News

“လက်ထပ်ထားတဲ့ တ…ရုတ် အမျိုးသားက သမီးဖြစ်သူကို ရောင်းစားဖို့ လုပ်နေတာကြောင့် မြန်မာနိုင်ငံကို ထွက်ပြေးလာတဲ့ သားအမိ”

ရွှေဖီမြေ၊ ဇန်နဝါရီ ၂၈ ရက်၊ တန့်ယန်း

ရှမ်းမြောက် တန့်ယန်းမြို့နယ် ကုန်းဆာကျေးရွာက အမျိုးသမီးတစ်ဦးဟာ တရုတ်ပြည်မှာ ၄ နှစ်နီးပါးကြာ တရုတ်အမျိုးသားတစ်ဦးနဲ့ အိမ်ထောင်ကျပြီး သမီးတစ်ဦးကို မွေးဖွားခဲ့ရာ ယောကျာ်းဖြစ်သူက သမီးကိုရောင်းစားဖို့ လုပ်တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်မှာ သမီးဖြစ်သူနဲ့အတူ ထွက်ပြေးလာခဲ့ရတယ်လို့ ကာယကံရှင်က ပြောပါတယ်။

အသက် (၂၂)နှစ်အရွယ်ခန့်ရှိတဲ့ အဆိုပါအမျိုးသမီးဟာ ဗမာစကား မတတ်တာကြောင့် ကားသမားက ဘယ်နေရာမှာ ချပေးရမယ်ဆိုတာကိုမသိလို့ ကွတ်ခိုင်မြို့ အောင်ချမ်းသာ ထမင်းဆိုင်မှာ လာရောက်ချပေးတာလို့ သူမကို ကူညီပေးခဲ့သူ အင်မိန်းဟိုကျန့်ကော်မတီက တားအိုက်ထွန်းလေးက ပြောပါတယ်။

“သူက တအာင်း(ရူစိင်း)လိုပဲ ပြောတတ်တာ။ ဗမာလိုလည်း မပေါက်။ ရှမ်းလိုလည်းမပေါက်။ စကားလည်း မပေါက်တော့ ကားသမားလည်း အောင်ချမ်းသာမှာ လာချပေးလိုက်တာ။ တရုတ်ပြည်ကြီးက တရုတ်စကားတော့ မွတ်နေတာပဲ။ နေတဲ့နေရာ မေးကြည့်တော့ တရုတ်ပြည် အန်ဝှေမြို့လို့ ပြောတယ်”

သူမရဲ့ အမျိုးသားဟာ တရုတ်ပြည်က တရုတ်လူမျိုးဖြစ်ပြီး သူငယ်ချင်းဖြစ်သူ နှစ်ဦးလည်း အလားတူပုံစံမျိုး ကြုံခဲ့ရသလို လက်ရှိမှာတော့ မြန်မာပြည်ထဲကို ထွက်ပြေးလာကြပြီလို့ ဆိုပါတယ်။

“သူက အဲကနေ ထွက်လာတဲ့ချိန် ယွမ် ၁ ထောင်ပဲ ရှိတာတဲ့။ ဒီမှာရောက်တော့ သူ့လက်ထဲမှာ တစ်သောင်းကျပ်ပဲကျန်တာ။ ကျွန်တော်တို့ ရွာကော်မတီအနေနဲ့ ၅ သောင်း ပြန်ကူပေးလိုက်ပြီး လားရှိုးလူငယ်တွေနဲ့ ချိတ်ပြီးတော့ ကားနဲ့ ထည့်ပေးလိုက်ပြီ” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ၎င်းသားအမိနှစ်ဦးဟာ လားရှိုးသို့ ရောက်ရှိနေပြီး အဲဒီကနေမှတစ်ဆင့် သူမရဲ့နေရပ်ကို ပြန်ဖို့ပေးဖို့ စီစဥ်နေပြီလို့ ဆိုပါတယ်။

#ရောင်းစား #သမီးငယ် #ထွက်ပြေးလာ #တန့်ယန်း #တ..ရုတ်

#ဓာတ်ပုံ- TAHL