အသက် ၆ နှစ်နဲ့ ၁၃ နှစ်ကြားကလေးတွေက အနိုင်ကျင့်ခံရတာအဖြစ်များတဲ့ အရွယ်တွေပါပဲ။ အနိုင်ကျင့်ခံရတဲ့ ကလေးတွေထဲမှာမှ အများစုက မိန်းကလေးတွေပါ။ ငယ်ငယ်ကတည်းက သူများကို အနိုင်ကျင့်တတ်သူက လူမှုဆက်ဆံရေးမှာ အဆင်မပြေနိုင်ပါဘူး။ ကလေးအချင်းချင်း အနိုင်ကျင့်သူအဖြစ် ပြောင်းလဲသွားစေတဲ့အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ အိမ်တွင်းပြဿနာများ
အိမ်ပတ်ဝန်းကျင်ကလည်းကလေးတွေကိုအနိုင်ကျင့်ခံရစေတဲ့အကြောင်းအရင်းတစ်ရပ် ဖြစ်နေပါတယ်။ ကလေးတွေကို ဆွေမျိုးတွေကစနောက်သလိုနဲ့ အနိုင် ကျင့်တာတွေလည်း ရှိပါတယ်။ အိမ်မှာ ဆွေမျိုးတွေ၊ လူကြီးတွေရဲ့ မသိမသာ အနိုင်ကျင့်တာကို ခံရတဲ့ကလေးတွေက ထွက်ပေါက်အနေနဲ့ တခြားကလေးတွေကို အနိုင်ကျင့်တတ်ပါတယ်။
၂။ ကျောင်းမှာ စာတော်လို့ အနိုင်ကျင့်ခြင်း
ကျောင်းမှာ စာတော်တဲ့သူကို မနာလိုစိတ်ကြောင့် အနိုင်ကျင့်တာကတွေ့ရအများဆုံးပါပဲ။ စာအုပ်တွေဖျောက်ပစ်တာ၊ကောလာဟလတွေ ဖြန့်တာ၊ အတင်းပြောတာ စသဖြင့် ကျောင်းမှာ စာတော်သူ၊ ထင်ရှားသူကို အနိုင်ကျင့်ကြပါတယ်။
၃။ အားနည်းချက်ကို ဖုံးကွယ်ချင်လို့ အနိုင်ကျင့်ခြင်း
ကလေးတွေက အများအားဖြင့် ရန်မမူဘဲ အေးအေးဆေးဆေး နေလိုသူတွေပါ။ ဒါပေမယ့် ကလေးတစ်ယောက်က အကြောင်းမရှိ အကြောင်းရှာပြီး ရန်မူတတ်သူဆိုရင် သူ့မှာ အားနည်းချက်တစ်ခု ရှိနေလို့ပါ။ အားနည်းချက်ကို ဖုံးကွယ်ချင်တာကြောင့် အများအမြင်မှာ အင်အားကြီးသူအဖြစ် ပြောင်းလဲလိုက်ပါတယ်။
၄။ အခြားကလေးတွေထံမှရတဲ့ ပြဿနာများ
ကလေးတစ်ယောက်က အစတုန်းက အေးအေးဆေးဆေး နေတတ်ပေမယ့် နောက်ပိုင်းမှာဒေါသကြီးသူအဖြစ်ပြောင်းလဲသွားရင်ကလေးအချင်းချင်း အနိုင်ကျင့်ခံရတာကြောင့် ဖြစ်နိုင်ပါတယ်။ အချင်းချင်း အနိုင်ကျင့်ခံရတာကြောင့် ရွေးချယ်စရာမရှိဘဲ သူတို့လုပ်ရပ်အတိုင်း ပြန်လုပ်တတ်ကြပါတယ်။
၅။ လက်စားချေခြင်း
အုပ်စုလိုက်အနိုင်ကျင့်ခံရတဲ့ ကလေးတစ်ယောက်က လက်စားချေတဲ့အနေနဲ့ သူ့ကို အနိုင်ကျင့်တဲ့သူတွေကို အရှက်ခွဲလိုက်ပါတယ်။ အဲဒီကနေ တစ်ပြန်တစ်လှည့်စီ ရုန်းမထွက်နိုင်တဲ့ အခြေအနေတွေကို ရောက်သွားပါတော့တယ်။
၆။ စာနာစိတ်မရှိခြင်း
တချို့ကလေးတွေက ပတ်ဝန်းကျင်ကြောင့် မဟုတ်ဘဲ နဂိုဗီဇမှာကတည်းက အနိုင်ကျင့်ချင်စိတ်က ပါလာပြီးသားပါ။ သူတို့မှာ စာနာစိတ် မရှိတာကြောင့် သူတို့ကြောင့် သူတစ်ပါးနစ်နာလည်း စိတ်မဝင်စားကြပါဘူး။ စာနာစိတ်မရှိတဲ့ ကလေးတွေက တဖြည်းဖြည်းနဲ့လူ့အသိုင်းအဝိုင်းရဲ့အပြင်ဘက်ကို ရောက်သွားပါတယ်။
၇။ အာရုံစိုက်ခံရမှု မရခြင်း
ကလေးတွေအတွက် လူကြီးတွေဆီကနေ ချစ်ခြင်းမေတ္တာနဲ့ အာရုံစိုက်မှု လိုအပ်ပါတယ်။ အမြဲတမ်း အပယ်ခံဖြစ်နေတဲ့ ကလေးက ဒေါသကြီးလာပြီးတခြားသူတွေကို အနိုင်ကျင့်တတ်လာပါတယ်။
၈။ မလိုမုန်းထားမှု
ကလေးအချင်းချင်း ပြိုင်ဆိုင်ရင်းကနေ မလိုမုန်းထားမှုတွေ ပွားလာပါတယ်။ ကျောင်းမှာပဲဖြစ်ဖြစ်၊ ကစားကွင်းမှာပဲဖြစ်ဖြစ် အမြဲဦးစားပေးခံရသူကိုမုန်းရင်းကနေ အနိုင်ကျင့်တတ် လာကြပါတယ်။
crd