News

“စစ်..တပ်ကို လက်..နက်ဝယ်ပေးနေတဲ့ ပြည်တွင်းက ပွဲစားအမည်စာရင်းတွေကို NUG ထုတ်ပြန်”

မြန်မာစစ်တပ်ကို လက်နက်ဝယ်ပေးနေတဲ့ လက်နက်ပွဲစား ၉ ဦးရဲ့ အမည်စာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်ပြီး ဒီလူတွေနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေဟာ အကြမ်းဖက်မှုနဲ့ စစ်ရာဇဝတ်မှုကို အားပေးတဲ့စီးပွားရေးလုပ်ငန်းတွေ ဖြစ်လို့ အမည်ပျက်စာရင်းမှာ သွင်းလိုက်တယ်လို့ ဇန်နဝါရီလ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ NUGရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ပွဲစား ၉ ဦးရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ဝယ်ယူအားပေးတာတွေမလုပ်ကြဖို့နဲ့ သူတို့ကိုအားပေးတာဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို အားပေးတာပဲလို့လည်း NUG က ဆိုပါတယ်။ ဒီလက်နက်ပွဲစားတွေဟာ စီးပွားရေးလုပ်ငန်းမျိုးစုံကို အယောင်ပြပြီး စစ်တပ်ကို လက်နက်တွေ ဝယ်ပေးနေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

NUG က ပြောတဲ့ လက်နက်ပွဲစား ၉ ဦးကတော့… AK ကုမ္ပဏီအုပ်စုက ဦးအေးကို၊ International Gateway Groupက ဒေါက်တာ နိုင်ထွဋ်အောင်၊ Dynasty Group ကုမ္ပဏီက ဒေါက်တာ အောင်မိုးမြင့်၊ Suntac ကုမ္ပဏီအုပ်စုက ဦးစစ်တိုင်းအောင်၊ STE Global ကုမ္ပဏီက ဦးထွန်းလှိုင်၊ KT group က ဂျော်နသန်ကျော်သောင်း၊ Myanmar Chemical and Machinery ကုမ္ပဏီအုပ်စုက ဦးအောင်လှိုင်ဦး၊ ထူး ကုမ္ပဏီအုပ်စုက ဦးတေဇ၊ Trident Marine ကုမ္ပဏီက ဦးဇော်ဝင်းဦးတို့ပဲဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ပြည်သူတွေကို လက်နက်မျိုးစုံနဲ့ နေ့စဉ်ပစ်ခတ်သတ်ဖြတ်နေတာတွေဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်လို့ ဒါတွေဟာ နိုင်ငံတကာ တရားရုံးတွေမှာ အရေးယူရမှာဖြစ်တယ်လို့ NUG အစိုးရ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။