ဗဟုသုတ

“ဖုန်းကို တစ်ညလုံး အားသွင်းထားပြီး အိပ်လေ့ရှိရင် ဘက်ထရီ ပျက်စီးစေတတ် ပါသလား’

ဖုန်းသုံးသူတိုင်းသိသင့်သိထိုက်သည့်် ဖုန်းဘက်ထရီအကြောင်း

(၁) “ဖုန်းကို တစ်ချိန်လုံး ပလပ်ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား”

ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့်သလဲ? ဟူသော မေးခွန်းသည် မိုဘိုင်းဖုန်းများ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲလည်း ဖြစ်သည်။

လူများစုကြီးကား မနက် ဖုန်းဘက်ထရီ အပြည့်နဲ့ အပြင် ထွက်သွားပြီး ညအိမ်ပြန် ရောက်ရင် အားကုန် နေသည့် ဖုန်းကလေးတွေ ပြန်ပါလာတတ်သည်။ ညအိပ်ရာဝင်တော့ ဖုန်းကို ပလပ်ထိုး အားသွင်းပြီးအိပ်လိုက်တာ့သည်။ မနက်နိုးလာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေလိမ့်မည်။

ဖုန်းကို တစ်ညလုံးပလပ်ထိုး အားသွင်းထားတာ အန္တရာယ်မများဘူးလားဟု မေးချင်ကြလိမ့်မည်။ သုံးလေး နာရီလောက်အားသွင်းလျှင် ဘက်ထရီပြည့်ပြီဖြစ်ရာ အားပြည့်ပြီးနောက်မှာပင် တစ်ညလုံး ပလပ်ဆက်ထိုးထားခြင်းဖြင့် ဘက်ထရီတွေပူပြီးပေါက်ကွဲစေတတ်သလား စိတ်ပူသူများလည်းရှိသည်။

ထိုသို့ အားပြည့် သွားပြီးသည့်တိုင် အကြာကြီး ပလပ်ထိုးထားခြင်းကြောင့် ဘက်ထရီပျက်စီးစေနိုင်သလား စိုးရိမ်သူများလည်းရှိသည်။ ဖုန်းဘက်ထရီနဲ့ ပတ်သက်ပြီး အကြံပေးချက်တွေကလည်း အမျိုးမျိုးဖြစ်နေသည်။ မယုံလျှင် အင်တာနက်ခေါက်ကြည့်ပါ။ တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဖက်ဖြစ်နေသောအကြံပြုချက် အများအပြားကိုတွေ့ရ လိမ့်မည်။ ဘယ်ဟာအမှန် ဘယ်ဟာအမှား ခွဲခြားရခက်တော့သည်။

အထက်ပါအတိုင်း ဘက်ထရီပြဿနာ အဖြေရှာရင်း အဖြေအမျိုးမျိုးကြား မျက်စိလည်နေသူများအဖို့ တစ်ကယ်တမ်း ကျွမ်းကျင်သူနဲ့ တွေ့ဆုံမေးမြန်းထားသည့် ဘက်ထရီပြဿနာအဖြေရှာနည်းများကို အောက်တွင် တင်ပြသွားပါမည်။ ဖြေကြားပေးသူကား ဖုန်းအားသွင်း အပိုပစ္စည်းများထုတ်လုပ်ရောင်းချနေသည့် Farbe Technik ကုမ္ပဏီကိုထူထောင်သူ ရှိန်းဘရိုစကီ ဖြစ်သည်။

(၂) ဖုန်းကို တစ်ညလုံး ပလပ်ထိုးထားရင် ဘာဖြစ်နိုင်လဲ။

တစ်ညလုံး ပလပ်ထိုးထား လို့တော့ ဖုန်းကို ကြီးကြီးမားမား ထိခိုက်ပျက်စီးစရာ အကြောင်း မရှိပါဘူး။ နောက်ထွက် လာတဲ့ စမတ်ဖုန်းတွေက သိပ်ကောင်းတယ်။

အားပြည့်သွားပြီ ဆိုတာနဲ့ ဓာတ်အား ဝင်နေ တာကို အလိုလျောက် ဖြတ်ချ လိုက်တယ်။ အဲဒီလို ဆိုတော့ အားပိုသွင်းမိပြီးဖုန်းပူလာ တာမျိုးလည်း မဖြစ်တော့ဘူး။

ဟုတ်တော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်းထားရငိ ဘက်ထရီ သက်တမ်း တိုတတ်တယ် ဆိုျတာကော ဟုတ်လား။

Lithium-ion ဘက်ထရီတွေက အပူဒဏ် ကိုျတော့ သိပ်မခံနိုင်ဘူး။ ဖုန်းကို ကာဗာစွပ် တာရင် အပူမထွက် တာကြောင့် ဖုန်း ဟာ ပူလာတာမျိုး ဖြစ်တတ်တယ်။

အဲဒီလိုမျိုး ဘက်ထရီပူလာပြီ ဆိုရင် ဘက်ထရီ ဆဲလ်တွေ ပျက်စီး တတ်တယ်။ အဲဒီလို ပျက်စီးရင် ဘက်ထရီ အလုပ်လုပ်နိုင်စွမ်း ကျဆင်းပြီး ဘက်ထရီ သက်တမ်း တိုတတ်တယ်။

ဒါပေမဲ့ ကာဗာ မစွပ်ဘဲ ပုံမှန် အတိုင်းထားတဲ့ ဖုန်းတွေ ကတော့ ပူလာ ရင်တောင် အပူထွက် နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူလာတာမျိုး ဖြစ်ခဲ့ ပါတယ်။ဖုန်းကာဗာ စွပ်ထားတဲ့လူတွေ အနေနဲ့ ညအိပ်ရင် ဖုန်းကိုပလပ်ထိုးအိပ်မယ်ဆိုရင် ကာဗာကို ဖြုတ်ထားဖို့တော့ အကြံပြုလိုပါတယ်။ ဒါမှ ဖုန်းပူလာ ရင်တောင် အပူထွက်နိုင်တဲ့ အတွက် ဘက်ထရီတအား ပူတက်လာတာမျိုး မဖြစ်တော့ဘူးပေါ့။

(၃) ဘယ်လိုမျိုး အားသွင်းတာ အသင့်တော်ဆုံး ဖြစ်မလဲ။

ဘက်ထရီကို (၅၀) ရာခိုင်နှုန်းနဲ့ (၈၀) ရာခိုင်နှုန်းကြားမှာ ပုံမှန်လေးရှိ နေအောင် ထိန်းပြီး အားသွင်းပေး ထားတာ အကောင်းဆုံးပဲ။

အဲဒီလို အားသွင်းထားမယ်ဆိုရင် ဘက်ထရီထဲကအိုင်ယွန်း တွေဟာ အမြဲတမ်း ပုံမှန်လည်ပတ် အလုပ်လုပ်နေနိုင်တဲ့အတွက် ကျန်းမာရေးကောင်းတယ်။ အားလုံး ကုန်သွားရင် အိုင်းယွန်းတွေဆက်အလုပ် မလုပ်နိုင်ဘူး။

အဲဒီလိုပဲ အားအပြည့်ကြီး စွတ်သွင်း လိုက်ရင်လည်း အိုင်းယွန်းတွေရဲ့ ပုံမှန်လုပ်ငန်းစဉ်ကို နှောင့်ယှက်ရာရောက်တယ်။(၅၀)နဲ့(၈၀)ကြားမှာ ရှိနေအောင်ထိန်းပြီး အားသွင်းမယ်ဆိုရင် အစွန်းနှစ်ဖက်လုံးက လွတ်တဲ့အတွက် ဘက်ထရီဟာ ကျန်းမာတယ်။

ဖြစ်နိုင်ရင် ဘက်ထရီကို (၅၀-၈၀) ကြားမှာ ရှိနေအောင် တစ်နေ့လုံးထိန်းပြီး သွင်းပေးသင့်တယ်။ အကြာကြီး ပလပ်ထိုးထားဖို့ မလိုဘူး။ (၅၀)ရာခိုင်နှုန်းလောက်ရောက်လာပြီဆို ခဏပလပ်ထိုးထားလိုက်။ (၈၀)ရာခိုင်နှုန်လောက် ရောက်ပြီဆို ပြန်ဖြုတ်ထားလိုက်

ပြန်လျော့ သွားပြီဆို ခဏပန်ထိုးလိုက်နဲ့ လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ရတာ အလုပ်တော့ရှုပ်တယ်။ လူ အတော်များများ လုပ်နိုင်ဖို့ မလွယ်ဘူး။ ဘက်ထရီ သက်တမ်း အရှည်ဆုံး ဖြစ်ချင်တယ်ဆိုရင် အလုပ်သင့်ဆုံး နည်းလမ်းမို့လို့သာ ပြောပြတာပါ။ မလုပ်နိုင်တဲ့လူတွေ အနေနဲ့လည်း စိတ်ပျက်နေစရာတော့ မလိုပါဘူး။

(၄) ဘက်ထရီ မပျက်စီးအောင် ဘာတွေ ဆောင်၊ ဘာတွေ ရှောင်ရမလဲ။

ဘက်ထရီ အကုန်ပြောင်အောင်သုံးပစ်ပြီးတဲ့နောက် အကုန်ပြည့်တဲ့ထိ တစ်လျှောက်တည်း သွင်းပစ် တာမျိုးတော့ လုံးဝရှောင်။ သုည ရာခိုင်နှုန်းကနေ တစ်ရာရာခိုင်နှုန်းထိ တစ်ခါတည်း သွင်းပစ်တာမျိုးဟာ ဖုန်းဘက်ထရီကို လည်ပင်းညှစ်တာပဲ။ ဘက်ထရီတွေဟာ အဲဒီလိုသုညကနေ တစ်ရာထိကို ဘယ်နှခေါက်သာ ခံနိုင်တယ်ဆိုတာ စထုတ်ကတည်းက သတ်မှတ်ပေးထားတာရှိတယ်။

ကိုယ်က အဲဒီလို ဖုန်းဘက်ထရီကို လည်ပင်းများများ ညှစ်လေ သတ်မှတ်နှုန်း မြန်မြန်ပြည့်ပြီး ဘက်ထရီ မြန်မြန် အသက်ထွက်လေပါပဲ။ အဲဒီလို သုညကနေ တစ်ရာကို အားသွင်းမိတဲ့ အကြိမ်တွေများ လာလေ ဘက်ထရီဟာ စွမ်းဆောင်ရည် ကျဆင်းလာလပါပဲ။ ခဏလေးနဲ့ အားကုန် သွားတာ မျိုးကနေ လုံးဝကိုသုံးမရ တော့တဲ့ထိ ဖြစ်သွားနိုင်ပါတယ်။

(၅) ဖုန်းဘက်ထရီ သက်တမ်း ကြာကြာခံအောင် ဘယ်လို အားသွင်း ပစ္စည်းတွေ သုံးရမလဲ။

ဖုန်းဝယ် ကတည်းက တစ်ခါတည်း တွဲပါလာတဲ့ အော်ရီဂျင်နယ် အားသွင်းကြိုးတွေ၊ အားသွင်းတုံးတွေကို သုံးတာ အကောင်းဆုံးပဲ။ တစ်ကယ်လို့ အော်ရီဂျယ်နယ်ဟာ ပျက်သွား ရင်လည်း အော်ရီဂျင်နယ် ကြိုးတွေ၊ အားသွင်းတုံးတွေ ကိုပဲ ထပ်ဝယ် သုံးတာ အကောင်းဆုံးပဲ။

အော်ရီဂျင်နယ်တွေ ဈေးသိပ်ကြီး နေတာမျိုးနဲ့ တိုးလို့ မျက်ရည်ကျ ချင်ချင် ဖြစ်လာ ရင်တော့ ဈေးလည်း သက်သာ စိတ်လည်း ချရမှာ မျိုးတွေကို ဒုတိယ အဆင့် အနေနဲ့ စဉ်းစား သင့်တယ်။

ကိုယ့် ဖုန်းအမျိုးအစားမှာ သုံးနိုင်တဲ့ အခြားတံဆိပ်နဲ့ ဘက်ထရီတွေ၊ အားသွင်းကြိုး တွေကို အရင်ဆုံးရွေး။ ပြီးရင် ပါကင် တွေမှာ ရေးထား တာတွေ လိုက်ဖတ်ကြည့်။

စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတဲ့ ပစ္စည်း ဆိုရင် ဘယ်လို စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတယ်၊ စည်းမျဉ်း စည်းကမ်းနဲ့ ဘယ်လို ညီညွတ်တယ်၊ ဘယ်လို ထောက်ခံချက် ရထားတယ် ဆိုတာတွေ ပါတယ်။

အဲဒီလို ဟာမျိုးတွေက အော်ရီဂျင်နယ်လာက် နီးနီးလည်း စိတ်ချရတယ်။ နာမည်ရထားတဲ့ ပစ္စည်းတွေကို ဝယ်သုံးတာလည်း တစ်မျိုးစိတ်ချရတယ်။ နာမည်ရထားပြီးသား ပစ္စည်းတွေဟာ အရည်အသွေး ကိုလည်း ထိန်းကြတယ်။

ကိုယ့်ဖုန်းနဲ့ အားသွင်းကြိုးနဲ့ ဓာတ်အား လက်ခံနိုင်ပုံချင်း တူရဲ့လားလဲ သေချာ စစ်ဆေးဖို့ လိုတယ်။ ဖုန်းက ဝပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် လက်ခံနိုင်လဲ သေချာကြည့်။

အားသွင်းကြိုး ကရော ဝပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် ပေးနိုင် တာလဲ သေချာကြည့်။ နှစ်ခု ကိုက်ညီတယ် ဆိုမှဝယ်။ ဒါဆို အော်ရီဂျင်နယ် မဟုတ်ရင်တောင်မှ တော်တော်လေး စိတ်ချရ ပြီလို့ သတ်မှတ် နိုင်တယ်။

ဈေးပေါတာတွေကို သတိထား။ ဈေးပေါတဲ့ အားသွင်းကြိုးတွေ၊ အားသွင်းတုံး တွေဟာ အရည်အသွေးလည်း ညံ့တာ များတယ်။ စံချိန်စံညွှန်း မီအောင် မလုပ်ဘဲ၊ ပစ္စည်းဖြစ် ပြီးရော ဆိုတာမျိုး ထုတ်ထားတာမျိုးနဲ့ တိုးရင် အန္တရာယ်ပါ ကျရောက် နိုင်တယ်။

ဒါပေမဲ့ ဈေးပေါတာတွေ ထဲမှာ တစ်ကယ် ကောင်းတဲ့ ဟာလေး တွေ လည်း ပါတတ် ပါတယ်။ အများစု ကတော့ စိတ်မချရ ပါဘူး။လန်ဒန် မီးသတ်ဌာနက ထုတ်ပြန်ချက်ကို ကြည့်ပါ။

အရည်အသွေး မမီတဲ့ အိုင်ဖုန်းအားသွင်းကြိုး အတုတွေကြောင့် ဓာတ်လိုက်တာ၊ လက်မီးလောင်တာ၊ အိမ်ပါ မီးလောင်တာမျိုး တွေပါ ဖြစ်ပွားနေရသတဲ့။ အားသွင်းကြိုးအသစ် ဝယ်လာပြီးပြီဆိုရင် တစ်ညလောက်ဖြစ်ဖြစ် ပလပ်ထိုးထားကြည့်လိုက်ပါ။

ကိုယ်ကလည်း သတိလေး နဲ့တော့ စောင့်အိပ်ပေါ့။ မနက် ရောက်တဲ့ အခါ ဖုန်းလည်း တအား ပူတက်နေတာမျိုး မဖြစ်ဘူး၊ တစ်ခြား ပြဿနာလည်း မပေါ်ဘူးဆိုရင် စိတ်ချရတဲ့ ပစ္စည်းလို့ ယေဘုယျ သတ်မှတ် နိုင်တယ်။

ဖုန်းဘက်ထရီအတွက် အန္တရာယ် အကင်းဆုံး၊ အထိရောက်ဆုံး ဖြစ်အောင် မူရင်း အားသွင်းကြိုး၊ အားသွင်းတုံးတွေကိုသာ အသုံးပြုပါ။ တစ်ခြား တံဆိပ်နဲ့ ဝယ်မည် ဆိုပါက အာမခံချက် သေချာပေးသော ပစ္စည်းများ ကိုသာ သုံးစွဲပါ။

ဖုန်း အရမ်းမပူ ပါစေနဲ့။ ညဘက် ပလပ်ထိုး အားသွင်းပြီး အိပ်မည် ဆိုလျှင် ဖုန်း ကာဗာ ကိုတော့ ချွတ်ထား လိုက်ပါ။

ဖုန်း ဘက်ထရီ အကျန်းမာဆုံး ဖြစ်စေ လိုလျှင် ဘက်ထရီကို (၅၀-၈၀) ရာခိုင်နှုန်း ကြား ရှိနေအောင် ထိန်းပြီး အားသွင်းပေးပါ။

ဘက်ထရီ လုံး၀ အားကုန်ပြီး ပိတ်သွားသည် အထိ မသုံးပါနဲ့။ ဘက်ထရီ သုည ရာခိုင်နှုန်းမှ တစ်ရာ ရာခိုင်နှုန်းသို့ တောက်လျှောက် အားသွင်းခြင်းမျိုး ကိုလည်း ရှောင်ပါ။

ခရစ်ဒစ်