News

စ.ရ.ဖ က အသစ်ပြောင်းလာတဲ့လူနဲ့ အရက်ဆိုင်မှာညိတဲ့ ဒလန်ကို ရဲက ဖမ်းဆီးပြီး မျော့နေအောင်ရိုက်

ညီညီမင်း/ဧရာဝတီတိုင်းမ်

ကြံခင်း၊ ဇန်နဝါရီ ၃၁ ရက်

ဧရာ၀တီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ရေဖြူကန်ကျေးရွာက သတင်းပေး(ဒလန်)ဟု နာမည်ကြီးသူ ဇေယျာ၀င်းဆိုသူအား ယမန်နေ့ညပိုင်းက ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

“သူကခေတ်အဆက်ဆက်သတင်းပေးလုပ်စားနေတာကြာပြီ။ အိမ်ကိုရွှေမန်းပါတီဆိုင်းဘုတ်ထောင်ထားတယ်။ နောက်ပြီးသူက မှုခင်းမီဒီယာကဒ်လဲကိုင်ထားတဲ့လူရူပ်တစ်ယောက်ပဲ။ မနေ့ကညက စရဖကဖမ်းခိုင်းလို့ဆိုပြီးရဲတွေလာဖမ်းသွားတယ်” ဟု ကြံခင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းဖမ်းဆီးခံရသည့်အပေါ် ကြံခင်းမြို့နယ်က သတင်းပေး(ဒလန်)များ စုပေါင်းပြီး ရဲစခန်းသို့သွားရောက်ကာ ပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီက စစ်ဆေးရန်ရှိနေသေးသည့်အတွက် ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကြားတာတော့ညကရိုက်ထားတာမျော့မျော့ပဲကျန်တော့တယ်လို့ပြောတယ်။ စရဖကအသစ်ပြောင်းလာတဲ့လူနဲ့ အရက်ဆိုင်မှာညိလို့ ရဲကိုဖမ်းခိုင်းထားတာဒလန်တောင်မထားဘူး”ဟု ကြံခင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကြံခင်းမြို့နယ်၊ ရေဖြူကန်ရွာက သတင်းပေး(ဒလန်)ဟု နာမည်ကြီးသူ ဇေယျာ၀င်းမှာ စစ်ကောင်စီ၏ သတင်း ပေးအဖြစ်လုပ်ကိုင်နေသူဖြစ်ပြီး ၎င်း၏ သတင်းပေးမှုများအပြင် နေအိမ်အထိ လိုက်လံ လမ်းပြပေးမှုများကြောင့် ကြံခင်းမြို့နယ်က NLD ပါတီဝင်အချို့နှင့် နိုင်ငံတက်ကြွလှုပ်ရှားသူအချို့ ဖမ်းဆီးခံခဲ့ရပြီး အချို့မှာလည်း ယနေ့အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ကြံခင်း #စစ်ကောင်စီ #သတင်းပေး #ဒလန် #ဖမ်းဆီး