News

“ယနေ့တိုက်ပွဲမှာ စနိုက်ပါ ထိမှန် ကျဆုံးသွားတဲ့ KGZ ရဲဘော် . . CDM ကျောင်းဆရာလေး”

နောင်ရိုး/ဧရာဝတီတိုင်းမ်

ဒီးမော့ဆို၊ မတ်လ ၉ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း Karenni Generation Z တပ်ဖွဲ့မှ ရဲဘော် ဇောလင်းထွန်း ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် စနိုက်ပါထိမှန်ကာ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း နယ်မြေခံ သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။

” ဒီနေ့ တိုက်ပွဲမှာ KGZ က ရဲဘော်တစ်ဦး ကျပါတယ်။ သူက CDM ကျောင်းဆရာတစ်ဦးပါ။ စစ်အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်ချင်လို့ CDM ဝင်နေရာကနေ KGZ တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ဦးပါ ” ဟု နယ်မြေခံသတင်းရင်းမြစ်တစ်ခုက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အသက် ၂၄ နှစ်အရွယ် ကျဆုံးရဲဘော် ဇော်လင်းထွန်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု – CDM တွင် ပါဝင်ခဲ့သူဖြစ်ပြီး Karenni Generation Z (KGZ) တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေစဥ် ယနေ့ ဒီးမော့ဆိုတိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့အထိ ကရင်နီ(ကယား)ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် KA၊KNDF၊PDF ပူးပေါင်းများအကြား တိုက်ပွဲပေါင်း ၁၈၇ ကြိမ်ဖြစ်ပွားခဲ့ပြီး KNDF/PDF နှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၈၇ ဦး ကျဆုံးခဲ့ကြောင်းတိုးတက်သောကရင်နီပြည်သူ့အင်အားစု – PKPF ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

#ဒီးမော့ဆို #တိုက်ပွဲ #KGZ #ကျဆုံး

#Ayeyarwaddy_Times