ကြေကွဲ မှတ်တမ်း

“ကြယ်တွေ ကြွေ တဲ့ နွေ. .”

တမလွန်ကို ရောက်ဖူးကြမယ်မထင်ပါဘူး ။

တမလွန်ဆိုတာ သိပ်ကို ငြိမ်းချမ်းတာရှင့် ။

စာရေး သောက်ရေး ၊ နေရေး ထိုင်ရေး ၊ ပူစရာမလိုဘူးလေ ။

ဟော .. တစ်နေရာရာကို စိတ်ထဲကနေ သွားချင်နေလား ၊ စိတ်ကူးလေးထဲမှာ တွေးလိုက်တာနဲ့ အလိုလိုရောက်သွားတော့တာ ။

သူငယ်ချင်းတစ်ယောက်ယောက်ကို သတိရလို့ သူ့မျက်နှာမြင်လိုက်တာနဲ့ သူ့နဘေးကို ရောက်သွားတာနော ။ တမလွန်ဆိုတာ လောကီဘဝနဲ့ မတူဘူးရှင့် ။ တစ်ခုတော့ရှိတာပေါ့ ။ တမလွန်ရောက်တာချင်းအတူတူ သူတစ်ပါးကို ဒုက္ခပေးခဲ့တဲ့သူနဲ့ လူသားဆန်စွာ နေထိုင်ခဲ့သူတွေရဲ့ ရပ်တည်မှု့ကတော့ မတူနိုင်ဘူးပေါ့ ။ ကျွန်မက အာဏာရှင်ကို တော်လှန်ရင်း မထင်မှတ်ပဲ တမလွန်ကို ရောက်ခဲ့သူလေ ။ ပူလောင်မှု့မရှိပါဘူး ။

ကျွန်မ ဒီရက်ပိုင်းမှာ ဖေ့ဖေ့နံဘေးကို ခဏ ခဏ ရောက်နေဖြစ်တယ် ။ ဖေဖေက အိမ်ထဲမှာ တစ်ယောက်ထဲပေါ့ ။ နံရံမှာချိတ်ထားတဲ့ ကျွန်မဓာတ်ပုံကို စားပွဲပေါ်က နံနက်စာတွေ အငွေ့ပျယ် ၊ အေးစက်နေတဲ့အထိ ငေးကြည့်နေတယ် ။ အဖေတစ်ခု သမီးတစ်ခုဘဝမဟုတ်လား ။ ခံစားရရှာမှာပေါ့ ။ ဖေဖေ့မျက်လုံးမှာ မျက်ရည်တွေဝဲလို့လေ ။ ဘဝခြားခဲ့ပြီမဟုတ်လား ။ ခဏတာရခဲ့တဲ့ လူ့ဘုံဘဝကို သံယောဇဉ်ဖြတ်ဖို့ ကြိုးစားရမှာပေါ့ ။

သံယောဇဉ်ဖြတ်ဖို့သာ ကြိုးစားနေတာပါ ။ ဟောဒီနွေဦးတော်လှန်ရေးကြီး အောင်မြင်ပြီးမှ ၊ ကျွန်မလည်း သံယောဇဉ်တွေ ဖြတ်နိုင်မယ်ထင်ပါရဲ့ ။ ခုတလောတော့ လူ့ဘုံဘဝက နောက်ဆုံးနေ့လေးကို ကျွန်မ သတိရနေမိတယ် ။

အဲ့ဒီနေ့က ၂၀၂၁ ခုနှစ် ၊ မတ်လ ၃ ရက်နေ့ပေါ့ ။ ကျွန်မက ဂျင်းဘောင်ဘီ မိုးပြာရောင်နဲ့ ရင်ဘတ်မှာ EVERYTHING WILL BE Ok စာတန်းပါတဲ့ တီရှပ်အနက်ရောင်လေးကို ဝတ်ထားတယ် ။ သူငယ်ချင်းတွေနဲ့အတူ ဆန္ဒပြဖို့ သွားတော့မယ်လေ ။ ဖေဖေက ကျွန်မလက်မောင်းမှာ အနီရောင်လက်ပတ်ကို တယုတယစည်းပေးတယ် ။ ကျွန်မ ဖေဖေ့ကိုနုတ်ဆက်ပြီး သူငယ်ချင်းတွေနဲ့အတူ ပေတရာပေါ်ကို ရဲရဲဝံ့ဝံ့ တက်ခဲ့ကြတယ် ။

လမ်း ၃၀ နဲ့ ၈၄ လမ်း ထောင့်မှာပေါ့ ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကျွန်မတို့လူငယ်တွေရဲ့ ဆန္ဒပြစစ်ကြောင်းကို မျက်ရည်ယိုဗုံးတွေနဲ့ စပြီးတိုက်ခိုက်ကြတယ် ။ ထင်မှတ်မထားဘူးလေ ။ ပြဿနာဆိုတာ ကမ္ဘာအရပ်ရပ်မှာ ရှိတတ်တာမဟုတ်လား ။ မကျေနပ်ချက်ကို လက်နက်မပါပဲ ဆန္ဒပြတာဟာ ကမ္ဘာ့ယဉ်ကျေးမှု့တစ်ခုလို့ ကျွန်မတို့လူငယ်တွေ သိထားခဲ့တယ်လေ ။

ဂျင်နရေးရှင်း ဇီ လို့ သိထားကြတဲ့ ကျွန်မတို့လို လူငယ်တွေဟာ အဓမ္မကို နောင်လာနောက်သားတွေက အမှန်လို့ထင်မလာအောင် ကာကွယ်ပေးဖို့ တာဝန်ရှိတယ်လေ ။ ဒါ့ကြောင့်လည်း အဖေတစ်ခု သမီးတစ်ခုဖြစ်နေတဲ့ ကျွန်မဖေဖေက ကျွန်မတို့တာဝန်လို့ ခံယူပြီး ကျွန်မကို လမ်းပေါ်လွှတ်လိုက်တာမဟုတ်လား ။ ဒီကိစ္စမှာ ဝင်မပါနဲ့ဆိုတဲ့သူတွေ များနေရင် အဓမ္မဟာ ဓမ္မသမားတွေကို အနိုင်ယူတော့မှာပေါ့ ။ ဒါဆိုရင် ကျွန်မတို့မျိုးဆက်ဟာ နောင်လာမယ့်မျိုးဆက်တွေကို ဆိုးမွေပေးခဲ့သလို ဖြစ်နေမှာပေါ့ ။ ဒါ့ကြောင့်လည်း ဒီလိုအန္တရာယ်ရှိတဲ့ ပေတရာပေါ်ကို ကျွန်မ ကြောက်စိတ်တစုံတရာမရှိပဲ ရောက်ခဲ့ရတာပါ ။

မျက်ရည်ယိုဗုံးတွေ ခွဲလိုက်ပြီးတဲ့နောက်မှာ သေနတ်သံတွေ ဆက်တိုက်ပေါ်လာတယ် ။ စက်သေနတ်သံတွေနော် ။ လက်နက်မပါတဲ့ လူငယ်တွေကို စက်သေနတ်နဲ့ပစ်တယ်ဆိုတာ နိုင်ငံတကာမှာတော့ သိပ်ကိုပြင်းထန်တဲ့ စစ်ရာဇဝတ်မှု့ပါ ။ ဒီနိုင်ငံမှာတော့ ဒီလိုလုပ်လာတာက နှစ်ပေါင်းမြောက်များစွာ ကြာခဲ့ပြီမဟုတ်လား ။ မျိုးဆက်အဆက်ဆက်က အားမတန်လို့ မာန်လျော့ခဲ့ကြတော့ ဒီတစ်ခါလည်း ခပ်ကြမ်းကြမ်းကိုင်လိမ့်မယ်ဆိုတာ ကျွန်မတို့ ဇီ တွေ သိထားပြီးသားပါ ။ အမှန်တရားအတွက် သေမှာမကြောက်လို့ ပေတရာလျှောက်တယ်လေ ။ အမှတ်တရားအတွက် အသက်ပေးရမယ်ဆိုရင်တောင် ဒါဟာ သိက္ခာရှိတဲ့ သေခြင်းလို့ပဲ ကျွန်မခံယူထားတယ် ။

သေနတ်သံတွေ သိပ်ပြင်းလာတော့ ကျွန်မတို့အဖွဲ့တွေ နောက်ကို တဖြည်းဖြည်းဆုပ်လာတယ် ။ ကျွန်မက ဒိုင်းကာထားသူရဲ့ အနောက်မှာပေါ့ ။ လူငယ်တွေဟာ သေနတ်နဲ ပစ်လို့ ထွက်ပြေးတာမဟုတ်ပဲ တဖြည်းဖြည်း နောက်ဆုပ်ကြတာနော် ။ ပြီးတော့ လမ်းပေါ်ကို ထိုင်ချလိုက်ကြတယ် ။ ကျည်အစစ်တွေနဲ့ တရစပ်ပစ်နေတော့ တချို့လည်း လမ်းပေါ်မှာ ဝပ်နေကြတယ် ။ ကျွန်မက ခပ်ကွေးကွေးလေး ဝပ်နေရာကနေ နေရာပြောင်းဖို့ မတ်တပ်ရပ်လိုက်တုန်းမှာပဲ ဒိုင်း ခနဲ သေနတ်သံတစ်ချက်ထွက်သွားတယ် ။ သွေးပူနေတုန်းဆိုတော့ ကျွန်မခေါင်းကို ကျည်ထိတယ်ဆိုတာ ချက်ချင်းမသိလိုက်ပါဘူး ။

ဒီအဖြစ်အပျက်က တစ်နှစ်ပြည့်ခဲ့ပါပြီ ။ ကမ္ဘာအရပ်ရပ်က သတင်းတွေပေါ်မှာ EVERYTHING WILL BE OK ဆိုတဲ့ တီရှပ်အနက်ရောင်လေးနဲ့ ကျွန်မဓာတ်ပုံတွေကို တွေ့နေရဆဲပေါ့ ။ ကျွန်မ ဝမ်းမသာနိုင်သေးပါဘူး ။ နွေဦးက ရူးချင်စဖွယ် မြူးနေတာမှ မဟုတ်တာလေ ။ အဓမ္မက အာဏာလုနေဆဲမဟုတ်လား ။

ကျွန်မလေ …၊ တမလွန်ကနေ ဟောဒီနွေဦးတော်လှန်ရေးကြီးကို စိတ်မချနိုင်စွာပဲ ကြည့်နေမိတယ် ။ ဂျင်နရေးရှင်း ဇီ ဆိုတဲ့ ကျွန်မတို့မျိုးဆက်တွေ သိပ်ကိုတော်ပါတယ် ။ ဇွဲရှိတယ် ၊ ခံနိုင်ရည်ရှိကြတယ် ။ နောက်ပြီး တောသားတွေလို့ မြို့မှာနေသူတွေက ခပ်နှိမ်နှိမ်အခေါ်ခံရသူတွေက ဘဝတွေအပျက်ခံပြီး တော်လှန်နေကြတယ် ။ ရွာတွေမီးရှို့ခံနေရတယ် ။ ကျည်ဆံကုန်သွားလို့တဲ့ ၊ နပန်းလုံးပြီး ကျဆုံးခံလိုက်ကြတယ် ။ အဖမ်းခံရပြီး နှိပ်စက်မခံချင်လို့တဲ့ ၊ တိုက်ပေါ်ကနေ လက်ချင်းဆုပ်ပြီး ခုန်ချလိုက်ကြတယ် ။

အက်စစ်နဲ့ မျက်နှာကိုပက်ပြီး ရုပ်ပျက်ဆင်းပျက် အသတ်ခံလိုက်ရတယ် ။ ကလေးငယ်တွေအပါအဝင် လူ ၁၁ ယောက်ကို တစ်ပြိုင်တည်း မီးရှို့လိုက်တယ် ။ PDF နဲ့ ဆက်သွယ်လို့တဲ့ ၊ တရားဟောဆရာမိသားစုကို ရက်ရက်စက်စက် သတ်လိုက်ကြတယ် ။ ဘုန်းကြီးတစ်ပါးကို လူဝတ်လဲပြီး ” ဟေ့ .. ဂတုံး မသာပေါ်သွားချင်လား ” တဲ့ ၊ ဦးခေါင်းကို စစ်ဖိနပ်နဲ့ ကန်ထည့်လိုက်တယ် ။

ဟော .. ၊ ကြည့်လေ ။ အိမ်တွေဖျက်နေပြီ ။ လျှတ်စစ်မီးတွေ ဖြတ်နေပြီ ။ အကြောက်တရားတွေ ရိုက်သွင်းနေတာနော် ။ ကျွန်မလေ တမလွန်ကနေ အံကြိတ် တက်ခေါက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ် ။

ဒါပေမဲ့လေ …၊ ကိုကို ၊ မမတချို့ကတော့ နွေမှာကြွေတဲ့ ကြယ်တွေကို သတိရသေးရဲ့လားတောင် မသိပါဘူး ။ နိုင်ငံခြားဖြစ် အရက်ပုလင်းကြီး စားပွဲပေါ်ထောင်ပြီး ဓာတ်ပုံတွေရိုက် ၊ လက်မတွေထောင်လို့ ။ မမတချို့က အသဲကွဲတဲ့အကြောင်းတွေ ၊ ခရီးသွားတဲ့အကြောင်းတွေ ၊ ဆံပင်ကောက်တဲ့အကြောင်းတွေ ၊ အဝတ်အစားအသစ်အကြောင်းတွေနဲ့ ဘာမှမဖြစ်သလိုပဲနော် ။ တကယ်ဆို အဓမ္မလုပ်ရပ်တွေကို တွန်းလှန်ဖို့ဆိုတာ စည်းလုံးညီညွတ်ရမှာမဟုတ်လား ။

ကြယ်တွေ ကြွေနေတယ်လေ ။ မပျော်အားသေးပါဘူး ။ နွေဦးတော်လှန်ရေးကြီး အောင်မြင်ပြီးတဲ့အခါ ကိုကို ၊ မမတို့ရဲ့ အမျှဝေသံတွေ ကျွန်မကြားပါရစေဦး ။ အခုတော့ …၊ ကြယ်တွေမကြွေစေဖို့ ၊ နွေကို အံတုရမယ်မဟုတ်လား ။

ဘကြီးအောင် LA

12 March, 2022