အမေ့ကိုလွမ်းလွန်းလို့ ပြန်တင်ပေးတာဗျ
ပီတိ မျက်ရည် ကျမိပါတယ်
ကျနော်က သိပ်ပြီးစိတ်အားငယ်တတ်သူတော့မဟုတ်ပါ သို့သော် ဒီစာကိုဖတ်မိတဲ့ သုံးခါလုံး မျက်ရည်ဝဲတက်လာမိတယ် အခုလည်း ….မျက်ရည်ကဝဲလာပြန်ပြီ😢😢😢😢😢
ဘိန်းမုန့် ( သို့ ) ချစ်ခြင်းများဖြင့် ထုံမွှန်းထားသောနှလုံးသားအက္ခရာ ….
စည်းရုံးရေးခရီးစဉ် ချောင်းဝရွာလေးမှာ ကျွန်တော်တို့ လူငယ်များနှင့် လမ်းလျှောက်ပြီး သင်္ဘောဆိပ်အသွား ကြုံခဲ့တာပါ ။
ဒီလိုနဲ့သွားရင်းလာရင်း
အမေက လမ်းဘေး မုန့်ဆိုင်တဲလေးကို မြင်တော့ ….
” ဟိုဆိုင်လေးက ဘာမုန့် ရောင်းတာလဲ ”
ဟုမေးသည် ။ ဘိန်းမုန့်ဆိုင် ဆိုတော့ ထောပတ်နှင့် လုပ်သလား၊ရိုးရိုးဆီနှင့် လုပ်သလား ဟုမေးပြန်သည် ။ ရိုးရိုးဆီနှင့် လုပ်သည်ဖြစ်၍ စားချင်သည်ဆိုကာ တဲလေးထဲ ငုံ့ဝင်ကြသည် ။
မုန့်ဆိုင်တဲလေးက ယိုင်တိုင်တိုင်၊
အမေလည်း
မုန့်ဆိုင်တဲလေးထဲကို ခေါင်းငုံ့ဝင်လိုက်တော့ မီးမွှေးစပြုနေသော မုန့်ရောင်းသူညီအမနှစ်ယောက်ကို တွေ့လိုက်ရသည် ။
ထိုညီအမနှစ်ယောက်လည်း ရုတ်တရက် သူတို့ထင်မှတ်မထားသောသူ၊ သူတို့အနားကိုရောက်လာမည်ဟု တစ်ကြိမ်တစ်ခါမှ မတွေးခဲ့ဖူးသောပုဂ္ဂိုလ်တစ်ယောက်ကို မြင်လိုက်ရသောအခါဘာလုပ်၍ ဘာကိုင်ရမှန်းမသိတော့ ။
အံ့သြသမှုနဲ့အတူ ဆွံ့အ သွားသည် ။
မီးပဲဆက်မွှေးရမလား ။
ဟာ အမေလို့ပဲ ဝမ်းသာအားရ အော်ဟစ်လိုက်ရမလား ။
ဒါပေမယ့်…. တစ်နေ့လုပ်မှတစ်နေ့စားရသောသူတို့ဘဝ၊ သူတို့ဝန်းကျင်၊ သူတို့ဆိုင်အနေအထားကြောင့် သိပ်ငယ်စိတ်လေးတော့ရှိသည်
ဒါပေမယ့် ဝမ်းသာသည် ။
အမေသူတို့နှစ်ယောက်ကို ပြုံးကြည့်ပြီး” ဘိန်းမုန့်ရပြီလား ” ဟု ငြင်သာစွာမေးသည်
သူတို့ဘာလုပ်ရမှန်းမသိ ။
အမေ့ရဲ့မျက်ဝန်းထဲမှာ သူတို့ပုံရိပ်တွေထင်နေသည် ။
ဝမ်းသာစိတ်နဲ့အတူ မျက်ရည်ကစို့ချင်လာသည် ။
ဒါနဲ့ပဲ ဘိန်းမုန့်မရသေးကြောင်း၊ ရလျှင်လာပြီးပို့ပေးမည်ဆိုသည့်အကြောင်းကိုကတုန်ကရီနဲ့ သူတို့တွေ ပြန်ပြောသည် ။
သင်္ဘောဆိပ်မှာ ဧည့်သည်များနှင့် စကားပြောနေစဉ် သူတို့ညီအစ်မ လင်ပန်းထဲ ဘိန်းမုန့်တွေ ထည့်ပြီးလာပို့သည် ။
ကျွန်တော် ဝင်လက်ခံပြီး ဘယ်လောက်ကျသလဲ မေးမိသည် ။
သူတို့အဖေက မုန့်ကိုအကောင်းဆုံး လုပ်ပေးလိုက်ကြောင်း ပိုက်ဆံပေးရင်မယူခဲ့နဲ့မှာကြောင်းပြောသည် ။ အမေက
သမီးတို့ကျသင့်သည့် မုန့်ဘိုး ယူလိုက်ပါပြောတော့ ကျွန်တော်က ကျသင့်သည့် တန်ဘိုးထက် ပိုပြီးငွေပေးလိုက်သည် ။
သူတို့တွေမယူ …. အဖေကမယူနဲ့ခိုင်းလို့တင်မဟုတ်သူတို့၏စိတ်ထဲမှာပင် သူတို့လုပ်ယူခဲ့သောမုန့်ကို သဒ္ဒါစိတ်သက်သက်ဖြင့်သာ အမေ့ကိုကျွေးချင်သည် ။
ယူပါဟု ထပ်တလဲလဲ ပြောတဲ့အဆုံး ညီအမနှစ်ယောက်လုံးဘယ်လိုမှမငြင်းနိင်တော့ပဲ အမေ့ရှေ့မှာဒူးထောက်လက်အုပ်လေးချီပြီး
” ကျွန်မတို့ မယူပါရစေနဲ့ ” ဟုပြောရင်းမျက်ရည်တွေစီးကျလာသည်
” ကျွန်မတို့ကို မပေးပါနဲ့ ” ဟု တောင်းပန်ရှာသည် ။
ကျွန်တော်တို့ ဘာလုပ်ရမှန်း မသိ ဖြစ်နေချိန်မှာ အမေက သူတို့ကြားရောက်သွားပြီး ပခုံးလေးတွေဖက်ခါ မငိုဘို့ပြောပြီး အားပေးနှစ်သိမ့်သည်
သူတို့ ယူလာသော ဘိန်းမုန့်ကို လက်နှင့်ဖဲ့ပြီးအားပါးတရစားလိုက်သည် ။
အမေစားနေသည်ကို ညီအစ်မနှစ်ဦး မျက်ရည်သုတ်ပြီး ပြုံးကြည့်နေကြသည် ။
ဒါဟာ အေမ
ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူကပေးသော ပကတိမေတ္တာစစ်စစ် ဖြစ်သည် ။ ဟန်ဆောင်မှုမပါ ၊ ဘာအကျိုးကိုမှ မျှော်လင့်မှုမရှိ ၊ သူတို့တွေရဲ့ရင်ထဲက လှိုက်လှိုက်လှဲလှဲကိုယ်တတ်နိုင်တာလေးဖြင့် ပံ့ပိုးကူညီချင်သည် ၊ အမေပင်ပန်းနေတာကို သိသည် ၊ တိုင်းကျိုးပြည်ကျိုးအတွက် ကိုယ်မတတ်စွမ်းနိုင်ခဲ့ရင်တောင်မှ အမောပြေ ရေအေးလေးတစ်ခွက်ကိုတော့ တိုက်ချင်သည်။
နောက်ဆုံး အမေ့လက်ဖဝါးလေးကိုကိုင်ပြီးကိုယ့်မှာရှိတဲ့ခွန်အားလေးကို အမေ့ကိုယ်ထဲစီးမျောဝင်ရောက်သွားစေချင်သည်မှာအမေ့ကိုချစ်တဲ့လူသားတိုင်းရဲ့ဆန္ဒမဟုတ်ပါလား …. ။
mssk
ပြန်လည်မျှဝေပါတယ်….