ဗဟုသုတ

“စကြဝဠာကြီးဟာ သုတ်လွှတ်မှုတစ်ခုကနေဖြစ်ပေါ်လာတယ်လို့ ယုံကြည်တာကြောင့် နိုင်းမြစ်ထဲမှာ သုတ်လွှတ်ခြင်းမင်္ဂလာ ပြုလုပ်လေ့ရှိကြတဲ့ အီဂျစ် ဘုရင်တို့အကြောင်း”

စကြဝဠာကြီးဟာ သုတ်လွှတ်မှုတစ်ခုကနေဖြစ်ပေါ်လာတယ်လို့ ရှေးအီဂျစ်လူမျိုးတွေကယုံကြည်ထားကြပြီး ဖာရိုဘုရင်တွေဟာ အခမ်းအနားနဲ့တကွ အာသာဖြေကာ နိုင်းမြစ်ထဲကို သုတ်လွှတ်ခြင်းမင်္ဂလာ ပြုလုပ်ကြရလေ့ရှိပါတယ်။

– စကြဝဠာကြီးပေါ်ပေါက်လာပုံအကြောင်းကို အယူအဆအမျိုးမျိုးနဲ့ လူမျိုးစုပေါင်းစုံက မှတ်တမ်းတင်ခဲ့ကြပြီး ယနေ့ခေတ်မှာတော့ သိပ္ပံနည်းကျစဉ်းစားထားတဲ့ သီအိုရီတွေလည်းရှိနေပြီဖြစ်ပါတယ်။ ဒီထဲကမှ ရှေးအီဂျစ်တို့ရဲ့ စကြဝဠာဖြစ်ပေါ်လာပုံနဲ့ပတ်သက်တဲ့ယုံကြည်မှုက မယုံနိုင်လောက် ထူးခြားနေတာတွေ့ရပါတယ်။

ရှေးအီဂျစ်လူမျိုးတို့ရဲ့ စကြဝဠာမူလဇစ်မြစ်အကြောင်းဒဏ္ဍာရီတွေအရ – အခြားဘာအရာမှမရှိသေးချိန်မှာ “အာတွမ်”(Atum)အမည်ရတဲ့ နတ်ဘုရားတစ်ဦးတည်းသာရှိခဲ့ပြီး အခြားအရာတွေကိုမဖန်ဆင်းရသေးခင်မှာ သူ့ကိုယ်သူ အရင်ဆုံးဖန်ဆင်းခဲ့တယ်လို့ဆိုပါတယ်။ သူ့ရဲ့ပတ်ပတ်လည်မှာလည်း ဘာအရာဝတ္ထုတစ်ခုမှမရှိဘဲ လုံးဝဗလာနတ္ထိသာဖြစ်နေတာကြောင့် တစ်ချိန်မှာ သူ့ရဲ့ကာလရှည်အထီးကျန်မှုကို အဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့ပြီး ကမ္ဘာကြီးနဲ့အတူ အခြားအီဂျစ်နတ်ဘုရားတွေကို တစ်ကိုယ်ရည်အာသာဖြေခြင်းကနေတစ်ဆင့် ဖန်ဆင်းခဲ့တယ်လို့ဆိုပါတယ်။

ဒီလိုအာသာဖြေပြီးနောက် သုတ်လွှတ်ရာကနေ ရှူး(Shu)အမည်ရတဲ့ လေနတ်ဘုရားတစ်ဦးနဲ့ တဖ်နု(Tefnut)အမည်ရတဲ့ အခိုးအငွေ့နတ်ဘုရားမတစ်ဦးတို့ကို ပထမဆုံးအနေနဲ့ ပေါ်ပေါက်လာစေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ အီဂျစ်တို့ရဲ့အယူဝါဒမှာ နတ်ဘုရားအာတွမ်ရဲ့သုတ်သွေးဟာ လောကကြီးတစ်ခုလုံးရဲ့မူလရင်းမြစ်ဖြစ်ပြီး အာသာဖြေခြင်းကတော့ အရာအားလုံးကိုဖြစ်ပေါ်လာစေတဲ့ မူလအရင်းခံအကြောင်းအရင်းတစ်ရပ်အဖြစ် ယုံကြည်ထားကြပါတော့တယ်။

ဒါကြောင့် ရှေးအီဂျစ်လူမျိုးတွေက တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ အလွန်အရေးကြီးထွဋ်မြတ်တဲ့အလေ့အကျင့်တစ်ခုအဖြစ် ယုံကြည်မှတ်ယူထားခဲ့ကြပြီး နတ်ဘုရားအာတွမ်ရဲ့သုတ်သွေးဟာ သူတို့အသက်ဇီဝိန်နဲ့ကိုယ်ခန္ဓာရဲ့ အဓိကပင်မအရင်းအမြစ်တစ်ခုဖြစ်တယ်လို့ ခိုင်ခိုင်မာမာယုံကြည်ထားခဲ့ကြပါတယ်။ ဒါကြောင့် သူတို့အနေနဲ့လည်း ဒီဓလေ့ကိုထိန်းသိမ်းကာ အမြဲကျင့်သုံးရမယ့်တာဝန်ရှိတယ်လို့လည်း ယုံကြည်ထားကြတာကြောင့် နတ်ဘုရားအာတွမ်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းတဲ့အနေနဲ့ သုတ်လွှတ်ခြင်းမင်္ဂလာအခမ်းအနားတွေကိုလည်း ပြုလုပ်ကျင်းပလေ့ရှိကြပါတယ်။

ဒါ့အပြင် နောက်ထပ်ရည်ရွယ်ချက်တစ်ခုအနေနဲ့ – ရှေးအီဂျစ်ပြည်မှာ နိုင်းမြစ်ဟာ အီဂျစ်ပြည်သူတွေကို များစွာအကျိုးဖြစ်ထွန်းစေပြီး မိုးခေါင်ချိန်တွေမှာတော့ ငတ်မွတ်ခေါင်းပါးခြင်းနဲ့ သေဆုံးခြင်းတွေကိုဖြစ်စေတာကြောင့် အီဂျစ်လူမျိုးတွေဟာ နိုင်းမြစ်ရေခမ်းခြောက်ခြင်းကနေ ကာကွယ်ဖို့ လုပ်နိုင်သမျှအရာအားလုံးပြုလုပ်ကာ အားထုတ်လေ့ရှိကြပါတယ်။ ဒီလိုအားထုတ်မှုတွေထဲမှာ “သုတ်လွှတ်မင်္ဂလာအခမ်းအနားတွေကို ပုံမှန်ကျင်းပခြင်း”ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

အဆိုပါ သုတ်လွှတ်မင်္ဂလာအခမ်းအနားမစတင်မီ နိုင်းမြစ်ကမ်းပတ်ဝန်းကျင်တစ်ဝိုက်မှာ အီဂျစ်သားတွေအတူတကွစုရုံးကာ ဖာရိုဘုရင်ကို စောင့်ဆိုင်းနေကြပါတယ်။ ဒီ့နောက် အခမ်းအနားမင်္ဂလာအချိန်အခါကျရောက်လာပြီး ကမ်းစပ်နားကို ဖာရိုဘုရင်ရောက်ရှိလာချိန်မှာ ဘုရင်ဟာ သူ့ရဲ့အဝတ်စားတွေကိုချွတ်ချလိုက်ကာ အာသာဖြေတော်မူခြင်းလုပ်ငန်းစဉ်ကို စတင်ပါတော့တယ်။ အာသာဖြေမှုပြီးဆုံးပြီးနောက် သုတ်လွှတ်ချိန်မှာတော့ ဘုရင်ဟာ သု့ရဲ့သုတ်သွေးကို ရေစီးနဲ့သေချာပါသွားစေဖို့အတွက် မြစ်ရေပြင်ဆီကို သေချာချိန်ရွယ်လွှတ်ထုတ်ပေးရပါတယ်။

ဒီ့နောက်မှာတော့ အခြားသူတွေဟာလည်း ဘုရင်နည်းတူ လိုက်လံပြုမူကာ မင်္ဂလာယူကြပါတော့တယ်။ ဒီလိုမျိုး အခမ်းအနာကျင်းပကာ အဆိုပါလုပ်ငန်းစဉ်ကို ပြုလုပ်ပေးခြင်းအားဖြင့် ဖန်ဆင်းရှင်နတ်ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းအောက်မေ့ရာရောက်သလို နိုင်းမြစ်ခမ်းခြောက်ခြင်းမှလည်းကာကွယ်ပေးပြီး ပြည်သူတွေကို ကြီးပွားချမ်းသာလာဘ်လာဘပေါများစေကာ ကျက်သရေမင်္ဂလာအဖြာဖြာလည်း တိုးပွားစေလိမ့်မယ်လို့ ယုံကြည်ထားကြတာဖြစ်ပါတယ်။

ဝန်ခံချက်။ ။ကိုးကားထားတဲ့ရင်းမြစ်တွေထဲကတစ်ခုမှာတော့ ဖော်ပြပါသမိုင်းမှတ်တမ်းတွေဟာ ၇၅ရာခိုင်နှုန်းလောက်သာ ခိုင်လုံမှုရှိတယ်လို့ ဖော်ပြထားပါတယ်။

SOURCES : MEDIUM.COM | HADITHI.AFRICA

#MyanmarSciencePlatform