ဗဟုသုတ

“အညာဒေသမှာ တောင်သူလယ်သမားတွေ ပူဇော်ပသလေ့ရှိတဲ့ ပုန်းမကြည်နတ်ရဲ့ ကြေကွဲဖွယ် သမိုင်းကြောင်း”

ပုန်းမကြည်နတ်ပူဇော် ရိုးရာပွဲ

အညာဒေသမှာ ကောက်ကြီးသိမ်းပြီးတဲ့အချိန် တပေါင်းလမှာ ပုန်းမကြည်နတ်တင်တဲ့ပွဲ ရှိပါတယ်

တပေါင်းလဆန်း ၁ ရက် ၂ ရက်မှာရိုးရာမုန့်တွေ ကြော်ပြီးတော့တပေါင်းလဆန်း (၃)ရက်နေ့မှာ ပုန်းမကြည် (ပုဗ္ဗကြယ်) နတ်ကို တောင်သူလယ်သမား၊ ကိုင်း၊ကျွန်းလုပ်တဲ့ လူတိုင်း ပူဇော်တင်မြှောက်ပသကြတဲ့နေ့ပါပဲ

အိမ်တိုင်း အိမ်တိုင်း ဆန်မှုန့်နဲ့တောင်သူသုံးပစ္စည်း၊အိမ်သုံးပစ္စည်းတွေ ဖြစ်တဲ့ နွား၊ ထွန်၊ ထယ်၊ လှည်း၊ ကျောက်ပျဉ်၊လက်ကောက် အစရှိတဲ့တာတွေကို‌ကြော်၊နောက်ပြီး မုန့်ဆီကြော်ကို ကြော်၊ ငါးကြော် လ္ဘက်နဲ့ ပုန်းမကြည်ရှင်မကို ပူဇော်ပသတဲ့ နေ့ဖြစ်ပါတယ်။

ပုန်းမကြည် ရှင်မက စပါး၊ပဲ၊နှမ်း၊ဝါ စတဲ့အပင်တွေကို များများရအောင် ကူညီစောင့်ရှောက်တဲ့ နတ်လို့လည်း ယူဆကြပါတယ်

တစ်ရွာ တစ်ပုဒ်ဆန်း၊ တစ်ကျောင်း တစ်ဂါထာ”ဆိုသလိုပါပဲ နယ်မြေဒေသကိုလိုက်ပြီးကွဲပြားမှုတွေလည်းရှိကောင်း ရှိမှာပါ။

လဆန်း(၁)ရက်နေ့မှာလေတိုက်ရင် မိုးဦးကောင်းမယ် လဆန်း(၂)ရက်နေ့မှာလေတိုက်ရင် မိုးလယ်ကောင်းမယ် လဆန်း(၃)ရက်နေ့မှာ လေတိုက်ရင် မိုးနှောင်းကောင်းမယ် ဆိုပြီး တောသူ၊ တောင်သားတွေက မိုးလေ၀သကိုလည်း ခန့်မှန်းတတ်ကြပါတယ်။

ကောက်ရိတ်ချိန်နဲ့ ပုန်းမကြည် ဆက်စပ်ပုံကိုလည်း နည်းနည်းလောက် ပြောပြပါရစေ….

လယ်တစ်ခင်းရိတ်လို့ အဲဒီလယ်ခင်းထဲက စပါးပင်မှာ အရုပ်(ပုန်းမကြည်ရုပ်)နဲ့တူတဲ့၊အဲဒီအရုပ်လေးပါတဲ့စပါးပင်ကို ရိတ်မိတဲ့သူကို လယ်ရိတ်ခအပြင် စပါးတစ်ခွဲ(၈)ပြည် ပေးရပါတယ်တဲ့အဲဒီအရုပ်လေးကို စပါးကြည်ထဲမှာ ထည့်ထားရင် စီးပွားလာဘ်လာဘ ကောင်းတယ်၊ ဆန်ရေစပါးပေါများတယ်ဆိုတဲ့ အယူအဆကြောင့်ပါ။

ပုန်းမကြည်နတ်တင်တဲ့အခါမှာတော့ တင်တဲ့သူတွေက“ဆန်မုန့်နဲ့ပြုလုပ်ထားတဲ့ဟာတွေကို တင်ပါတယ်၊ မြှောက်ပါတယ် မုန့်ဆီကြော်လည်း ပါပါတယ်၊ လ္ဘက်ဆီဆမ်းလည်း ပါပါတယ် ဝါးပါ၊ စားပါ၊ ပြီးရင်လည်း မိုးသုံးချက်၊လေသုံးချက်နဲ့ညီပြီး စိုက်တဲ့သီးနှံတိုင်းအောင်မြင်ဖြစ်ထွန်းအောင် မ,စပါပုန်းမကြည် အရှင်သခင်မ” ဆိုပြီး ဆုတွေတောင်းပါတော့တယ်။

နတ်တင်ပြီး ချလာတဲ့မုန့်တွေကိုအ၀ အပြဲစားရလို့ပေါ့ မုန့်ဖြူကို ထန်းလျက်ရည်နဲ့ တို့စားပါတယ် မုန့်ဆီကြော်ကိုတော့ ဒီတိုင်းစားတာပေါ့။

ပုန်းမကြည်နတ် ဘယ်ကစပေါ်လာတယ် ဆိုတာကို နည်းနည်းလောက် သိအောင်ပြောပြပါရစေ

ပုန်းမကြည်နတ်လို့ ပြောတာထက် ပုန်းမကြည် ဘီလူးမလို့ပြောလျှင် ပိုမှန်ပါလိမ့်မယ်။

ထိုပုန်းမကြည် ဘီလူးမသည်လူသူမရှိသော ဆိတ်ငြိမ်သောအရပ်တွင် ပုန်းအောင်းနေရမှ စိတ်ကြည်လင်သည့်အတွက် ပုန်းမကြည်မလို့ ခေါ်တွင်သည်။

ပုန်းမကြည်မအကြောင်းပြောရမည်ဆိုလျှင်မြတ်စွာဘုရားဟောကြားခဲ့သောကာဠိယက်ခိနီ ဘီလူးမရဲ့ဝတ်ထု၏အကြောင်းကို ပြောပြရပေမည်

မြတ်စွာဘုရားရှင်ဇေတဝန်ကျောင်းတော်မှာ သက်တော်ထင်ရှားရှိစဉ်တုန်းကပုဏ္ဏားသူကြွယ် လုလင်တစ်ယောက်မှာမယားတစ်ယောက် ရှိပါသည်

အဲဒီမယားကြီးမှာကံအကြောင်းမလှ၍ သားသမီးမရနိုင် ဖြစ်ခဲ့လေတော့ပုဏ္ဏားသူကြွယ်လုလင်လေးမှာနေ့စဉ်နှင့်အမျှ စိတ်မကောင်းဖြစ်နေရတာပေါ့

အဲဒီလိုဖြစ်နေတာကိုမယားလုပ်တဲ့သူက မျိုးဆက်မပြတ်ရေးအတွက်နောက်မိန်းမထပ်ယူဖို့ ယောက်ျားကို ပြောလိုက်တော့ ယောက်ျားကလည်းနောက်မိန်းမ ယူလိုက်တာပေါ့

နောက်မိန်းမယူပြီး မကြာခင်မှာပဲ မယားငယ်လေးကကိုယ်ဝန်လွယ်ရပါတော့တယ်မယားကြီးက စိတ်ပြောင်း သွားပြီးတော့မယားငယ်၏ ကိုယ်၀န်ပျက်ဖို့ အမျိုးမျိုးကြံတော့တာပါပဲ။

ကိုယ်ဝန်ရလာလိုက်မယားကြီးကဆေးတိုက်ပြီး ဖျက်ချလိုက်နဲ့ (၃)ဗိုက်မြောက်မှာတော့ အသက်ဆုံးရှုံးသွားပါတယ် အသက်မဆုံးရှုံးခင်မှာမယားငယ်က ကျိန်စာတိုက် သစ္စာဆိုသွားပါတယ်

ဖြစ်လေရာ ဘ၀မှာ မယားကြီးနဲ့မယားကြီးကမွေးတဲ့ ကလေးတွေကိုစားရပါလို၏လို့ကျိန်စာဆိုပြီးမှ သေသွားပါတယ်

မယားငယ် သေသွားတဲ့အကြောင်းကို ယောက်ျားသိတော့မယားကြီးကိုရိုက်နက်၍ ဆုံးမပါတယ်

အဲဒီ ဒါဏ်ကြောင့်ပဲမယားကြီးမှာလည်း သေသွားရပြန်ပါတယ်

မယားငယ်က အဲဒီသူကြွယ် အိမ်မှာကြောင်မ သွားဖြစ်ပါတယ် မယားကြီးကတော့ကြက်မ သွားဖြစ်ပါတယ်

သူတို့ ရဲ့ ဆုတောင်းတွေကြောင့်ကြက်မမွေးတိုင်းကြောင်မက စားပါတယ်။

နောက်ပိုင်း ကြက်မကလည်းဆုတောင်းပြန်ပါတယ်နောင်ဘ၀မှာ ကြောင်မမှ မွေးသော သားသမီးတိုင်းကို စားရပါလို၏လို့ဆုတောင်းလိုက်ပါတယ်

အဲဒီ ဆုတောင်းကြောင့်နောက်ဘ၀မှာ ကြောင်မက သမင်မ သွားဖြစ်ပါတယ် ကြက်မကကျားသစ်မ ဖြစ်ပါတယ်

သမင်မမွေးတဲ့ ကလေးတွေကို ကျားသစ်မက အမြဲစားပါတယ် အဲလိုနဲ့ သမင်မ သေတော့ နောက်ဘ၀မှာ ကျားသစ်မကို နိုင်တဲ့သူ ဖြစ်ပါစေဆိုပြီး

ဆုတောင်းပြန်ပါတယ်။ သေတော့ နောက်ဘ၀မှာ သမင်မကဘီလူးမ ဖြစ်သွားပါတယ် ကျားသစ်မကတော့ သာ၀တ္ထိပြည်မှာမိန်းမသွားဖြစ်ပါတယ်

အဲဒီ မိန်းကလေးအရွယ်ရောက်တော့အိမ်ထောင်ကျပြီးအမျိုးသမိး မီးဖွားတဲ့အချိန်မှာ ဘီလူးမကလူယောင်ဆောင်ပြီးတော့ကလေးကို စားပါတယ်

နှစ်ခါမြောက်မွေးတဲ့အခါမှာလည်း စားပါတယ်အဲဒီလိုပါပဲသုံးကြိမ်မြောက်အခါတော့ အမျိုးသမီးကဘီလူးမကိုမြင်တာနဲ့ မြတ်စွာဘုရားရှင် သတင်းသုံးတော်မူတဲ့
ဇေတ၀န်ကျောင်းတော်ထဲသို့ သားလေးကိုပိုက်ပြီးအတင်း၀င်ပြေးသွားပြီးတော့

မြတ်စွာဘုရားရဲ့ ခြေထောက်ပေါ်ကိုတင်ပြီး

“သားငယ်အား လှူဒါန်းပါ၏၊သားငယ်အား အသက်ရှင်ခြင်းကိုပေးသနားတော်မူပါဘုရား”ဟု လျှောက်တင်လေ၏

မြတ်စွာဘုရားရှင်ကဘီလူးမကို

“အဘယ်ကြောင့် ဤသို့ပြုရပါသနည်း”ဟုမေးပြီးတော့နဟိဝေရေန ဝေရာနိ အစချီသော ဂါထာကို ဟောကြားတော်မူပါသည်

အဓိပ္ပါယ်ကတော့ရန်ကိုရန်ချင်းမတုန့်နှင်းနဲ့ရန်မလိုမှ ရန်ပြိုတယ်ရန်လိုလျှင်ရန်ပိုတတ်တယ် ရန်ငြိမ်းမှ ရန်အေးချမ်းတယ်လို့ ဟောပြီးတဲ့နောက်မှာတော့ ဘီလူးမဟာ အသိဥာဏ်ပွင့်၍သောတာပန်တည်သွားပါတယ်

အဲဒီနောက်မှာမြတ်စွာဘုရားရှင်ကအမျိုးသမီးအား သားလေးကို ဘီလူးမအား ပေးတော်မူဖို့ပြောလေသောအခါ အမျိုးသမီးငယ်က မပေးဝံ့ကြောင်း မြတ်စွာဘုရားအားလျှောက်တင်လေသည်။

မြတ်စွာဘုရားက “ချစ်သမီးမကြောက်လေလင့်ဘီလူးမသည်အခုချိန်ကစပြီးသင့်သားကိုစားတော့မည်မဟုတ်”ဟု မြတ်စွာဘုရားကပြောလိုက်မှအမျိုးသမီးသည်
ကလေးကို ဘီလူးမလက်ထဲသို့ထည့်ပေးလိုက်ပါသည်။

ဘီလူးမလည်းကလေးကို နမ်းလိုက် ငိုလိုက် လုပ်နေတာကို မြတ်စွာဘုရားကသိသွားတော့ဘီလူးမ သင် အဘယ့်ကြောင့်ငိုကြွေးနေရပါသလဲ

မှန်လှပါဘုရားတပည့်တော်မ အရင်တုန်းက သူများရဲ့အသက်ကိုသာသတ်ပြီး စားဖူးပါသည်

အခုဘာကို စားရပါမလဲ မသိလို့ ငိုကြွေးမိကြောင်းပါဘုရား။

အဲဒီတော့မှမြတ်စွာဘုရားရှင်က

“ဘီလူးမ အသင် မစိုးရိမ်လင့်”ဟုပြောပြီးတော့ ထိုအမျိုးသမီးကိုထမင်းဦး၊ ယာဂုစတဲ့အစားအသောက်တွေကို လုပ်ကျွေးလော့ဟု မိန့်တော်မူပါသည်

ဘီလူးမကိုတိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုမှာ ထားပြီးတော့အမြဲတမ်း ယာဂု၊ထမင်းဦး စသည်တို့ကိုသွားသွားပို့လေသည်

အဲလိုပို့ပါ များလာတော့

“တစ်ဦးကစေတနာ၊တစ်ဦးမေတ္တာ”ဆိုသလိုပါပဲ ဘီလူးမက မိန်းမပျိုအား“ဒီနှစ် မိုးကောင်းမယ်ကုန်းအရပ်ပါ စပါးစိုက်ပျိုး၊ဒီနှစ် မိုးခေါင်မယ်ချိုင့်ဝှမ်းတွေမှာ စိုက်ပျိုးဖို့”ပြောပြောပေးတော့ မိန်းမပျိုတို့ မိသားစုက တစ်နေ့တစ်ခြား ကြီးပွားတိုးတက်လာပါတယ်။

သာ၀တ္ထိမြို့သူ၊မြို့သားတို့သည်လည်း အဲဒီအချိန်က စပြီး ”အစားအသောက်တို့ကို ဘီလူးမဆီကို သွားသွားပို့လေသည်

ဘီလူးမသည်လည်း အားလုံးကို ကြည့်ရှု့မစစောင့်ရှောက်ခဲ့သောကြောင့် တစ်မြို့လုံး စည်ပင်သာယာ ဝပြောလေတော့သည်

အဲဒီ အယူအဆကနေပြီးတော့ ပုန်းမကြည်နတ်ကို တင်မြှောက် ပူဇော် ပသတဲ့ ဓလေ့ဖြစ်လာတာပါ တဲ့၊

“ပုန်းမကြည်”လို့နောက်တစ်နည်းခေါ်တာကတော့ ဘီလူးမကအင်မတန်ရုပ်ဆိုး အကျည်းတန်ပြီးမျက်နှာက ကြောက်မက်ဖွယ် ဖြစ်နေတော့ လူတွေကသူ့ဆီကို
စားဦးစားဖျားလာတင်တဲ့အခါ ရှက်လွန်းလို့ ပုန်းပုန်းနေသတဲ့ အဲ့ဒီလိုခဏခဏ ပုန်းနေတော့ လူအများကသူ့ကို “ပုန်းမကြီး”လို့ခေါ်သတဲ့

ကာလ ရွေ့လျော လာရာကနေ “ပုန်းမကြီး”မှ”ပုန်းမကြည်”ဖြစ်လာကြောင်းလည်း ဆိုကြပါတယ်။

(မှတ်) ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးမှတစ်ပါး အခြားကိုးကွယ်စရာ မရှိပါရိုးရာဓလေ့ အကြောင်းများသိရှိစေရန်အတွက်သာထပ်မံ၍ ဖော်ပြပေးရခြင်း ဖြစ်ပါသည်။

(( သည်တပေါင်း ))

ရွက်ရွှေကလေး လည်ချာချာ

ဝင်းထိန်လို့ ဝါ။

ပီကလာ သံသာနှော

ငှက်ရွှေဥသြ။

ဥဩကလေး ညိုတိုတို

တေးဖွဲ့လို့ ငို။

ကြည်ချိုချို သူ့သံကြားရင်

လွမ်းဆွတ် သနား။

တပေါင်းနဲ့ ရွက်ရွှေဝါ

ဥဩကလေးက သာ။

ကိုယ်တို့မှာ သာနိုင်ဘဲ

ဟော…စာမေးပွဲ။

ဖောင်တိန်ကလေး အသင့်ပြင်

ဖိုလှိုက် ရွှေရင်။

တုန်ကယင် ပျာရာခတ်

စာမေ့မတတ်။

အမေတို့ရွာဆီ

လွမ်းမိပြန်ပြီ။

ပုန်းမကြည် နတ်တင်ပွဲမို့

မုန့် အဝ ခဲ။

ကလေးမ ညိုပြာပြာ

မွှေးတဲ့သဒ္ဓါ။

အခါတော် မုန့်ချိုကျွေးတယ်

ဝမ်း အဝ လွေး။

ရွက်ကြွေကလေးနဲ့တူတူ

ရွာသို့ တူရူ။

ပြန်ချင်သူ နွဲ့နှလုံး

ကြိမ်မီးနှင့်အုံး။

ငှက်ကလေး တေးသံချိုချို

မန်းတက္ကသိုလ်။

ပြန်မယ်ဆို မဖြစ်သေးလို့

မေးခွန်းလွှာ ရှုပ်အထွေးကို

ဖြေဦးမယ်လေး။ ။

တင်မိုး

၁၉၅၈၊ မတ်၊ အမှတ် ၉၅

မျှဝေပေးလိုက်ပါသည်။

လမ်းမှန်ညွှန်ပြ မြတ်ဗုဒ္ဓ