပေါ် အားသက်ရောက်လိုက်မယ်ဆိုရင် ရွေ့လျားခြင်းကိုဖြစ်စေတာမဟုတ်ဘဲ အရှိန်ပြောင်းလဲခြင်းကိုသာဖြစ်စေတာဖြစ်ပါတယ်။ ကမ္ဘာပေါ်ကအရာဝတ္ထုတွေအရှိန်သေသွားတတ်တယ်ဆိုတာ ကြမ်းပြင်ရဲ့ပွတ်တိုက်အား၊ လေထုရဲ့ခုခံအား၊ အစရှိတာတွေကြောင့် အရှိန်ပြောင်းလဲသွားခြင်းသာဖြစ်ပြီး အာကာသထဲမှာတော့ ဒီလိုမျိုးခုခံမယ့် ဆန့်ကျင်ဘက်အားသက်ရောက်မှုတွေမရှိနေတာကြောင့် ဆက်တိုက် ဆက်လက်ရွေ့လျားနေကြတာဖြစ်ပါတယ်။ အရာဝတ္ထုတစ်ခုအပေါ် အားတစ်ခုသက်ရောက်လိုက်မယ်ဆိုရင် အားသက်ရောက်မှာမရှိတော့ချိန်မှာလည်း အားသက်ရောက်ခဲ့တဲ့နောက်ဆုံးအရှိန်အတိုင်း အစဉ်အမြဲဆက်လက်ရွေ့လျားနေတော့မှာဖြစ်ပါတယ်။

ဒါကြောင့် ဂြိုဟ်လည်ပတ်ရွေ့လျားနေဖို့အတွက် စွမ်းအင်တွေဆက်တိုက်ပေးနေဖို့မလိုအပ်ဘဲ မူလရှိနှင့်ပြီးသားအရွေ့စွမ်းအင်ကသာ အစဉ်အမြဲဆက်လက်တည်မြဲနေတာဖြစ်ပါတယ်။ ဒါဆို ဒီကိစ္စမှာ အဓိကပါလာတဲ့ ဒြပ်ဆွဲအားဆိုတာကရော ဘယ်ကနေဖြစ်လာတာလဲ။ အချို့က မြေဆွဲအား(ဒြပ်ဆွဲအား)ဆိုတာ ကမ္ဘာ့အူတိုင်ကထုတ်ပေးတဲ့သံလိုက်အားကြောင့်ဖြစ်ပေါ်နေတာမို့လို့ ဆန့်ကျင်ဘက်သံလိုက်အားသုံးရင် လေပေါ်ပျံနိုင်မယ်လို့ထင်နေသူတွေလည်းရှိသလို မြေဆွဲအားဆိုတာ လေထုကြောင့်ဖြစ်လာတာမို့လို့ လေမရှိတဲ့လပေါ်မှာ မြေဆွဲအားမရှိဘူးလို့ယူဆနေသူတွေတောင် ရှိပါတယ်။

တကယ်တော့ ကမ္ဘာပေါ်မှာသာမက လပေါ်မှာလည်းမြေဆွဲအားရှိသလို အရာအားလုံးမှာ ကိုယ်စီကိုယ်စီမြေဆွဲအားရှိနေပါတယ်။ မြေဆွဲအားဆိုတာ ဒြပ်ထုရှိတဲ့အရာဝတ္ထုတွေကို အာကာသဟင်းလင်းပြင်ကနေရာဖယ်ပေးရတာကြောင့် ဟင်းလင်းပြင်ကွေးကောက်မှုရဲ့အကျိုးဆက်သာဖြစ်ပြီး ကမ္ဘာ့အူတိုင်နဲ့လည်းမဆိုင်သလို ကမ္ဘာ့လေထုနဲ့လည်း ဘာမှမဆိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေမှာလည်း ​ဒြပ်ဆွဲအား(မြေဆွဲအား)ရှိနေပေမယ့် မသိသာရတဲ့အကြောင်းအရင်းကတော့ ဆွဲအား၈ကနည်းပါးလွန်းတာကြောင့်လည်းမဟုတ်ပါဘဲ လူတွေချင်းကြားကဆွဲအားပမာဏထက်ပိုများတဲ့ ကြမ်းပြင်ပွတ်တိုက်အားကခုခံထားလို့သာ လူတွေအချင်းချင်းမပူးကပ်ကုန်ကြတာဖြစ်ပြီး ကြမ်းပြင်ရဲ့ပွတ်တိုက်အားကသာ လူတွေချင်းကြားကဆွဲငင်အားထက် ပိုနည်းခဲ့မယ်ဆိုရင်တော့ လူတွေချင်းပူးကပ်သွားမှာဖြစ်ပါတယ်။

ဆိုလိုချင်တဲ့သဘောကတော့ အာကာသရုပ်ဝတ္ထုမှန်သမျှနဲ့ဝေးကွာလွန်းတဲ့အာကာသတစ်နေရာမှာ လူနှစ်ယောက်ကို ခွဲထားရင်လည်း အချိန်တန်ရင် ပူးကပ်သွားကြမယ့်သဘောပဲဖြစ်ပါတယ်။ ဒါဆို ဂြိုဟ်တွေ၊ လတွေကရော ဘာလို့မပူးကပ်ကုန်ကြတာလဲလို့ စဉ်းစားစရာလည်း ရှိလာနိုင်ပါတယ်။ အကြောင်းကတော့ Inertiaဂုဏ်သတ္တိကြောင့်ဖြစ်သလို angular momentum ကြောင့်လည်းဖြစ်ပါတယ်။ သဘောက – အရာဝတ္ထုတစ်ခုဟာ ပုံမှန်ဆိုရင် မျဉ်းဖြောင့်အတိုင်းပဲရွေ့လျားနေမှာဖြစ်ပေမယ့် အခြားအရာဝတ္ထုရဲ့မြေဆွဲအားကဖမ်းယူလိုက်ချိန်မှာ လမ်းကြောင်းကကောက်ကွေးသွားပြီး အဆိုပါအရာဝတ္ထုကို လှည့်ပတ်သွားတတ်ပါတယ်။

ဒီလိုမျိုးမြေဆွဲအားရဲ့ချုပ်နှောင်ထားမှုကြောင့်သာ လှည့်ပတ်နေရပေမယ့် သူ့မူလလမ်းကြောင်းအတိုင်း အဖြောင့်ဆက်သွားချင်တဲ့ဆန္ဒကရှိနေသေးတာကြောင့် အပြင်ကိုရုန်းထွက်နေပါတယ်။ ဒီလိုအချိန်မှာ မြေဆွဲအားက အဆမတန်ပိုများနေမယ်ဆိုရင်တော့ အရာဝတ္ထုနှစ်ခုဟာ မလှည့်ပတ်တော့ဘဲ တည့်တည့်ဝင်တိုက်မိကြမှာဖြစ်ပြီး မူလရွေ့လျားတဲ့အရှိန်က ဖြစ်သင့်တာထက်ပိုများနေမယ်ဆိုရင်တော့ ရွေ့လျားတဲ့လမ်းကြောင်းအနည်းငယ်ကောက်ကွေးသွားရုံကလွဲရင် လှည့်ပတ်မိတော့မှာမဟုတ်ဘဲ လွတ်ထွက်သွားမှာပါ။

ဒါကြောင့် ဂြိုဟ်တွေ လတွေအချင်းချင်းလှည့်ပတ်နေကြတယ်ဆိုတာဟာ အပြင်ကိုရုန်းထွက်ချင်တဲ့အားနဲ့ ဗဟိုပြုလှည့်ပတ်နေတဲ့အရာရဲ့မြေဆွဲအားက လုံးဝထပ်တူကျနေတာကြောင့်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီလိုထပ်တူကျတဲ့အခြေအနေတစ်ခုဟာ ကျပန်းအခြေအနေနဲ့ အခြားအရာဝတ္ထုတွေကို ဖမ်းယူရင်း ဖြစ်လာဖို့မလွယ်ကူပါဘူး။ ဒါပေမယ့် နေအဖွဲ့အစည်းအတွင်းက ဂြိုဟ်တွေ၊ လတွေကတော့ မူလကတည်းက angular momentum ကြောင့် နေကိုလှည့်ပတ်နေတဲ့ချပ်ပြားဝိုင်းကြီးကနေဖြစ်ပေါ်လာတာမို့လို့သာ အားတွေအကုန်လုံးကမျှတနေပြီး ဂြိုဟ်တွေရဲ့ပတ်လမ်းဟာလည်း စက်ဝိုင်းပုံဖြစ်နေကြတာပါ။

ဟုတ်ပါတယ်၊ ဂြိုဟ်တွေရဲ့ပတ်လမ်းတွေဟာ စက်ဝိုင်းပုံတွေသာဖြစ်ပါတယ်၊ ဂြိုဟ်ပတ်လမ်းတွေက စက်ဝိုင်းပုံမဟုတ်ဘဲ ဘဲဥပုံဖြစ်နေတယ်လို့​ဆိုကြတာတွေဟာ အထူးအဆန်းတစ်ခုပုံစံဖြစ်အောင်လုပ်ပြီး ချဲ့ကားအယုံသွင်းမှုတွေသပ်သပ်သာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကမ္ဘာရဲ့ပတ်လမ်းဟာ eccentricityတန်ဖိုး 0.02သာရှိတာဖြစ်တာကြောင့် လုံးဝနီးပါးစက်ဝိုင်းပုံဖြစ်နေပါတယ်။ Eccentricityတန်ဖိုးဟာ 0 ကနေ 1 အတွင်းသာရှိတာကြောင့် eccentricityတန်ဖိုး 0.02ရှိတဲ့ကမ္ဘာ့ပတ်လမ်းဟာ စက်ဝိုင်းပုံစံကနေ ၂ရာခိုင်နှုန်းသာ သွေဖည်လျက်ရှိပြီး ဘဲဥပုံကနေ ၉၈ရာရာခိုင်နှုန်းအထိတောင်သွေဖည်နေတဲ့သဘောဖြစ်နေပါတယ်။ ဒါကြောင့် ပိုနီးတာကိုယူရရင် ကမ္ဘာအပါအဝင် ဂြိုဟ်ပတ်လမ်းတွေဟာ စက်ဝိုင်းပုံတွေပါပဲ။

ဂြိုဟ်တွေ ဘာကြောင့်အလုံးပုံဖြစ်နေရတာလဲ။

ဂြိုဟ်တွေရဲ့ ကြီးမားတဲ့မြေဆွဲအား​က အရာအားလုံးကို အလယ်တည့်တည့် အတွင်းဘက်ကိုဆွဲယူတာကြောင့် လုံးနေရတယ်လို့ပြောနိုင်ပေမယ့် ဒီ့ထက်ပိုရှင်းလင်းဖို့လိုနေသေးတာကတော့ သိသာပါတယ်။ ဥပမာအားဖြင့် စောင်းပြီးမို့မောက်နေတဲ့နေရာကနေ အရာဝတ္ထုတွေလိမ့်ကျတတ်တာကို သိကြမှာပါ။ ဒီသဘောတရားအတိုင်းပဲ အာကာသထဲကလာတဲ့အရာဝတ္ထုတစ်ခုဟာ ကမ္ဘာပေါ်ကတောင်စောင်းတစ်ခုပေါ်ကိုကျသွားမယ်ဆိုရင် ဒီအရာဝတ္ထုဟာ တောင်ရဲ့အောက်ခြေဆီကိုသာ လိမ့်ဆင်းသွားမှာပါ။

ဒီလိုနဲ့ပဲ ထပ်ထပ်ပြုတ်ကျလာတဲ့အစိုင်အခဲတွေဟာ မို့မောက်နေတဲ့နေရာတွေကနေလိမ့်ကျပြီးတော့ ချိုင့်နေတဲ့နေရာတွေမှာ တဖြည်းဖြည်းဖြည့်သွားကြတာကြောင့် နောက်ဆုံးမှာ ဆွဲအားဗဟိုချက်နဲ့အနီးဆုံးနေရာကို မရရအောင်ယူကြရင်းကနေ စက်လုံပုံတစ်ခုကို ဖန်တီးမိလျက်သားဖြစ်သွားကြတာပါ။

ဥပမာအားဖြင့် ကမ္ဘာသာ အပြားပုံစံဖြစ်နေတယ်ဆိုရင် ဒီအပြားကြီးရဲ့အနားစွန်းကအရာတွေဟာ ဆွဲအားဗဟိုချက်နဲ့ပိုဝေးနေတာကြောင့် ဗဟိုချက်ဆီကိုသာဆွဲချခံရပြီး ဗဟိုချက်ရဲ့အနီးကိုသာပြေးကပ်နိုင်ဖို့ကြိုးစားကြမှာပါ။ ဆိုလိုချင်တာက ကမ္ဘာကြီးသာ အပြားကြီးဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့တွေဟာ အခုလိုမျိုး ကမ္ဘာမြေကြီးပေါ် မတ်တပ်ရပ်နိုင်ကြမှာမဟုတ်ပါဘူး၊ ကမ္ဘာအပြားကြီးရဲ့အလယ်ဗဟိုချက်ဆီကိုသာ အဆွဲခံနေမှာဖြစ်လို့ ကျွန်တော်တို့အိမ်ကြမ်းပြင်တွေကို အဆိုပါကမ္ဘာအပြားကြီးရဲ့အလယ်ဗဟိုချက်ဆီ ဥိးတည်ပြီးဆောက်လုပ်ရပါလိမ့်မယ်။ ဒီလိုနဲ့ပဲ မြေပြင်ဟာ ကျွန်တော်တို့အတွက် ကြမ်းပြင်မဟုတ်တော့ဘဲ ဘေးနံရံသာဖြစ်လာတော့မှာပါ။ ဒီလိုနဲ့ပဲ အိမ်ထဲကအိမ်ပြင်ထွက်မရတဲ့ဘဝရောက်သွားမှာဖြစ်ပြီး အိမ်ပြင်ကိုထွက်တာနဲ့ ကမ္ဘာ့အလယ်ဆီကို ကြမ်းတရွတ်ဆွဲပြီး ပါသွားမှာပါ။

ဒါကြောင့် ကမ္ဘာလုံးနေတယ်လို့ပြောတာက ရူးကြောင်ကြောင်ဖြစ်နေတယ်ဆိုရင် ကမ္ဘာပြားနေတယ်လို့ပြောတာက အဆပေါင်းများစွာ ပိုပြီး​ရူးကြောင်ကြောင်နိုင်ပါသေးတယ်။ ဂြိုဟ်သိမ်တွေတချို့နဲ့ ဥက္ကာခဲတွေက အလုံးပုံမဖြစ်နေတာကတော့ သူတို့ရဲ့မျက်နှာပြင်ပွတ်တိုက်အားက သူတို့ရဲ့မြေဆွဲအားထက်ပိုများနေတာကြောင့် အမြင့်ကိုကျလာတဲ့အရာတွေကို အောက်ဘက်လိမ့်ကျမရတော့အောင် ခုခံထားကြတာကြောင့်ဖြစ်ပါတယ်။

#MyanmarSciencePlatform

𝗶𝗺𝗮𝗴𝗲 𝗰𝗿𝗲𝗱𝗶𝘁 : G’day folks