News

“ရေချိုးခန်းသုံး water heater စက်ကနေဓာတ်လိုက်သေဆုံးခဲ့ရတဲ့ မိန်းမလှလေး နှင့် water heater မှာ သတိထားရမယ့် အချက်များ”

ရေနွေးပူစက်မှဓာတ်လိုက်သေဆုံးခြင်း

ရေချိုးနေရာမှာသုံးတဲ့ ရေပူစေတဲ့ water heater စက်ကနေဓာတ်လိုက်သေဆုံးမှုတွေအကြောင်း သတိပေးချင်ပါတယ်။

၂၀၁၆ တုန်းက အသက် ၂၀ အရွယ် ကျောင်းသူလေး Lee Shyr Nie ဟာ ရေချိုးနေတုန်းဓာတ်လိုက်သွားလို့ မိဘတွေကတံခါးဖွင့်ကြည့်ရာမှာ ကြမ်းပြင်ပေါ်မှာကိုယ်တုံးလုံးနဲ့သေနေရှာပါတယ်။

သူ့အမေကဝင်ဆွဲရာမှာ သူ့အမေပါဓာတ်လိုက်ခဲ့ပြီး ကံကောင်းလို့မသေခဲ့တာပါ။ သူရေမဝင်ချိုးခင် သူ့မောင်ကဝင်ချိုးခဲ့ပေမဲ့ ဘာမှမဖြစ်ခဲ့ပါဘူး။

ကျနော်တို့အိမ်နားမှာတင် အသက် ၁၈ နှစ်အရွယ် Gregory Ng ဟာရေချိုးရင်း ဓာတ်လိုက်သေဆုံးဖူးပါတယ်။

ပြီးခဲ့တဲ့အပတ်က စင်ကာပူတရားရုံးမှာ အသက် ၈၀ နှစ်အရွယ်အဖိုးအိုရယ်၊ အသက် ၆၆ နှစ်အရွယ်သူ့မိန်းမရယ်၊ အသက် ၄၅ နှစ်ရှိ သူ့သားရယ် ဓာတ်လိုက်သေဆုံးမှုကို ကြားနာပါတယ်။

၂၀၂၀ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အဖိုးအိုအိုမာမာနန်ဟာ ရေချိုးနေတုန်းဓာတ်လိုက်ပြီးချော်လဲသွားပါတယ်။ သူ့မိန်းမ အက်စမာကဝင်ကယ်ရာမှာ သူပါချော်လဲသွားပါတယ်။

Block 120 Ho Ching Road မှာလင်မယားနှစ်ယောက်သေဆုံးနေချိန်မှာ ရေချိုးခန်းထဲမှာရေကဖွင့်လျက်သားကျနေပါတယ်။

အဲ့ဒီမှာမြေးလုပ်သူက အဖိုးအဖွားဆီကို ဖုန်းခေါ်တာမရတဲ့အတွက် သူ့အဖေနဲ့အတူလိုက်သွားပါတယ်။

အိမ်အပြင်ကနေ ရေချိုးခန်းထဲမှာရေကျနေသံကြားရတယ်လို့ဆိုပါတယ်။ အိမ်တံခါးသော့ဖွင့်ပြီး ဝင်သွားချိန်မှာ အဖိုးအိုရဲ့သားက ရေချိုးခန်းထဲဝင်ဆွဲရာကနေ သူပါသေဆုံးသွားပါတယ်။

ဒီအမှုမှာလျှပ်စစ်အင်ဂျင်နီယာက ထွက်ဆိုရာမှာ သုံးပင်ပလပ်ပေါက်ကနေအပူလွန်ကဲပြီး ရှော့ဖြစ်တာလို့ဆိုပါတယ်။

ရေပူစက် water heater က 14•2 အမ်ပီယာသုံးတဲ့လျှပ်စစ်စီးအားရှိပါတယ်။ ပလပ်ခေါင်းက 13 အမ်ပီယာအထိပဲခံနိုင်တာပါ။

အဲ့ဒီအချိန်မှာ Neutral အနက်ကြိုးကပူလာပြီး Earth ကြိုးနဲ့ပူးသွားတယ်လို့ဆိုပါတယ်။

အဲ့ဒီကနေရေချိုးနေတဲ့အဖိုးအိုရဲ့လက်က ရေပန်းပိုက်ကနေအဖိုးအိုကိုလျှပ်စစ်ဖြတ်စီးသွားတာဖြစ်ပါတယ်။

ပြဿနာက အဲ့ဒီအဖိုးအိုနေတဲ့အိမ်က ဟိုးအရင်က HDB ဘုတ်ကဆောက်ထားတဲ့အိမ်ဖြစ်ပြီး RCCB ဘရိတ်ကာမရှိပါ။

အခုနောက်ပိုင်းမှာ RCCB = residual current circuit breaker ကမဖြစ်မနေတပ်ရပါတယ်။

ရေနွေးပူစက်မှာမတော်တဆ ဓာတ်လိုက်မှုဖြစ်ရင် RCCB ဆားကစ်ဘရိတ်ကာကဖြတ်ချပါတယ်။

အရေးကြီးတာက ရေနွေးပူစက်တွေကို ပလပ်ပေါက်ခံပြီးဆက်သွယ်ရင် ပလပ်ပေါက်တွေအပူလွန်ကဲတဲ့ပြဿနာရှိတာမို့မလုပ်သင့်ပါ။

ကျနော်မြန်မာပြည်ပြန်တုန်းက ဟော်တယ်တစ်ခုမှာ ရေနွေးပူစက်ကကြိုးနှစ်ချောင်းကို ဘာပလပ်မှမခံပဲ နံရံကပလပ်ပေါက်ထဲ ဒီအတိုင်းစိုက်ထားတာအထိမြင်ဖူးပါတယ်။

ဟော်တယ် ဧည့်ကြိုကောင်တာကို ဖုန်းဆက်ပြီး ပလပ်ပေါက်ကိုသေသေချာချာတပ်ခိုင်းခဲ့ရဖူးပါတယ်။

ဒါတောင်ပလပ်ပေါက်ဟာ အန္တရာယ်အလွန်များပါတယ်။ အခု အဖိုးအိုတို့သားအဖတွေ (၃) ယောက်သေဆုံးခဲ့ရတာဟာ ပလပ်ပေါက်မှာ အပူလွန်ကဲလို့ပါ။

ရေနွေးပူစက်ကိုတပ်ဆင်မယ်ဆိုရင် RCCB ဘရိတ်ကာရှိသင့်တာရယ်၊

ပလပ်ပေါက်မသုံးပဲ တိုက်ရိုက် double pole switch နဲ့သုံးဖို့ရယ်၊

ELCB = earth leakage circuit breaker ပါတဲ့ ရေအပူပေးစက်ကို တပ်ဖို့ရယ် သိထားသင့်ပါတယ်။

ရေနွေးပူစက်မှာ ELCB test လုပ်တဲ့ခလုတ်ပါသင့်ပါတယ်။ အဲ့ဒါမှ Test ကိုနှိပ်လိုက်ရင် လျှပ်စီးလမ်းကြောင်းကိုဖြတ်ချပြီး ELCB မီးမှိတ်သွားမှ စိတ်ချရတဲ့ရေပူပေးစက်ဖြစ်မှာပါ။

အကယ်လို့ကိုယ်တပ်ဆင်ထားတဲ့ ရေပူပေးစက်မှာ ELCB မပါရင် အိမ်မှာ RCCB ပါကိုပါသင့်ပါတယ်။

ရေပူပေးစက်ကနေ လူသေဆုံးမှုဖြစ်ရတဲ့အဖြစ်တွေ ကြားရတာများတာမို့ သတိပေးရေးသားလိုက်ရပါကြောင်း။

#RichardMyoThant

13-March-2022