ဗဟုသုတ

သင့်ရဲ့မီးဖိုခန်းကို အချိန်အနည်းငယ်အတွင်း တောက်ပသန့်ရှင်းသွားစေမယ့် လျှို့ဝှက်ချက် (၁၀) ခု

မီးဖိုခန်းကို သန့်ရှင်းရေး လုပ်ရတာက အခြားအခန်းတွေကို သန့်ရှင်းရေးလုပ်ရတာထက် အချိန်ပိုကြာလေ့ရှိပါတယ်။ အဲဒါကြောင့် မီးဖိုခန်းကို အချိန်တိုတွင်း သန့်ရှင်းတောက်ပြောင်သွားစေမယ့် လွယ်ကူတဲ့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ လေဝင်လေထွက်ပေါက်

လေဝင်လေထွက်ပေါက်ကို သန့်ရှင်းရေးလုပ်နိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အထိရောက်ဆုံးနည်းလမ်းက ဖုန်စုပ်စက်နဲ့ သန့်ရှင်းရေး လုပ်တာပါ။ နောက်ထပ် အလွယ်ကူဆုံးနည်းလမ်းက အဝတ်အစိုနဲ့ လေဝင်လေထွက်ပေါက်ကို ပွတ်တိုက်တဲ့နည်းပါ။

၂။ ဖန်ခွက်

ဖန်ခွက်တွေကို အသုံးပြုဖန်များလာတဲ့အခါ အဝါစွန်း၊ အညိုစွန်းတွေကို စွဲလာပါတယ်။ ဖန်ခွက်တွေကို အရက်နဲ့ဆေးကြောရင် အသစ်အတိုင်း ပြောင်လက်နေတာကို တွေ့ရမှာပါ။

၃။ ရေခဲသေတ္တာ

ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်ရတာက ပျော်စရာတော့ မကောင်းပါဘူး။ ရေခဲသေတ္တာထဲမှာရှိတဲ့ အစွန်းအထင်းတွေကလည်း ချွတ်ရခက်ပါတယ်။ အဲဒါကြောင့် အသီးအနှံတွေရဲ့အောက်မှာ၊ ရေပုလင်းတွေရဲ့အောက်မှာ တစ်ရှူးစက္ကူစလေးတွေ ခင်းထားရင် ရေခဲသေတ္တာကို သန့်ရှင်းရတာ အရင်လောက် မပင်ပန်းတော့ပါဘူး။

၄။ Microwave oven

Microwave oven ကို သန့်ရှင်းရေးလုပ်ဖို့က အရမ်းကို လွယ်ကူပါတယ်။ ရေတစ်ပန်းကန်လုံးကို microwave oven ထဲထည့်ပြီး ဆူပွက်လာအောင် ထားလိုက်ရုံပါပဲ။ ပြီးရင် ရေစိုအဝတ်နဲ့ microwave oven ရဲ့ နံရံတွေကို လိုက်သုတ်ပေးပါ။

၅။ ဆီချေး

ဆီချေးတွေကို ပြောင်အောင် ဖယ်ရှားဖို့က မလွယ်ကူပါဘူး။ ဒါပေမယ့် ဂျုံမှုန့်ရှိရင်တော့ လွယ်ကူပါတယ်။ ဆီချေးတွေရှိတဲ့ နေရာမှာ ဂျုံမှုန့်တွေဖြူးထားပြီး ခဏကြာရင် ဖယ်ရှားလိုက်လို့ ရပါပြီ။ မီးဖိုတွေမှာ ဆီချေးတွေ ရှိနေရင်လည်း ဒီနည်းကို သုံးလို့ရပါတယ်။

၆။ အနံ့အသက်

ရေခဲသေတ္တာထဲမှာ အချိန်တွေကြာလာရင် အနံ့တွေ ထွက်လာပါတယ်။ ရေခဲသေတ္တာထဲက အနံ့တွေကို ဖယ်ဖို့က မီးသွေးခဲလေးပဲ လိုပါတယ်။ မီးသွေးခဲအနည်းငယ်ကို ရေခဲသေတ္တာထဲ ထည့်ထားရင် အနံ့ဆိုးတွေကို စုပ်ယူပေးပါတယ်။

၇။ ပန်းအတု

ပန်းအတုလေးတွေကို မီးဖိုထဲမှာ အလှထားရင်းနဲ့ ဖုန်တွေ တက်လာပါတယ်။ အဲဒီအခါ အရင်ဆုံး ပန်းပေါ်က ဖုန်တွေကို ခါလိုက်ပါ။ ပြီးရင် မရောနိစ်နဲ့ ရေကို ရောပြီး ပန်းလေးတွေကို ဆေးပေးပါ။ အဲဒီအခါ ပန်းအတုလေးတွေက ပန်းအစစ်လေးတွေလို ပြန်ပြီးတောက်ပလာမှာပါ။

၈။ ကြမ်းတိုက်ဝတ်

သင့်မှာခြေအိတ်အဟောင်းလေးတွေ ရှိရင် လွှင့်မပစ်ပါနဲ့နော်။ ကြမ်းတိုက်တုတ်တံမှာ ခြေအိတ်အဟောင်းလေး တပ်လိုက်ရင် ဖုန်တွေကို အလွယ်တကူ ဖယ်ရှားလို့ရပါပြီ။

၉။ အခန်းထဲမှာ မွှေးပျံ့နေဖို့

မီးဖိုထဲမှာ ဟင်းနံ့တွေမွှန်နေရင် အနံ့တွေပျောက်ဖို့ ကော်ဖီစေ့နဲ့ ဖယောင်းတိုင် လိုအပ်ပါတယ်။ ဖယောင်းတိုင်ကို ပန်းကန်လုံးတစ်ခုထဲမှာ ထည့်ပြီးထွန်းပါ။ ဖယောင်းတိုင်ရဲ့ဘေးမှာ ကော်ဖီစေ့လေးတွေ ထည့်လိုက်ပါ။ အဲဒီအခါ မီးဖိုခန်းထဲ ဟင်းနံ့တွေ ပျောက်သွားပြီး ကော်ဖီနံ့လေးပဲ မွှေးပြီး ကျန်ခဲ့မှာပါ။

၁၀။ သံကင်ပျစ်

အသားတွေကင်ပြီးရင် သံကင်ပျစ်ကို သန့်ရှင်းရေးလုပ်ရတာ အချိန်ကြာပါတယ်။ လွယ်ကူပြီး အန္တရာယ်ကင်းတဲ့ နည်းကတော့ သံကင်ပျစ်ပေါ်မှာ ဆီသုတ်ပြီး ဆားဖြူးလိုက်ပါ။ ပြီးရင် ၁၀ မိနစ်ကြာအောင် ထားပါ။ ၁၀ မိနစ်ကြာ ထားပြီးနောက် အာလူးကို ထက်ခြမ်းခြမ်းပြီး သံကင်ပျစ်ပေါ်မှာ လိုက်ပွတ်တိုက်ပေးပါ။ အဲဒီအခါ ဆီတွေက လွယ်လွယ်ကူကူ ပြောင်သွားတာကို တွေ့ရမှာပါ။

crd