ဗဟုသုတ

“နှမ်းတစ်စေ့ ရေတ‌စ်ပေါက် နှင့် လိပ်ပြာတစ်ကောင်”

တစ်နှစ်ပြည့်တဲ့အထိ တောင့်ခံထားတဲ့CDM သူရဲကောင်းများကို ဆုရစာမူဖြင့် ဂုဏ်ပြုလိုက်ရပါသည်။

“နှမ်းတစ်စေ့ ရေတ‌စ်ပေါက် နှင့် လိပ်ပြာတစ်ကောင်”

” နှမ်းတစ်စေ့ကြောင့် ဆီမဖြစ်ပေမဲ့ ဖြစ်သွားတဲ့ ဆီထဲမှာ နှမ်းတစ်စေ့အဖြစ် ပါဝင်ခွင့်ရချင်တယ် ”

” ‌ရေတစ်ပေါက်ကြောင့် အိုးမပြည့်ပေမဲ့ ပြည့်တဲ့အိုးထဲမှာ ရေတစ်ပေါက်အဖြစ်ပါဝင်ချင်တယ် ”

” လိပ်ပြာတစ်ကောင်ကြောင့် ပန်းတွေအားလုံး ဝတ်မှုန်မ‌ကူးနိုင်ပေမဲ့ အောင်မြင်သွားတဲ့ အသီးအပွင့်တွေထဲမှာ လိပ်ပြာတစ်ကောင်ရဲ့ ခြေရာ ထင်ကျန်ခွင့်ရချင်တယ် ”

၁။

တော်လှန်ရေးကာလ ကြာလာတော့ လစာထဲက ဖဲ့ပြီးစုထားတဲ့ ငွေတိုငွေစလေးတွေကလည်း အလျှိုလျှို ထွက်ကုန်ပြီ။

အလုပ်တစ်ခုတော့ အရေးပေါ်ရှာမှပဲ။

ခက်တာက ကျောင်းအုပ်ဆိုတော့ တွေ့ကရ အလုပ်ဝင်လုပ်လို့မသင့်တော်။ လုပ်ပေအုံး(ဦး)တော့ မသင့်တော် ဟု ဆိုကာ မပေးချင်ကြ။ မကြည့်ရက် မခိုင်းရက်သည်ထင်။ သို့ပေသိ မလုပ်ရင်လည်း အစာအိမ်လေးခု ပြဿနာက ရှိသေး။

ကျွန်တော် အလုပ်ရှာနေတယ် ကြားလို့ သူငယ်ချင်းတစ်ယောက်က အလုပ်ရှာပေးတယ်။

” ငါ့ သူငယ်ချင်း တစ်ယောက်ရဲ့ ဆိုက်ထဲမှာ လူလိုနေတယ် လမ်းတံတား စီမံကိန်း ထဲမှာလေ မင့်သွားမလား တစ်လ နှစ်သိန်းခွဲ စားရိတ်ငြိမ်း ”

စားရိတ်ငြိမ်းလည်းဖြစ် ၊လစာ လည်းမဆိုး ပြီးတော့ ကိုယ့်ရပ်ရွာလည်းမဟုတ်တော့ ဘာအလုပ် လုပ်လုပ် မျင်နှာပူစရာမလိုတော့။

သူငယ်ချင်းစပ်ပေးတဲ့ အလုပ်ကို လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီလိုနဲ့ အထုပ်လေးပိုက်လို့ အလုပ်စခန်း ရောက်ရပြီပေါ့။ လမ်းဘေးဝဲယာမှာ မိုးကာစနဲ့မိုးထားတဲ့ တဲလေးတွေ ကြည့်ပြီးအားငယ်သလိုလို ဖြစ်မိပါတယ်။

ခန့်ညားထည်ဝါတဲ့ ‌စာသင်ကျောင်းဆောင်ကြီးတွေနဲ့ မိုးကာတဲလေးတွေကို စိတ်ကအလိုလို နှိုင်းယှဉ်မိရက်သားဖြစ်သွားတော့ ရင်ထဲ နင့်ခနဲဖြစ်သွားတယ်။

ကျောက်ပုံများ၊သဲပုံများက အလုပ်စခန်းဝင်းထဲမှာ ဟိုတစ်ပုံဒီတစ်စု။

မြေကော်ကားဝါဝါကြီးတွေ၊ ကျောက်သယ်ကား၊သဲကား ၊ဘိလပ် မြေ ဆယ်နှစ်ဘီးကား ကြီးတွေ ဝင်လိုက်ထွက်လိုက်၊အလုပ်သမားတွေက ဆိုင်ရာဆိုင်ရာ အလုပ်တွေလုပ်ကြနဲ့ ကားသံလူသံတွေကစာသင်ကျောင်း စာအံသံ၊စာသင်သံလို နားဝင်မချိုတာတော့အမှန်။

” တန်..ဒေါင် ..ဒေါင် ဒေါင် တန် တန် ”

ကျောင်းခေါင်းလောင်းသံကြားရလို့ ‌စွန့်ခွာခဲ့တဲ့ ကျွန်တော့်ကျောင်းလေးကို သတိရလာတယ်။ အသံလာရာကြည့်မိတော့ယဲ့ယဲ့လေးပြုံးမိပါရဲ့။

” ကျောင်းခေါင်းလောင်းသံမှ မဟုတ်တာ ”

စိတ်ထဲက ရေရွတ်ရင်း ရင်ထဲမှာဟာသွားတယ်။အလုပ်စခန်းထဲက သံမျှင်၊သံချောင်းတွေ ထုရိုက်နေတဲ့ အသံတွေပဲ။

” တန် တန် ဒေါင် ဒေါင် တန် ဒေါင် ”

သူတို့စီက ထွက်လာတဲ့ အသံကို မျက်စိမှိတ်ပြီး နားထောင်မိတယ်။စာသင်ကျောင်းထဲ ရောက်သွားသလို ခံစားရတယ်။ ကျောင်းခေါင်းလောင်းသံ မဟုတ်မှန်းသိသားပဲလေ။ အော်..

အမှန်တရားအတွက် တောင်ပံခတ်လို့ ခေါင်းလောင်းသံမကြားရတဲ့အရပ်မှာ ကျွန်တော် ရောက်ခဲ့ပါပြီလေ။

၂။

” ကျောင်းအုပ် လို့ ငါပြောထားတယ် ပင်ပန်းတဲ့အလုပ် မခိုင်းလောက်ပါဘူး စာရင်းဇယားမှတ်တာလောက်ပဲ ခိုင်းမှာပါ ”

ဂေါ်ပြားကိုကိုင်ရင်း သူငယ်ချင်းရဲ့ စကားကို ကြားယောင်မိတော့ ပြုံးမိပြန်တယ်။အင်းလေ ဒီရောက်မှ ပြုံးမိတာ ခဏခဏပါပဲ။

” ကိုသာချို သူတို့နောက်လိုက်သွားရမယ် ”

တပည့်အရွယ်သာသာ မောင်တူးက ကျွန်တော့်အတွက် အလုပ်တာဝန်ခွဲပေးလိုက်ပြီ။ မောင်တူးက ဆိုက်ခေါင်းဆောင်။ ရောက်စက ဆရာကြီး လို့ ခေါ်ပေမဲ့ တစ်ညကျော်တာနဲ့ ကိုသာချို လို့ ‌ပဲခေါ်‌တော့တယ်။

ဆရာကြီး လို့ အခေါ်ခံနေကြလူတစ်ယောက်အဖို့ နာမည်တပ်ခေါ်ခံရခြင်းက အထူးအဆန်းဖြစ်နေသလိုလို။ ဒါမှမဟုတ်စိတ်အလိုမကျသလိုလို။

“အစွဲ ”

ဟုတ်တယ်။ ကျွန်တော် အစွဲ မထားသင့်တော့ဘူး။

” ငါ ကျောင်းအုပ်ဆရာကြီး မဟုတ်တော့ဘူးနေရာတကာ ခံစားနေလို့မရတော့ဘူး ငါက အလုပ်သမား လမ်းခင်းတဲ့ အလုပ်သမား သေချာအောင် ပြောရရင် မောင်တူးရဲ့ စီမံမှုအောက်မှာ နေရ‌တော့မယ့် အလုပ်သမား”

စိတ်ထဲမှာ အခါခါ သတိပေးရင်း ဂေါ်ပြားကိုကျောက်ပုံထဲ ထိုးစိုက်လိုက်တယ်။တစ်လက်မခွဲ ကျောက်တွေကြားထဲ ကျွန်တော့်‌ ဂေါ်ပြားက မတိုးဝံ့ဝံ့ တိုးဝံ့ဝံ့။

၃။

မြို့ရွာမနီးတဲ့ တောကြီးထဲမှာ ကျွန်တော်ရောက်တာ တစ်ပတ်ကျော်လာလေပြီ။အရင်က မြေဖြူကိုင်ခဲ့တဲ့လက်က အခုတော့ ကျောက်သယ်ရလေပြီ။ သဲကော်လို့ မြေညှိ၊ခင်းလက်စလမ်းမထက်မှာ ချွေးတဒီးဒီးကျလို့ပေါ့။

” ဦးကြီး မောနေရင် ခဏနားလေ ဂေါ်ပြား ကျုပ်ကိုပေး ”

ကိုးတန်း၊ဆယ်တန်းအရွယ် အလုပ်သမားလေးများကတော့ ကျွန်တော့်ကို ညှာရှာကြပါတယ်။စာသင် ကျောင်းမှာဆိုရင်တော့ ဆရာတပည့်အရွယ်၊ ဆရာတပည့် ဆက်ဆံရေးပေါ့။ ဒီမှာတော့ သူတို့လေးတွေက ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်များပင်။ သူတို့ ညှာတိုင်း ကျွန်တော်ခဏခဏ နားလို့မဖြစ်။

” ဦးသာချို ကြီး မောနေပြီလား ခဏခဏ နားတယ်နော.”

မောင်တူးက လေပြေလေးနဲ့ သတိပေးတတ်တာမို့ မနားချင်။ လေပြေအထိုး၊စကားနာအထိုးမခံချင်။

” ဒီနေ့ ဒီလောက်ပဲ ပြီးတာလား မိုးရာသီမရောက်ခင် ပြီးနိုင်သလောက် မြန်မြန်ခင်းရမယ်

ကိုတူး ခင်ဗျားက အလုပ်သမားတွေကို မနှိုးဆော်ဘူးလား

အလုပ်သမားတွေ ပစ်ထားလို့ မရဘူး သူတို့အနား အမြဲနေပြီ တတွတ်တွတ် ခိုင်းမှ တော်ကာကျတယ် ”

အထက်လူကြီးက ကိုတူးကိုဆူ။ကိုတူးကကျွန်တော်အပါအဝင် လမ်းအလုပ်သမားတွေဆူ တဆူဆူတပူပူနဲ့ တစ်ရက်မှ နားအေးပါးအေး အလုပ်လုပ်ရတဲ့ ရက်မရှိ။

” ငါ နေနိုင်ပါ့မလား ”

အင်ပင်ရဲ့အခြေ ထိုင်ရင် ကိုယ့်ကိုကိုယ် အားငယ်စွာ မေးခွန်းထုတ်မိလေတယ်။

၄။

ခါးကနာ ခြေသလုံးကြွက်သားတွေတောင့်၊ဗိုက် ကြောတွေ နာလှပါပြီ။ အူအတတ်ရောင်တုန်းက ဗိုက်ခွဲထားလို ချုပ်ရိုးက တစ်ခါတစ်လေ နာချင်သလိုလို။ လက်ကောက်ဝတ် တွေ ယောင်လာပေမယ့်မညည်းအား။

” ဒီတောထဲ ဖျားနာရင် …”ဆက်မတွေးရဲတော့။

မတွေးဖူးဆိုပေမဲ့ စိုးရိမ်မိပြန်တယ်။ ဆေးမရှိ၊ဆေးခန်းမရှိ။ပါရာစီတမော၊ဘိုင်အိုဂျက်ဆစ်နဲ့ အခြား ဗမာဆေး၊ ချွေးထုတ်ဆေးလေးသာ ရှိတဲ့ ဒီနေရာ ဒီစခန်းမှာ ဖျားနာလို့မဖြစ်။

” ငါဖျားလို့ မဖြစ်ဘူး ”

အားတင်ထားလေမှ‌ ခေါင်းက ရိပ်ခနဲ ရိပ်ခနဲမူးလာပြန်တယ်။

” တီ တီ ”

မုံရွာ ကလေး အမြန်ကား တစ်စီး ကျွန်တော်တို့ ဘေးရှိ လမ်းလွဲကနေ ကပ်မောင်းသွားတယ်။ ကားမှန်တံခါးပေါက်ကနေ ရေသန့်ဗူးတွေ ပစ်ချတာကို မြင်ရတယ်။ ဂေါ်ပြားကို ပစ်ချကာ လမ်းပေါ်ကရေသန့်ဗူးတွေကို ဝမ်းသာအားရ လိုက်ကောက်လိုက်တယ်။

ခရီးသည်တွေ ပေးကမ်းတဲ့ ရေသန့်ဗူးတွေကို လိုက်ကောက်ရင်း ပျော်နေတဲ့ ကျွန်တော့်ကို လက်ထောက်ဆရာ၊ဆရာမ များ၊တပည့်သားသမီးများ မြင်ရင် ဘယ်လိုသဘောထားကြလိမ့်မယ်မသိ။

ကျွန်တော်ကတော့ ရေဗူးကောက်ရင်

” သာဓု ”

ခေါ်တတ်နေလေပြီ။

၅။

” မလုပ်နိုင် ပြန်လာပါတော် ရွာမှာ ကြုံသလို လုပ်စားရင် ရပါတယ် တောထဲမှာ နေထိုင်မကောင်းရင် လွယ်တာမဟုတ်ဘူး ”

မဟေသ်ီ က စိုးရိမ်တကြီးပြန်ခေါ်လေပြီ။

“လမ်းခင်းတဲ့အလုပ်က ဦးသာချိုနဲ့ မဖြစ်ပါဘူး ပင်ပန်းတယ် ကျွန်တော်လည်း ခိုင်းလို့သာ ခိုင်းရတာ အားနာနေရတာရယ် ”

မောင်တူးကလည်း မထားချင်တဲ့ လေသံမျိုး ပစ်လာတယ်။ အင်းလေ အသက်လေးဆယ်ကျော် ငါးဆယ်နားနီး လူတစ်ယောက်ရဲ့ လုပ်အားကို သူလည်းဘယ်အားရပါ့မလဲ။

တစ်ရက်မှာ အပြင်းဖျားပြီး

” အိမ်ပြန်ချင်တယ် ”

” ငါ့ ကျောင်းလေး လွမ်းတာ”

” ကိုးနာရီ ထိုးဖို့ ဆယ့်ငါ့မိနစ်အလို ခေါင်းလောင်းတီးရမယ် ”

” KG တန်းက ဘယ်နှစ်ယောက်လည်း ကျား မ ခွဲပြော “စသဖြင့် ကျွန်တော် ကယောင်ကတမ်း ရေရွတ်တယ် တဲ့။

လုပ်ဖော်ကိုင်ဖက်တွေက

” ဦးကြီးက အဲ့လို ကယောင်ကတမ်း တွေ ပြောတာကြည့်ပြီး ကျုပ်တို့ မင့် သနားလိုက်တာများ မျက်ရည်ပါစို့တယ် ပြန်ပါဦးကြီးရယ် ”

တစ်လပြည့်ဖို့ သုံးရက်အလိုမှာ ရွာကို ပြန်ခဲ့တယ်။ရွာရောက်တော့ မိုးဦးကျလေပြီ။ဒီတော့လည်း မိုးထဲရေထဲ လုပ်ကိုင်စားဖို့ အားမွေးရပြန်ပြီပေါ့။

၆။

တောင်သူအလုပ်ဆိုတာကလည်း မိုးဦးကျကျချင်း အလုပ်တန်းလုပ်လို့ရတာမဟုတ်။အခုမိုးရွာ အခု လယ်ထဲဆင်းရတာမဟုတ်လေတော့ အလုပ်ရှာရအုံးမယ်။

လမ်းခင်းလို့ရလာတဲ့ ငွေလေးလည်း တဖြည်းဖြည်း လျော့လာပြီ။

စားစရာတောင် မနည်းရှာနေရချိန် ကိုဗစ်ရန်က ကြောက်ရသေး။ တတ်နိုင်သူရော၊မတတ်နိုင်သူ တွေရောအရေးပေါ် တစ်လစာ၊တစ်ပတ်စာစုဆောင်းကြ ရတယ်။

ကျွန်တော်တို့မှာ အရေးပေါ်တာ မပေါ်တာ အသာထား တစ်ရက်၊နှစ်ရက်စာ တောင် မနည်းရှာဖွေနေရတာပ။ ဖြစ်လာလို့ကတော့မွေးထားတဲ့ ကလေးနှစ်ယောက် တစ်ယောက်စီပွေ့ပြီး ပြေးရုံသာ။ဘာမှ စုဆောင်းထားနိုင်တာမရှိ။

တစ်ပတ်စာ နှစ်ပတ်စာ အတွက် အလုပ်ပိုလုပ်ရတော့မယ်။စပါးပွဲစားတွေနောက်စပါးတိုက် လိုက်မယ် ကြံတော့ ဘယ်သူကမှမခေါ်ရက်။

” မလုပ်ပါနဲ့ ဆရာကြီးရယ် မသင့်ပါဘူး ”

သူတို့ခမျာ မကြည့်ရက်လေတော့ မခေါ်ရက်။

အထူးသဖြင့် စပါးတိုက်လိုက်တဲ့ သူတွေက တပည့်တွေ။

” ဆရာကြီး မလိုက်ရဘူးနော် သားတို့ အနေခက်အောင် မလုပ်ပါနဲ့ဗျ”

သူတို့ကို သင်ပြဖူးတဲ့ ဆရာတစ်ယောက် စပါးတောင်းရွက်တာ မမြင်ရက်သည်ထင်။

လက်ဖက်ရည်၊ကွမ်း၊‌ဖုန်းဘေလ်လေးများ သူတို့လုပ်အားခလေးများထဲကနေ ဖဲ့ပြီး မကြာခဏ လာကန်တော့တတ်ကြပါရဲ့။

ကြာတော့ သူတို့လေးတွေ အားနာပြီးရင် အားနာရပြန်လေတယ်။

စပါးတစ်ရာ တည့်ရင် ဝယ်ခ တစ်သောင်းနှစ်။ ရတယ်ဆိုလို့ စပါးအဝယ်တော်လေး လုပ်မိပါရဲ့။

ရောင်းသူနဲ့ဝယ်သူ ဈေးညှိမရတာကများ။

ဒီတော့ ကြုံရာကျပန်း လုပ်ဖို့ စိတ်ကူးရပြန်ရော။

မိုးထဲရေထဲရောက်ချေပြီ။

“ချောင်းရေကလျှံ ကန်ရေကတိုး ဒီလယ်ကို ဒီမယ်စိုက်တဲ့ ဆီးကြို ပါ့ လေဘာတီ ပျို့မောင်သက်လယ်ရယ်ထွန်းနွားဖြုတ်ရင်တို့အိမ်သို့ ပြန်စို့ကွယ် ”

“ကောက်စိုက်မ ” သီချင်းထဲကလို ထွန်းနွားဖြုတ်လည်း

ကိုယ့်လယ် ကိုယ့်ယာ မဟုတ်လေတော့အချိန်မကျပဲ အိမ်ပြန်လို့မဖြစ်။

နေ့စား လိုက်ရသူအဖို့ နေ့မွန်းဆယ်တစ်နာရီ မထိုးသ၍တော့ ခါးကုန်ကာ ရုန်းပေတော့ ဆရာကြီး ရေ လို့ အားပေးရပြီပေါ့ဗျာ။

” ခမောက်ကယ်ကိုယ်စီကိုယ်သာ ဆောင်းကာသူတို့များမှာတော့… ခမောက်ကယ်ကိုယ်စီကိုယ်သာ ဆောင်းကာသူတို့များမှာတော့… လုံချည်မှာစိုတစ်ပိုင်းနဲ့ ပျိုးနှုတ်လို့သာ ကောက်စိုက်ရှာတယ်… ”

ဆိုသလို ပျိုးနှုတ်‌၊ကောက်စိုက်ချိန်ရောက်လာပါတယ်။

တောသူတောင်သားဆိုပေသိ လယ်ထဲမဆင်းတာ ဆယ်စုနှစ်ကျော်ကြာထားတော့ အပန်းမခံနိုင်။

အသက်အရွယ်က လည်း စကားပြောပြီလေ။

ဘာပဲဖြစ်ဖြစ် မိသားစုဝမ်းစာရေးအတွက်မို့ခမောက်ဆောင်းလို့ ပျိုးနှုတ်ရပြန်ပြီ။ သူများတွေ ပျိုးတစ်ရာ ရချိန် ကျွန်တော့်မှာတော့ ပျိုးငါးဆယ်အနိုင်နိုင်သာ ရသေး။

ပျိုးနှုတ်ဖော်များက ကျွန်တော့်ကို ညှာကြပါတယ်။

” ဆရာကြီး ဘယ်နှစည်းရပြီလဲ ဗျို့ ”

” နှစ်ရာ ပြည့်ဖို့ နှစ်ဆယ်ကျော်လောက်လိုသေးသဟ ”

အဲ့ဒီလိုဆို ဟိုလူတစ်စည်း ဒီလူတစ်စည်း

နဲ့ လိုအပ်တဲ့ ပျိုးအစည်းအရေကို ဝိုင်းလို့ ကူနှုတ်ပေးကြပါတယ်။

လက်ညှိုး၊လက်ခလယ်နဲ့ လက်သန်းထိပ်တို့ ပျိုးစားလို့ ပါးကာ ပေါက်လေတယ်။ပျိုးရှတယ် ခေါ်ကြတယ်။

လက်ထိပ်များကနေ တစိမ့်စိမ့်သွေးထွက်လာတယ်။ ပျိုးပင်နဲ့ လက်ထိပ် ထိဖန်များတော့ လက်ချောင်းထိပ်လေးများဟာ ပါးပြီး အိနေတာများ ကြက်မဝမ်းက ထွက်ကျခါစ ကြက်ဥအခွံလို ပျော့အိနေတာပါပဲ။

ပျိုးနှုတ်ပြီးတော့ ပျိုးထမ်းရချေပြီ။

ပခုံးပေါ် ပျိုးစည်းတွေ နိုင်သလောက်တင်ရတယ်။ ပျိုးအစည်း နှစ်ဆယ့်ကျော် သုံးဆယ်ထိ ထမ်းရတယ်။

ဒါတောင် သူတို့က ကျွန်တော့်ကိုညှာလို့။ သူတို့ဆို ပျိုးစည်း ‌သုံးလေးဆယ် ထမ်းနိုင်ကြတာ။

ပျိုးစည်းထမ်းပြီ စိုက်မယ့်လယ်အထိ တရွေ့ ရွေ့ သွားပေအုံးတော့။

ပခုံးပေါ်က ပျိုးစည်းပြုတ်မကျအောင်ထိန်း၊ ကန်သင်းပေါ်ချောမလဲအောင်လည်း သတိထားရ။ပျိုးချရမယ့်လယ်ထဲအရောက် လယ်ထဲဆင်းပြီးဆိုကတည်းက ခရီးတစ်ဝက် အောင်ပြီပေါ့။ အချိန်ကြာတာနဲ့အမျှ ပခုံးပေါ်ကပျိုးစည်းက စည်းရေတိုးလာသလို ထင်ရအောင် ပိုလေးလာတယ်။ မြေကကျွံပါဘိသနဲ့ ခြေတစ်လှမ်း လှမ်းဖို့ အားထုတ်ရတာ ဗိုက်ကြော ခါးကြောကြီးတွေ အတောင့်လိုက် တင်းလာသည်အထိ ပါပဲ။

အချို့လယ်‌ မြေနေရာက ခြေကျင်းဝတ်အထက် ခြေသလုံးတစ်ဝက်မရှိတရှိထိ နစ်ဝင်သွားတယ်။ စွပ်ခနဲ ကျွံဝင် ဖျတ်ခနဲ ပြန်နှုတ် ပျိုးစည်းချမယ့်နေရာ လှမ်းလို့ ကြည့်ရင်း နီးလာပြီ နီးလာပြီ လို့ အားတင်းကာ လှမ်းရလေတယ်။ရောက် ပြီဆိုတာနဲ့ဗုန်းခနဲ ပျိုးစည်းတွေချပြီး လယ်ထဲ ဒူးတုတ်ချကာ အသက်ကို အငမ်းမရ ရှူရိုက်ရတယ်။

အမောပြေတော့ ပျိုးစည်းဖြန့်၊ ပြီးရင် နောက်တစ်ခေါက်အတွက် အားမွေးရပေတယ်။

၇။

လယ်ပိုင်က သူ့မွေးနေ့မို့ ခေါက်ဆွဲကြော်တစ်ထုတ်စီ ပေးတယ်။

အူလိမ်အောင်ဆာပေမဲ့ မစားရက်။

ခေါက်ဆွဲထုတ်လေးဆွဲကာ အိမ်ပြန်လာတဲ့ ကျွန်တော့်ကို

” အဖေ ပြန်လာပြီ ဝါး..ညီမလေးရေ ခေါက်ဆွဲကြော် ပါလာတယ်ကွ ”

သားကြီးက ခေါက်ဆွဲကြော်ကို ကြည့်ကာ သူ့ညီမကို ဝမ်းသာအားရ သတင်းပို့နေလေရဲ့။ အင်းလေ သူတို့ခမျာမှာလည်း အစားဆင်းရဲတာ ကြာရှာပြီကို။

” ဘာဟင်းမှ မချက်ရသေးဘူး ခေါက်ဆွဲကြော်နဲ့ထမင်း ရောနှောစားရတော့မယ် ”

မဟေသီက ထမင်းတစ်ဝိုင်းအဖို့ အကြံထုတ်ရပြီ။

ပန်းကန်ပြား လေးချပ်ကို ထမင်းစားပွဲပေါ်တင်၊ ထမင်း ဖြူ အရင်ထည့် ၊ ပြီးတာနဲ့ ခေါက်ဆွဲတစ်ထုပ်ကို လေးပုံ ပုံကာ ထမင်းပန်းကန်ပြားထဲ ညီတူညီမျှ ထည့်နေတယ်။

” ခေါက်ဆွဲဆို အသန့်ပဲ စားတတ်တာ ထမင်းနဲ့ ရောမစားတတ်ပါဘူး ”

သားကြီးက ထမင်းပန်းကန်ထဲက ခေါက်ဆွဲပုံလေးကြည့်ကာ ညည်းရှာတယ်။

” ကလေးတွေထဲသာ ထည့်ပေးလိုက်ပါကွာ ငါက တောထဲက‌နေ စားလာပြီ “လို့ ခပ်တည်တည် လိမ်ပြီ ရေသုံးလေးခွက် ဆင့်သောက်လိုက်တယ်။

ထမင်းဖြူထဲ ခေါက်ဆွဲမျှင်လေးတွေကို ချွေချွေတာတာ မြှုပ်စားနေတဲ့ သူတို့ကိုကြည့်ရင်း ဝမ်းနည်းလာတယ်။

” CDM လုပ်တယ်ဆိုတာ စီးပွားရေးအခံလည်း ရှိတန်သလောက်ရှိမှ၊ သူများတွေ လုပ်တယ်ဆိုတာ လယ်ချောင်းရှိတယ်၊ လစာ မရပေသိ သစ်သီးသစ်နှံ ရောင်းပြီ မိသားစုအရေး ထိန်းကျောင်းလို့ရတယ် မင့်က ဘာလယ်ချောင်း၊ဘာ ယာမြေမှ လည်းရှိတာမဟုတ်ဘူး ၊ ရေရှည်ကြ မင့် ဘယ်လို တောင့်ခံနိုင်မလဲ ”

သူငယ်ချင်းတစ်ယောက်ရဲ့ စကားများ ကြားယောင်လာတယ်။

” မင့်တစ်ယောက် CDMမလုပ်ရုံနဲ့ ဘာမှမဖြစ်ပါဘူးကွာ အခြားသူတွေ လုပ်နေတာပဲ မင့် Non,CDM ပြန်လုပ်ပါ့လား ”

သူငယ်ချင်းက စေတနာနဲ့ ပြောပေသိ ကျွန်တော်က လက်မခံ။ အခုလို ပြန်ပြောလိုက်မိတယ်။

” နှမ်းတစ်စေ့ကြောင့် ဆီမဖြစ်ပေမဲ့ ဖြစ်သွားတဲ့ ဆီထဲမှာ နှမ်းတစ်စေ့အဖြစ် ပါဝင်ခွင့်ရချင်တယ် ”

” ‌ရေတစ်ပေါက်ကြောင့် အိုးမပြည့်ပေမဲ့ ပြည့်တဲ့အိုးထဲမှာ ရေတစ်ပေါက်အဖြစ်ပါဝင်ချင်တယ် ”

” လိပ်ပြာတစ်ကောင်ကြောင့် ပန်းတွေအားလုံး ဝတ်မှုန်မ‌ကူးနိုင်ပေမဲ့ အောင်မြင်သွားတဲ့ အသီးအပွင့်တွေထဲမှာ လိပ်ပြာတစ်ကောင်ရဲ့ ခြေရာ ထင်ကျန်ခွင့်ရချင်တယ် ”

ဟုတ်ပါတယ်။

အရင်ကကျွန်တော်ရတဲ့‌အလယ်တန်းကျောင်းအုပ်လစာ လေးနဲ့ ကျွန်တော့်မိသားစုစားဝတ်နေရေးကို ဖြေရှင်းနိုင်ပါတယ်။ဒါပေမဲ့ အမှန်တရားအတွက် လစာ ကို စွန့်၊ အများအရေးအမှုထားလို့ ကျွန်တော် တောင့်ခံနေရပေအုံး(ဦး)မယ်။

“ဘယ်အစိုးရ တက်တက် ကျောင်းဆရာဆိုတာ စာသင်ဖို့ပဲ “ဆိုတဲ့ အယူအဆကို လက်ကိုင်ထားပြီး ‌ မှားတဲ့အရိပ်မှာ မခိုလှုံချင်။

ပန်းပျိုတတ်ရုံနဲ့ ဥယာဉ်မှူး မဖြစ်နိုင်။ ပျိုးသည့်ပန်းတိုင် အချင်းရော အဆင်းရော ပြီးပြည့်စုံအောင် ပြုစုနိုင်မှ ဥယာဉ်မှူး ပီသပေမယ်လေ။

မဲရုံမှူး တာဝန်ကို မှန်မှန်ကန်ကန် လုပ်ခဲ့ပါရက်နဲ့ မဲမသမာမှု လို့ အကြောင်းပြချက်ပေးပြီ အာဏာသိမ်းလိုက်တာဟာ ကြိုးကြိုးစားစား တာဝန်ထမ်းဆောင်ခဲ့တဲ့ မဲရုံးတာဝန်ကျဆရာ၊ဆရာမ များကို စော်ကားလိုက်ခြင်းဖြစ်သလို ပြည်သူတွေရဲ့ မဲများကို မလေးမစား လုပ်ရာကြပါတယ်။

ကျွန်တော်တို့ရဲ့ ဆန္ဒမဲ တွေကို ကျွန်တော်တို့ လေးစားရပါ့မယ်။

ဒါကြောင့်

ကိုယ့်မိသားစု တစ်စုစာ အတွက် အမှန်တရားကို မျက်ကွယ်မပြုနိုင်။

တိုက်ပွဲဝင်နေတဲ့တပည့်တွေရဲ့ အသက်၊ အပြစ်မဲ့ ပြည်သူတွေရဲ့ ဒုက္ခ ပေါင်းစုံကို စတေးပြီးမှရတဲ့

လစာကိုထုတ်ပြီး အနေမချောင်ချင်။

အမှားယန္တရားကြီး လည်ပတ်ဖို့အတွက် ဝက်အူးတစ်ချောင်း၊သံမှိုတစ်စ အဖြစ်နဲ့ မပါဝင်နိုင်။

အမှန်တရားအတွက်၊ တပည့်တွေရဲ့ ရှေ့ရေးအတွက် အရေးတော်ပုံမှာ တတ်နိုင်သလောက် ပါဝင်ရမယ်။

နှမ်းတစ်စေ့အဖြစ်နဲ့ …။

ရေတစ်ပေါက် အဖြစ်နဲ့ …။

လိပ်ပြာတစ်ကောင်အဖြစ်နဲ့ ပေါ့။

ဟုတ်ကဲ့။

“အရေးတော်ပုံ အောင်ရမည်”

ပြည်သူတွေက ပေါက်ဖွားလာတဲ့ မျိုးဆက်သစ်တွေအတွက် ရင်ထဲက လာတဲ့ ကျွန်တော့်ရဲ့ကြွေးကြော်သံ ပါ။

ဥယျာဉ်မှူးတစ်ယောက်ရဲ့ စစ်မှန်တဲ့ ကြွေးကြော်သံ ပါ။

” အရေးတော်ပုံ အောင်ရမည်”

” အရေးတော်ပုံ အောင်ရမည် ”

” အရေးတော်ပုံ အောင်တော့မည် ”

မောင်သုခင်(တမာမြေ)