News

“NATO” (vs) “Russia” သို့မဟုတ် အမေရိကန်၏ ဗျူဟာသစ်တိုက်ပွဲ “

ရုရှားနှင့် NATO ရဲ့ အားပြိုင်မှုဟာ နောက်ဆုံးအဆင့်ဖြစ်လာပါတယ်။ အမေရိကန်က နောက်ဆုံးပေးပို့လိုက်တဲ့ မက်ဆေ့က ရှင်းပါတယ်။ ငြိမ်းချမ်းရေးကို လိုလားတယ်။ ဒါပေမယ့် ရုရှားကပဲ ဘယ်လမ်းသွားမလဲဆိုတာ ဆုံးဖြတ်ပါ။ ငါတို့က ဘယ်လမ်းသွားသွား အသင့်ပဲလို့ ပြောလိုက်ပါတယ်။ ဒါဟာ လမ်းဆုံးသွားတဲ့စကားပါပဲ။ ရုရှားက ပြင်သစ်မှာ သွားပြီး ယူကရိန်းနဲ့ ငြိမ်းချမ်းရေးယူဖို့ ဆွေးနွေးရပါတော့တယ်။ ဒီလို လက်စွမ်းထက်နေတဲ့ NATO အဖွဲ့ကြီးဟာ ဘယ်လိုပေါ်ပေါက်လာလဲ။ ခေတ်အဆက်ဆက် အမေရိကန်သမ္မတတွေရဲ့ အတွေး၊ ဗျူဟာတွေနဲ့ ဘိုင်ဒန်ရဲ့ လက်ရှိရင်ဆိုင်မှုတွေကို ဒီဆောင်းပါးမှာ တင်ပြပေးသွားမှာပါ။

ရှေ့ပိုင်းက အကြောင်းတွေကို ကျော်လိုက်ကြပါစို့။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်မှာ ကမ္ဘာပေါ်မှာ စူပါပါဝါနိုင်ငံကြီး ၂ နိုင်ငံပဲ ကျန်ရှိခဲ့ပါတယ်။ အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံပါ။ အမေရိကန်က သီးသန့်တိုက်တခုမှာပါ။ ဒီတော့ ဥရောပမှာ ကျန်ရစ်တဲ့ အင်အားနည်းတဲ့နိုင်ငံတွေဟာ သူတို့ကို ဆိုဗီယက်က ကျူးကျော်ပြီး ကွန်မြူနစ်နိုင်ငံအဖြစ် ပြောင်းလဲမှာကို စိုးရိမ်လာကြပါတယ်။

ဒီမှာပဲ သူတို့ဟာ အမေရိကန်နဲ့ ပူးပေါင်းပါတယ်။ အဲဒီအချိန်က ဥရောပမှာ အမေရိကန်ရဲ့ မဟာမိတ်က ပြင်သစ်နဲ့ ဗြိတိန်ပဲ ရှိတာပါ။ အမေရိကန်ဘက်ကလဲ ရုရှားကို အရှေ့ဘက်က ပိတ်ထားဖို့အတွက် ပြင်ဆင်ပြီး အဲဒီဥရောပနိုင်ငံတွေနဲ့ မြောက်ပိုင်းအတ္တလန်တစ်စာချုပ်နိုင်ငံများအဖွဲ့( North Atlantic Treaty Organization ) အတိုကောက် NATO ကို စတင်ဖွဲ့စည်းခဲ့တော့တာပါပဲ။ မူလက နိုင်ငံပေါင်း ၁၁ နိုင်ငံပါဝင်ခဲ့ပါတယ်။

စာချုပ်ပါ အချက်အလက်က ရှင်းပါတယ်။ စာပိုဒ် ၅ မှာ ရေးထားတာက ဒီအဖွဲ့ထဲက နိုင်ငံတခုကို တိုက်ခိုက်ရင် ကျန်နိုင်ငံတွေကို တိုက်ခိုက်သလို ခံယူပြီး အားလုံး ပြန်လည်တိုက်ခိုက်ရမယ်လို့ ရေးထားတာပါ။ ဒါပေမယ့် ကျန်နိုင်ငံတွေရဲ့ စစ်အင်အားက နည်းပါးလှပါတယ်။ အမေရိကန်ကတော့ ဧရာမစစ်အင်အားရှိပါတယ်။ ဒါကြောင့် NATO အဖွဲ့ဝင်နိုင်ငံတွေက သူတို့နိုင်ငံထဲမှာ အမေရိကန်စစ်စခန်းတွေကို ဖွင့်လှစ်ခွင့်ပေးပြီး ကာကွယ်နိုင်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ အဓိကကတော့ အမေရိကန်က ကျန်နိုင်ငံတွေကို ကာကွယ်မယ်လို့ အာမခံချက်ပေးထားတာပါပဲ။

ဒါပေမယ့် ဆိုဗီယက်ရဲ့ အနောက်ကျောဘက် ( အာရှဒေသ ) က လွတ်နေတာပါပဲ။ ဒီမှာပဲ ၁၉၄၈ အတွင်းမှာ တရုတ်နဲ့ မြောက်ကိုရီးယားက ကွန်မြူနစ်နိုင်ငံတွေဖြစ်သွားတဲ့နောက်မှာတော့ အမေရိကန်ဟာ သူ့ရဲ့ မဟာမိတ်နိုင်ငံချဲ့ထွင်မှုကို အာရှဘက်ကို လှည့်လာခဲ့ပါတယ်။ ဂျပန်၊ တောင်ကိုရီးယား၊ သြစတေးလျ၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်တို့နဲ့ နယူးဇီလန်တို့ကို NATO အဖွဲ့ထဲ ဆွဲထည့်လိုက်ပြီး ဆိုဗီယက်ရဲ့ အနောက်ဘက်ကို ဝိုင်းပတ်ပိတ်ခဲ့ပြန်ပါတယ်။ ဒါ့အပြင် လက်တင်အမေရိကတိုက်က နိုင်ငံပေါင်း ၂၂ နိုင်ငံနဲ့လဲ စာချုပ်တွေ ချုပ်ခဲ့ပါသေးတယ်။

ဒီနောက်ပိုင်း စစ်အေးကာလတခုလုံးမှာ အမေရိကန်နဲ့ ဆိုဗီယက်မှာ မျှချေရှိနေလို့ ကမ္ဘာကြီးဟာ တတိယကမ္ဘာစစ်အတွက် မပူပင်ရတော့ပါဘူး။ ၁၉၈၉ ကနေ ၁၉၉၁ အတွင်း ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးနောက် ဒီမိုကရက်တစ် ရုရှားပြည်ထောင်စုကြီး ပေါ်ပေါက်လာပါတယ်။ ၁၉၉၉ မှာတော့ ဆိုဗီယက်ရဲ့ မဟာမိတ်ဖြစ်တဲ့ ပိုလန်၊ ချက်နဲ့ ဟန်ဂေရီတို့ NATO အဖွဲ့ထဲ ပါဝင်လာပါတယ်။ အဲဒီနောက်မှာတော့ NATO အဖွဲ့ဟာ အမေရိကန်နဲ့အတူ ကိုဆိုဗို၊ အာဖဂန်နဲ့ အီရတ်စစ်ပွဲတွေမှာ ပါဝင်လာခဲ့ပါတယ်။ အဲဒီလို စစ်စားရိတ်တွေ ထောင်းလာချိန်မှာ NATO နိုင်ငံအချို့ဟာ သူတို့အတွက် သတ်မှတ်ထားတဲ့ ငွေကြေးကို အပြည့်အ၀ မထည့်နိုင်ကြတဲ့အခါ အမေရိကန်အတွက် ဝန်ပိုများလာပါတယ်။ ဒါပေမယ့် ဘုရှ်၊ အိုဘားမား တို့ဟာ ရှေ့က သမ္မတအဆက်ဆက်အတိုင်း မဟာမိတ်တွေကို လက်တွဲမဖြုတ်ခဲ့ကြပါဘူး။

၂၀၀၄ မှာတော့ ဘော်တစ်နိုင်ငံတွေဖြစ်တဲ့ လတ်ဗီးယား၊ လစ်သူရေးနီးယားနဲ့ အက်စ်တိုးနီးယားတို့ အပါအဝင် ၇ နိုင်ငံကို NATO ထဲ ထပ်ပြီးလက်ခံခဲ့ပါတယ်။ အဲဒီအခါမှာတော့ ရုရှားနယ်စပ်ကို ရောက်လာဖို့က ကြားထဲမှာ၂ နိုင်ငံပဲ ကျန်ပါတော့တယ်။ ယူကရိန်းနဲ့ ဂျော်ဂျီယာပါ။ သူတို့ကလဲ NATO ထဲ ပါဝင်ချင်ကြောင်း ပြောလာတဲ့အခါ သူတို့နယ်စပ်ကို NATO တပ်ဖွဲ့နဲ့ လက်နက်တွေ ရောက်လာမှာ မလိုလားတဲ့ ရုရှားဟာ ၂၀၀၈ မှာ ဂျော်ဂျီယာကို ကျူးကျော်ခဲ့သလို ၂၀၁၄ မှာ ယူကရိန်းကို ကျူးကျော်ပြီး ခရိုင်မီးယားကို သိမ်းပိုက်ခဲ့ပါတော့တယ်။

၂၀၁၆ ထရန့် တက်လာချိန်မှာတော့ America First ဆိုပြီး NATO နိုင်ငံတွေနဲ့ မဟာမိတ်နိုင်ငံတွေကို စစ်စားရိတ် ပိုတောင်းခံခဲ့ပါတယ်။ ဂျပန်တို့ ကိုရီးယားတို့နဲ့ပါ ပြသနာတွေတက်ပြီး တချို့စာချုပ်တွေထဲက အမေရိကန်က နှုတ်ထွက်ခဲ့ပါတယ်။ NATO အဖွဲ့ ပြိုလဲရင် အမေရိကန်ရဲ့ ပါဝါကလဲ ကမ္ဘာမှာ အပြောင်းအလဲရှိလာမှာကို မြင်နေတဲ့ အမေရိကန်ရဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေက စိုးရိမ်လာကြပါတယ်။ ဒါဟာလဲ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ထရန့် အထိနာခဲ့တဲ့တချက်ပါပဲ။ အမေရိကန်ဟာ ဘယ်ပါတီက သမ္မတတက်လာလာ သူတို့ရဲ့ ကျောရိုးကို အထိခံလေ့မရှိပါဘူး။ ထရန့်လက်ထက်မှာ ယူကရိန်းကို NATO ထဲ ထည့်ဖို့ နေနေသာသာ NATO တပ်ဖွဲ့တောင် ပြိုလဲလုလု ဖြစ်ခဲ့ပါတယ်။

ဘိုင်ဒန် တက်လာတဲ့အခါမှာတော့ မဟာမိတ်တွေနဲ့ ပြန်လည်စည်းလုံးအောင် တည်ဆောက်တယ်။ တကမ္ဘာလုံးက အဓိက မဟာမိတ်တွေဆီ ဝန်ကြီးတွေ စေလွှတ်ပြီး အရင်လို အားရှိအောင် ပြန်လည်တည်ဆောက်ခဲ့သလို NATO အဖွဲ့ကိုလဲ အင်အားပြန်လည်တောင့်တင်းအောင် အထူးလုပ်ဆောင်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ ယူကရိန်းက ရုရှား ထပ်မံကျူးကျော်မှာကို ကြောက်ပြီး NATO ထဲ ပါဝင်ဖို့ ထပ်တောင်းဆိုပါတယ်။ ရုရှားက ဒါကို လက်မခံနိုင်ပဲ နယ်စပ်မှာ စစ်သည် ၁ သိန်းကျော်ကို လာချထားခဲ့တာဖြစ်ပါတယ်။ အဲဒီကနေ အခြေအနေက ဒီလောက်ထိ တင်းမာသွားခဲ့ရတာဖြစ်ပါတယ်။

တကယ်တော့ ဘိုင်ဒန်က အမေရိကန်စီးပွားရေးကို အပြင်းအထန်ပြန်လည်တည်ဆောက်နေလို့ စစ်ပွဲအတွက် အာရုံမရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီပြသနာက အရမ်းဆိုးလာခဲ့လို့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကို တောက်လျှောက်စေလွှတ်ပြီး စကားပြောစေခဲ့ပါတယ်။ တဖက်ကလဲ NATO နိုင်ငံတွေနဲ့ ပြန်လည်စည်းလုံးဖို့ လုပ်ဆောင်နေတဲ့အတွက် ယူကရိန်းကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ။ ကတိကဝတ်ကို တည်ကြောင်း ပြသလိုက်တာပါ။ဒီမှာပဲ ကမ္ဘာ့စင်မြင့်ပေါ်မှာ ပါဝါပြန်ပြရမယ့် NATO နိုင်ငံတွေက တပ်တွေ လက်နက်တွေ အကုန်ကို ယူကရိန်းကို ပို့တော့တာပါပဲ။

NATO ရဲ့ အားသာချက်က အဖွဲ့ဝင်နိုင်ငံတိုင်းဟာ သူတို့ထုတ်တဲ့လက်နက်တွေကို စစ်ဖြစ်ရင် ထုတ်သုံးကြတာပါပဲ။ ဒါကြောင့် အမေရိကန်အပြင် ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ အစရှိတဲ့ နိုင်ငံတွေကပါ သူတို့လက်နက်တွေကို ယူကရိန်းဆီ တင်ပို့ခဲ့ကြပါတယ်။ ဂျာမနီကတော့ သူတို့လက်နက်တွေကို တင်ပို့ခြင်းမပြုတဲ့ နိုင်ငံဖြစ်ပြီး ဒီအရေးကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ပဲ လိုလားပါတယ်။ ဒါကြောင့် ရုရှားနဲ့ ယူကရိန်းဆွေးနွေးဖို့ကို ပြင်သစ်နဲ့ ဂျာမနီက ကမကထပြုပြီး ကျင်းပပေးခဲ့ပါတယ်။

ရုရှားဟာ စစ်လက်နက်ထုတ်ပေမယ့် ကျန်တဲ့ ထုတ်ကုန်ပိုင်းမှာ ဘာမှမရှိပါဘူး။ အဓိကက ရေနံကို ဥရောပကို တင်ပို့ရောင်းချရတာဖြစ်လို့ ဥရောပနိုင်ငံတွေက စီးပွားရေးပိတ်ဆို့ရင် တတိုင်းပြည်လုံး ဒုက္ခရောက်နိုင်ပါတယ်။ ဘိုင်ဒန်ကလဲ စစ်မတိုက်ချင်တဲ့အတွက် စီးပွားရေးဖဲချပ်ကိုပဲ အပိုင်ကိုင်ထားတာပါ။ ဒီစစ်ပွဲကို ရုရှားကော ယူကရိန်းကကော ၂ ဖက်ပြည်သူတွေက ဘယ်သူမှ မတိုက်ချင်ကြပါဘူး။ ဒါပေမယ့် ရုရှားက တိုက်လာရင်တော့ ခုခံဖို့ ယူကရိန်းတွေက ပြင်ဆင်ထားပါတယ်။

အခုနောက်ဆုံးတော့ လက်ရှိကမ္ဘာရဲ့ နောက်ဆုံးလက်နက်ဟာ စီးပွားရေးဖြစ်တယ်ဆိုတဲ့အတိုင်း ကမ္ဘာ့စီးပွားရေးရဲ့ ရာခိုင်နှုန်းအများစုကို ထိန်းချုပ်ထားတဲ့ NATO နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကို မခံနိုင်တဲ့ ရုရှားကပဲ ယူကရိန်းနဲ့ ၈ နာရီကြာ ဆွေးနွေးပြီး ငြိမ်းချမ်းရေးယူဖို့ လုပ်လိုက်ရပါပြီ။ တကယ်တော့ ဒီပြသနာဟာ ရုရှားက သူ့နယ်စပ်ကို NATO အဖွဲ့တွေ ရောက်မလာစေချင်သလို အမေရိကန်ကလဲ ယူကရိန်းကို NATO ထဲ လက်ခံချင်ရာက စပါတယ်။

ရုရှားကလဲ မကျူးကျော်ရဲသလို အမေရိကန်ကလဲ ရုရှားကို သူ့လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကတိတခု ပေးစေချင်တာပါ။ အမေရိကန်က ယူကရိန်းမှာ လက်နက်တွေ ထားမယ်။ ဒါပေမယ့် ရုရှားကို ရန်မပြုဘူးလို့ ကတိပေးပေမယ့် ရုရှားက မယုံပါဘူး။ အမေရိကန်ကလဲ ရုရှားက ယူကရိန်းကို မကျူးကျော်ပါဘူးလို့ ဆိုပေမယ့် အမေရိကန်က မယုံပါဘူး။ ဒီလိုနဲ့ပဲ ကြိုက်တဲ့နည်းနဲ့လာ ငါက အဆင်သင့်ဆိုတဲ့ နောက်ဆုံးစကားတွေ ပြောကုန်ကြတာပါ။

လက်ရှိမှာတော့ ပြင်သစ်နဲ့ ဂျာမနီရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရုရှား-ယူကရိန်းအရေးဟာ ယာယီပြေလည်သွားခဲ့ပါပြီ။ ဒါပေမယ့် ဘယ်အချိန်မှာ ဘယ်လိုတွေ ပြန်လည်တောက်လောင်လာဦးမယ်ဆိုတာ မသိရသလို အမေရိကန်ရဲ့ ရုရှားကော တရုတ်ကိုပါ ဘယ်လိုမဟာဗျူဟာနဲ့ ထိန်းဖို့ ပြင်ဆင်နေသလဲဆိုတာတွေကတော့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဆက်လက်ကြည့်ရှူရပါလိမ့်မယ်။ သေချာတာကတော့ NATO အဖွဲ့ဟာ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်ဖြစ်နေမှာကတော့ မလွဲဧကန် သေချာနေကြောင်းပါ။

Nay Thway