ဗဟုသုတ

“တစ်ခေတ် တစ်ခါက ပြည်သူပိုင် သိမ်းပွဲကြီး (သို့) တစ်နိုင်ငံလုံးကို ပေါ်တင်တိုက်ခဲ့တဲ့ ဓါးပြတိုက်မှုကြီး”

အဲ့ဒီအချိန်က ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်း ဥစ္စာတွေ အဓမ္မ သိမ်းခံရလို့ အားမတန် မာန်လျော့ကာ ချက်ချင်း ဆုံးရှုံး နစ်နာသွားကြရတဲ့ သူတွေ ဘယ်လောက်တောင် ပူုလောင် သောကရောက်ရ၊ ကြေကွဲမဆုံး ဖြစ်ရမလဲ၊ တချို့တွေ ရူးသွားကြ၊ ဘဝပျက် သေကြနဲ့ တွေးရုံနဲ့တင် အတော် စာနာ သနားမိတယ်။

ထို့အတူ သူတပါး ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာကို ကိုယ်ကျင့်သိက္ခာ မရှိ၊ အရှက်အကြောက် ကင်းမဲ့စွာ လက်နက်နဲ့ နိုင်လိုမင်းထက် အဓမ္မ သိမ်းယူခဲ့သူ နေဝင်းနဲ့ နောက်လိုက် စစ်တပ်က ဗိုလ်မှူး၊ ဗိုလ်ကြီး၊ တပ်ကြပ် စတဲ့သူတွေ၊ အဲ့ဒီ ပစ္စည်းဥစ္စာတွေကို ဆက်လက် စံစားနေကြသူ သားစဉ် မြေးဆက်တွေ ဘယ်လောက်တောင် မကောင်းတဲ့ ကံအကြောင်းတရားတွေ သံသရာ အဆက်ဆက် ယူဆောင်သွားကြရမလဲ တွေးရုံနဲ့ ကြောက်ရွံရတယ်။ (စိုးထွန်း)

“ပြည်သူပိုင် သိမ်းပွဲကြီး” – (ကြေးမုံဦးသောင်း)

သမိုင်း အစစ်တွေကို သိရှိကြစေဖို့ ဖော်ပြခြင်း ဖြစ်ပါသည်။

မြန်မာ့လမ်းစဉ် ဆိုရှယ်လစ်စနစ်မှာ စက်မှုလက်မှု စီးပွားရေး လုပ်ငန်းများကို တည်ထောင်သည်မဟုတ်ဘဲ တည်ရှိပြီး အရပ်သားပိုင် လုပ်ငန်းများကို သိမ်းယူသော စနစ်ဖြစ်သည်။

၁၉၆၃ ခု၊ ဇန်နဝါရီလတွင် ဘီအိုစီ ရေနံကုမ္ပဏီနှင့် အိုင်ဘီပီ ရေနံလုပ်ငန်းကို သိမ်းပြီး မြန်မာ့ရေနံ ကော်ပိုရေးရှင်းကို ဖွဲ့စည်းလိုက်သည်။ ဖေဖော်ဝါရီလထဲတွင် ဘဏ်တိုက် (၃၁) တိုက်ကို သိမ်းပြီး လုပ်ငန်းကြီးများ စတင်သိမ်းတော့သည်။ အင်္ဂလို – ဘားမား သတ္တုတွင်း ကုမ္ပဏီနှင့် ပုလဲလုပ်ငန်းတို့ ပါသွားကြသည်။

စစ်တပ်မှ စစ်ဗိုလ်ကြီးများ လုပ်ကိုင်နေကြသည့် တပ်မတော် သက်သာချောင်ချိရေး တဖြစ်လည်း မြန်မာနိုင်ငံ စီးပွားတိုးတက်မှု ကော်ပိုရေးရှင်း (BEDC) နှင့် စစ်ဖက်ကုန်စည် ဖြန့်ချီရေး (DSI) တို့ကိုလည်း သိမ်းလေသည်။

စီးကရက် ကုမ္ပဏီများ၊ သတ္တုတွင်း လုပ်ငန်းများ၊ ဆပ်ပြာချက်လုပ်ငန်း၊ ထီးစက်လုပ်ငန်း စသည့် စက်မှုလက်မှု လုပ်ငန်းများ၊ ပုံနှိပ်စက်များ၊ အရပ်သားပိုင် ကျောင်း (၈၁၄) ကျောင်း၊ သာသနာပြု ဆေးရုံ (၉) ရုံ၊ ရုပ်ရှင်ရုံ (၁၈၂) ရုံ စသည်ဖြင့် အားလုံးကို ပြည်သူပိုင် ပြုလုပ်သည်။ အကြီးဆုံး ပြည်သူပိုင် သိမ်းပွဲကြီးကို ရန်ကုန်မြို့ နှင့်တကွ နယ်များတွင်ပါ ၁၉၆၄ ခု၊ ဧပြီလ (၉) ရက်နေ့တွင် ကျင်းပသည်။

အသိမ်းခံရသည့်သူများ မသိကြစေရန် လျှို့ဝှက် စီစဉ်သည်။ ထောင်သောင်းချီသော ပါတီ မိတ်ဆွေဆိုသူများနှင့် စစ်ဗိုလ်စစ်သားများကို သန်းခေါင်တိတိတွင် အောင်ဆန်း အားကစားကွင်းကြီး၌ စုထားသည်။ မိုးမလင်းမီတွင် လူစုခွဲကြပြီး ရန်ကုန်မြို့အနှံ့ အပြား သွားရောက်ကာ ပွဲရုံများ၊ လက်လီ လက်ကားဆိုင်များ၊ သမဝါယမဆိုင်များ၊ စီးပွားရေးလုပ်ငန်းမှန်သမျှကို ပြည်သူပိုင် သိမ်းလိုက်လေတော့သည်။

ပြည်သူပိုင်သိမ်းရာတွင် လုပ်ငန်းကြီးပါက ဗိုလ်မှူးက ကွပ်ကဲသည်။ အလတ်စားလုပ်ငန်းကို ဗိုလ်ကြီး၊ အငယ်စားလုပ်ငန်းကို တပ်ကြပ်ကြီးတို့က ကွပ်ကဲပြီး သိမ်းယူသည်။ လက်နက်ကိုင် စစ်သားများက စောင့် ကြပ်ပေးရသည်။

ပါတီမိတ်ဆွေများက မူလပိုင်ရှင်များ၏ နေရာတွင် အစားထိုးပြီး အရောင်းအဝယ် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြသည်။ ဆိုင်ကြီးများမှ လက်လီဆိုင်ကလေးများအထိ ဆိုင်ပိုင်တို့အဖို့ နံနက်စောစော ဆိုင်ဖွင့်ရန် သွားကြသော အခါတွင် မိမိတို့ ဆိုင်ရှေ့များတွင် စစ်အရာရှိနှင့် ပါတီမိတ်ဆွေဆိုသူများကို တွေ့ကြရသည်။

ပြည်သူပိုင် အမိန့်ကို ဖတ်ပြပြီး လုပ်ငန်းကို သိမ်းယူသောအခါတွင် ဆိုင် (သို့မဟုတ်) လုပ်ငန်း၏ သော့နှင့် ငွေများကို အပ်ကြရသည်။ အရေးတကြီး တောင်းကြသည်မှာ လုပ်ငန်းပိုင် မော်တော်ယာဉ်များနှင့် ကားသော့များ ဖြစ်၏။ ထိုနေ့ နံနက်က စတင်ပြီး ထိုဆိုင်၊ ထိုလုပ်ငန်းမှ မော်တော်ယာဉ်သည် ဗိုလ်ကြီး သို့မဟုတ် တပ်ကြပ် ကြီးပိုင် အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

တင်မောင်က နေ့စဉ်နေ့တိုင်း သမီးများကို ကျောင်းပို့၊ ကျောင်းကြို တာဝန် ယူထားရသည်။ ပြည်သူပိုင် မသိမ်းမီက ကားပြာလေးတစီးနှင့် ကျောင်းလာလေ့ရှိသော မောင်နှမသုံးယောက်တို့ ခြေလျင်လာကြတာကို မြင်ရပြီး ခါတိုင်း ခြေလျင် ကျောင်းတက်လေ့ရှိသူ ကလေးတဦးက ထိုကားပြာကလေးနှင့် ကျောင်းတက်လာသည်ကို မြင်တွေ့ရသည်။ ကားအထဲမှ ကလေးက အမူအရာ မထူးခြားစေကာမူ စစ်ဗိုလ်ကတော်နှင့် တူသော ကားမောင်းလာသူ အမျိုးသမီးကို ခေါင်းတမော့မော့ ရှိနေသည်ကို မြင်ရသည်။

ဆိုရှယ်လစ် သင်္ခါရတရားကို ရှုမိပါတော့၏။

ပြည်သူပိုင်သိမ်းပွဲတွင် စစ်ဗိုလ်များအား ကားမအပ်သူများကို ကြီးလေးသော အပြစ်ကို ပေးလေ့ရှိသည်။ အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အိုဝဲလ်၏ `မြန်မာပြည်မှ နေ့များ´ ဝတ္ထုမှာ ပါရှိခဲ့သည့် စမတ်နဲ မုကာရမ်ဒမ် စာအုပ်ဆိုင် ဆူးလေဘုရားလမ်းတွင် ရှိသည်။

စာအုပ်ဆိုင်ကို စစ်ဗိုလ်က လာရောက်သိမ်းစဉ်က ပိုင်ရှင်အဖိုးကြီးတွင် ကားပျက်ကြီးတစီး ရှိပါလျက် ကားမအပ်သော အမှုအတွက် ထောင် (၄) နှစ် အပြစ်ပေးခဲ့သည်။ အဖိုးကြီးခမျာ အသက် (၇၂) နှစ် ရှိရှာပါပြီ။

ပြည်သူပိုင် သိမ်းပွဲအပြီး၌ ဆိုင်အသိမ်းခံရသူ မိတ်ဆွေတဦးထံ သွားပြီး အားပေးစကား ပြောမိသည်။ `ကျနော် အမြတ်ကြီးစား မဟုတ်ပါဘူး။ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင် စားသောက်သူပါဗျာ´ ဟု ညည်းလေ သောကြောင့် `ဝိပါကဝဋ်ပေါ့ဗျာ´ ဟု တရားပြနေခိုက်တွင် လူတယောက်ဝင် လာသည်။ ပိုးလုံချည်၊ ပိုးအင်္ကျီနှင့် ပွဲထိုင်သွားမည့် သူကဲ့သို့ ဝတ်ဆင်ထားသော်လည်း သူ၏မျက်နှာက ဒေါသထွက်နေဟန် နီမြန်းနေသောကြောင့် မည်သို့မျှ ဝင်မပြောဘဲ ကြည့်နေမိ၏။

`လာပါဗိုလ်ကြီး ထိုင်ပါ၊ ထိုင်ပါ´ ဟု မိတ်ဆွေက ဖိတ်သည်ကို မထိုင်ဘဲ ဆူပူစကားပြောလေတော့သည်။

`တနေ့က ဆိုင်ကို သိမ်းတုန်းက ခင်ဗျားအပ်တဲ့ ကားမှာ အပိုဘီး မပါဘူး။ ခင်ဗျား ထိန်ချန်ထားခဲ့တယ်။ အခု လမ်းမှာ ဘီးပေါက်နေတယ်။ ခင်ဗျား ခိုးထားတဲ့ ဘီးကို အခုအပ်ပါ´ ဟု ဒေါသနှင့် ပြောသည်။ မိတ်ဆွေက … `ကားမှာ အပိုဘီး ပါ ပါတယ်။ ဘီးငါးဘီး အပ်ခဲ့ပါတယ်။ ဒီကားမျိုးက အပိုဘီးကို နောက်ခန်းမှာ မထားဘဲ ကားရဲ့ ဖလိန်အောက်မှာဘီးအိမ်နဲ့ ထည့်ထားလို့ မမြင်ရတာပါ´ ဟု ရှင်းပြသည်။ `ကားကို သိမ်းတုန်းက ဘာလို့ မရှင်းပြတာလဲ´ ဟု ဆူပူငေါက်ငမ်းပြီး ထွက်သွားသည်။

လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များထံမှ လုယူထားသည့် ကားကို ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် သုံးကြသည်ကို မြင်ရသည်။ ကုန်စည်များကိုလည်း ခိုးဝှက်ကြသည်။ အဖိုးတန်သော ကုန်ဆိုင်များကို သိမ်းရန် တာဝန်ကျသူ စစ်ဗိုလ်များ သည် ချက်ချင်း ချမ်းသာကြတော့သည်။

ကားများ၊ ကုန်များကိုသာမက ဆိုင်ခန်းများကိုပါ စစ်ဗိုလ်များက ခိုးကြသည်။ ရန်ကုန်တွင်ရော၊ နယ်တို့တွင်ပါ လက်လီလက်ကားဆိုင် (၁၂၇၆၄) ဆိုင်ကို သိမ်းပြီးသည့် နောက်တွင် အမျိုးတူ ကုန်များ ပူးပေါင်း ရောင်းချ မည်ဟု မူချမှတ်ကာ ကုန်များကို ဆိုင်ကြီးများ ရှိရာသို့ ပြောင်းသောအခါတွင် ရန်ကုန်၌ ဆိုင်နေရာ တသောင်းခန့် လစ်လပ်သွားသည်။ အောက်ထပ် လမ်းဘေးများမှ ဆိုင်ခန်းများအပြင် အိန္ဒိယသို့ အပြီးပြန်သွားသူ ကုလားများ၏ အိမ်ခန်းတွေပါ အစုစု အိမ်ခန်း တသိန်းခန့်ကို စစ်ဗိုလ်မြူမင်းကြီးက ကွပ်ကဲပြီး စစ်ဗိုလ်များနှင့် ပါတီဝင် လက်နက်ချ ကွန်မြူနစ်များ ကို နေရာ ချပေးလေသည်။

အားလုံးလိုလိုပင် ပြန်ရောင်းစားကြသည်။ အချို့ စစ်ဗိုလ်များက အိမ်ခန်းရော ဆိုင်ခန်းပါ လေးငါးလုံး ရယူပြီး တဆင့် ရောင်းစားသည်။

တရုတ်၊ ကုလား စီးပွားရေးဈေးကွက်ကို ဖျက်သိမ်းရန် ရည်ရွယ်ချက်နှင့် ဆိုင်များကို သိမ်းခဲ့စေကာမူ စစ်ဗိုလ်များက ပြန်လည်ရောင်းစားကြသောကြောင့် တရုတ်၊ ကုလားများ လက်ထဲသို့ပင် ပြန်ရောက်သွား ပြန်ပေသည်။ ဘဏ်တိုက်များ၊ ဆိုင်များ၊ လုပ်ငန်းများကို သိမ်းရာတွင် စာရင်းမရှိ၊ အင်းမရှိ ခိုးယူကြသည်။

အများစု ဖြစ်သော မြန်မာပိုင်လုပ်ငန်း မှန်သမျှကို လျော်ကြေးမပေးတော့ပေ။ သို့သော် ဘီအိုစီနှင့် နိုင်ငံခြားသားပိုင် ဘဏ်တိုက်ကြီးတွေကိုမူ နိုင်ငံခြားသုံးငွေနှင့် လျော်ကြေးပေးသည်။ ဆွီဒင်ပြည်မှ လုပ်ငန်းရှင်တဦး ပိုင်သည့် မန္တလေး မီးခြစ်စက်ကိုလည်း နိုင်ငံခြားငွေနှင့် လျော်ကြေး ပေးသည်။

ဗိုလ်ချုပ်ကြီးနေဝင်းက တနှစ်တွင် ကိုးလတာမျှ ဥရောပနိုင်ငံများသို့ သွားရောက် ဇိမ်ခံလေ့ရှိသဖြင့် သူသွားသော နိုင်ငံများတွင် မျက်နှာမငယ်စေရန် နိုင်ငံခြားသုံးငွေနှင့် လျော်ကြေးပေးရသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနမှ စုံစမ်း သိရှိရသည်။

ဗိုလ်ချုပ်ကြီး နေဝင်းက နိုင်ငံခြားသားများကို ကြောက်တတ်သည့် သူရဲဘောကြောင်သော စိတ်ဓာတ်နှင့် သူနိုင်သော မြန်မာနိုင်ငံသားများကို ရက်စက်စွာ အနိုင်ကျင့်သည့် စိတ်ဓာတ်များသည် စက်ဆုပ်ရွံ့ရှာဖွယ် ကောင်းလှပေသည်။

မြန်မာပိုင်ဆိုပါက စာရင်းအင်း ကျကျနနရှိသော ဘဏ်တိုက်များကိုပင် လျော်ကြေး မပေးစေကာမူ ဗိုလ်ချုပ်နေဝင်းကတော် ဒေါ်ခင်မေသန်း၏ ဆွေမျိုးများပိုင်သော လုပ်ငန်းများကို တိတ်တိတ်ပုန်း လျော်ကြေး ပေးသည်။ အထပ်သားစက် လုပ်ငန်းကို သိမ်းစဉ်က လုပ်ငန်းတန်ဖိုး အားလုံးကို နိုင်ငံခြားသုံးငွေနှင့် လျော်ကြေး ပေးရုံမျှမက မိသားစုတခုလုံး အင်္ဂလန်သို့ သွားရောက် နေထိုင်နိုင်ရန် နိုင်ငံကူး လက်မှတ်ပါ ထုတ်ပေးသည်။ မတရားမှု မှန်သမျှ တခုမကျန် ကျူးလွန်ခဲ့ပေသည်။

ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်လုပ်ငန်းများကို သိမ်းယူခဲ့သည် ဂယက်အဖြစ် ကုန်စည်များ ရှားပါးသည်ကို ရင်ဆိုင်ကြရသည်။ ရှားပါးသဖြင့် ကုန်ဈေးနှုန်းများ တက်နေချိန် ၁၉၆၄ ခု၊ မတ်လ (၁၇) ရက်နေ့တွင် အစိုးရက ထုတ်ေ၀ သုံးစွဲထားသဖြင့် လူထု၏ လက်ထဲတွင် လှည့်လည်သုံးစွဲနေသော ကျပ်(၁၀၀) တန်နှင့် (၅၀) တန် ငွေစက္ကူများကို တရားမဝင်ဟု ကြေညာလိုက်သဖြင့် လူထုကြီး တရပ်လုံး မွဲသွားရှာသည်။ လှည့်လည်နေသော ငွေ၏ (၂၂) ရာခိုင်နှုန်းကို သုံးစွဲခွင့် ပယ်ဖျက်သောကြောင့် အစိုးရအဖို့ ကျပ် (၉၁၅.၈) သန်း အမြတ်ရသွားသည်။ လူထုမှာ ကျပ် (၉၁၅.၈) သန်း မွဲရသည်။

လူထု မည်သို့ ခံရစေကာမူ အစိုးရက အနည်းငယ်မှ လျှော့မပေး၊ ၁၉၆၆ ခု၊ ဇန်နဝါရီလ (၆) ရက်နေ့တွင် ကုန်သွယ်ရေး အမိန့်သစ် ထုတ်ကာ ချုပ်ကိုင်ပြန်သည်။

ကုန်စည်အမျိုးအစား (၄၆၀) ကို အရပ်သားများ မထိရဘဲ အစိုးရကသာ ရောင်းဝယ်ခွင့် ရှိတော့သည်။ ဖွဲနု၊ ဆန်ကွဲမှ စတင်ပြီး နနွင်းတက်အထိ တော်လှန်ရေး အစိုးရကသာ သိုလှောင်ခွင့်၊ ရောင်းဝယ်ခွင့် ရှိတော့
သည်။

ထိုကဲ့သို့ ပုဂ္ဂလိက အရပ်သားပိုင် လုပ်ငန်းများကို စစ်ဗိုလ်များက လုယက်သည့် ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ထူထောင်သောကြောင့် နိုင်ငံ၏ စီးပွားရေး လုပ်ငန်းကြီးများ ကျဆင်း ပျက်ပြား သွားလေတော့သည်။

၁၉၆၄-၆၅ ခုနှစ်က လယ်ယာကုန် ထုတ်လုပ်မှု တန်ဖိုး (၂၅၂) ကုဋေရှိခဲ့ရာမှ ၁၉၆၅-၆၆ ခုနှစ်မှာ (၂၄၁) ကုဋေအထိ ကျဆင်းသွားသည်။ အထူးသဖြင့် ဆန်ရှားသွားသည်။

၁၉၆၇ ခုနှစ်၊ သြဂုတ်လတွင် စပါးခင်းများ အကြားတွင်ရှိသော ရန်ကုန်မြို့ကြီး၌ ဆန်ပြတ်သွားသောကြောင့် လူထုကြီး မျက်သလဲဆန်ပျာ ဖြစ်ကြရသည်။ ရန်ကုန် တမြို့လုံးမှ လူအများသည် ဆန်ထွက်ရှာနေကြရသဖြင့် ရုံးများ၊ ဆိုင်များပိတ်သွားသည်။ ထိုအခါ စစ်စုံထောက်များက တရုတ် အမျိုးသားများကို လိုက်လံ ရိုက်နှက်ကြပြီး တရုတ်-ဗမာ အဓိကရုဏ်းကို ဖန်တီးကာ လူထုကြီး၏ သွေးဖြင့် ဆန်ပြသာနာကို ဖြေရှင်းသည်။ များစွာ ရက်စက်ယုတ်မာလှသည်။ လူထုကြီးမှာ ကျောကော့ပြီး ခံကြရသည်။

Post Views: 108