ရွှေဖီမြေ၊ မတ်လ ၁၃ ရက်၊ ပင်လုံ
ရှမ်းတောင် ပင်လုံမြို့ ရပ်ကွက်(၃)မှာ နေထိုင်တဲ့ မိသားစုတစ်စုထဲမှ သားဖြစ်သူက မိဘနှစ်ပါးကို ဆိုင်ကယ် ဝယ်ပေးခိုင်းပြီး မိဘက မဝယ်ပေးနိုင်တာကြောင့် ဓားနဲ့ ထိုးသတ်ခဲ့ပါတယ်။
မိဘကို ဓားနဲ့ထိုးသတ်တဲ့ သားဖြစ်သူဟာ အသက်(၂၅)နှစ်ဝန်းကျင်ရှိပြီး စိတ်ကျန်းမာရေး ချို့တဲ့သူ ဖြစ်နေတယ်လို့ သိရပါတယ်။
သွားရောက် ကူညီပေးတဲ့ ပင်လုံမြို့ ဖြူစင်မေတ္တာ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ ဦးလော့ရုံက “ကောင်လေးက သူ့မိဘကို သတ်လိုက်ပြီး တံခါးတွေ ပိတ်ထားတယ်။ သူ့အဒေါ်နဲ့ သူ့ဦးလေးက သူ့မိဘကို မေးကြည့်တော့ အမေ မရှိဘူး စျေးသွားတာပဲပြောတယ်။
သူ့အဒေါ်တွေကလည်း မသင်္ကာလို့ဆိုပြီး ကျနော့်ဆီ ပြောလာတယ်။ မနေ့က တာဝန်ရှိသူနဲ့ ရဲတွေက သူတို့အိမ်မှာ သွားကြည့်တဲ့အချိန် သူ့အဖေက ဓားဒဏ်ရာနဲ့ ကုတင်ပေါ်မှာ သေဆုံးနေတယ်” လို့ ပြောပါတယ်။
၎င်းအမျိုးသားဟာ ဖခင်ရဲ့ လည်ပင်းကို ဓားနဲ့ထိုးသတ်ခဲ့ပြီး မိခင်ကိုလည်း သတ်ပြီးတော့ မိခင်ကို အိမ်ဘေးနားမှာ မြေမြှုပ်ထားတယ်လို့ ဦးလော့ရုံက ဆိုပါတယ်။
မနေ့ညပိုင်းမှာ သားဖြစ်သူကို ရဲတွေက ချော့ပြီး စစ်ဆေးမေးမြန်းရာမှာ မိခင်ကိုသတ်ပြီး အိမ်ဘေးမှာပဲ မြေမြှုပ်လိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။
“သူ့အဖေအလောင်းက မနေ့ညနေကတည်းက သွားသယ်လာတယ်။ သူ့အမေ အလောင်းကိုတော့ ဒီနေ့မနက်ပိုင်းမှ သွားသယ်လာတယ်။ သူ့အမေကို မြေမြှုပ်ထားပြီး ထင်းနဲ့ ပုံထားတယ်။ ဆေးကြောင်လို့သတ်တာ မဟုတ်ပါဘူး။ ကလေးက ဦးနှောက်မမှန်တာ” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။
၎င်းအမျိုးသားဟာ ပင်လုံ-တောင်ကြီးသွားတဲ့ လမ်းဘေးမှာ ထိုင်နေစဥ် ရဲတွေက သွားရောက် ဖမ်းဆီးခေါ်ဆောင်ပြီးတော့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။
#မိဘဖြစ်သူ #သတ်ခံရ #ဆိုင်ကယ် #ပင်လုံ
#ဓာတ်ပုံ- SW