News

“(3) လသားကထဲက ကွဲကွာသွားတဲ့ မိဘတွေကို ပြန်တွေ့အောင် ရှာနိုင်ခဲ့ပေမယ့် ထင်မှတ်မထားတဲ့ တုံ့ပြန်မှုတွေကြောင့် အဆုံးစီရင်သွားတဲ့ လူငယ်လေး”

မိဘငတ်နေသူလေးလျိုဟာ သူ့ကိုယ်သူ အဆုံး စီရင် သွားခဲ့ပါတယ်။

🇨🇳 အင်တာနက်အကူအညီနဲ့ မိဘအရင်းတွေကိုရှာဖွေခဲ့တဲ့ အသက် ၁၇ အရွယ်ကောင်လေးဟာ သူ့ကိုယ်သူ အဆုံးစီရင် သွားပြီဖြစ်ပါတယ်။

Liu Xuezhou လျိုဟာ ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၆ ရက်နေ့က အင်တာနက်ပေါ်မှာအကူအညီတောင်းခဲ့ပြီးတဲ့နောက် လူသိများလာတာဖြစ်ပါတယ်။

သူ ၃ လသားအရွယ်မှာ သူ့မိဘအရင်းတွေက သူ့ကိုရောင်းစားခဲ့တာလို့ဆိုပါတယ်။ ဒါပေမယ့်သူ့ကိုဝယ်ယူခဲ့တဲ့ မွေးစားမိဘတွေဟာ သူ ၄ နှစ်သားမှာ အက်ဆီးဒန့်ဖြစ်ပြီးသေဆုံးသွားခဲ့ပါတယ်။

ကံမကောင်းရှာတဲ့လျိုကို မွေးစားမိဘတွေရဲ့ဆွေမျိုးတွေကစောင့်ရှောက်ထားခဲ့ကြပါတယ်။

ကောလိပ်ကျောင်းသားဖြစ်လာတဲ့ လျိုဟာ ရောင်းစားခံရသူတွေ မိဘအရင်းနဲ့ပြန်ဆုံတဲ့သတင်းတွေကို အင်တာနက်မှာဖတ်ရတဲ့အခါမှာ သူလည်းမိဘအရင်းတွေနဲ့ပြန်ဆုံချင်လာပါတယ်။

သူအင်တာနက်မှာတင်ကာ အကူအညီတောင်းတဲ့အခါမှာ ၃ နာရီအတွင်း သူ့အဖေအရင်းရဲ့ ဖုန်းနံပါတ်ကိုရရှိခဲ့ပြီး သူ့ဖခင်ရင်းကိုဖုန်းခေါ်ခဲ့ပါတယ်။

သူ့ဖခင် Ding Shuangquan က ဒါအလိမ်ဖြစ်မယ်လို့ထင်ကာ ငြင်းပယ်ခဲ့ပါတယ်။ ဒါပေမယ့်ရဲက DNA စစ်ဆေးမှုလုပ်ပေးတဲ့အခါမှာ သူတို့သားအရင်းဆိုတာသိသွားခဲ့ပါတယ်။

ပုံမှန်ဖြစ်စဉ်အရဆိုရင် မိဘငတ်မွတ်နေရှာတဲ့ လျိုခမျာမှာ အင်တာနက်ကျေးဇူးနဲ့ ရက်ပိုင်းအတွင်းမိဘတွေနဲ့ ပြန်ဆုံစည်းကာ လာမယ့်အပတ်တရုတ်နှစ်ကူးကို ပျော်ရွှင်စွာဆင်နွှဲခွင့်ရမှာပါ။

ဒါပေမယ့်လည်း ဒီတစ်လတာကာလဟာ သူ့အတွက်ခါးသည်းလွန်းပါတယ်။ ပြီးခဲ့တဲ့ရက်တွေကတည်းက သူ့မိဘတွေကအကြိမ်ကြိမ်ငြင်းပယ်နေတဲ့သတင်းကို ကျနော်မကြာခဏဖတ်နေရတာပါ။

သူ့အဖေရဲ့အပြောအရ ရဲကချိတ်ဆက်ပေးအပြီး လျိုက video call ခေါ်ချိန်မှာ သူ့သားကိုမှတ်မိတယ်လို့ဆိုပါတယ်။လျိုဟာသူ့ညီနဲ့ရုပ်တူလို့ဖြစ်တယ်တဲ့။

လျိုမွေးခါစမှာ သူတို့ဟာဆင်းရဲလွန်းလို့ သူများကိုမွေးဖို့ပေးလိုက်တာပါတဲ့။ နောက်တော့မှ ပေးလိုက်တဲ့သူတွေက သူ့ကိုရောင်းစားလိုက်မှန်းသိရပါသတဲ့။

လျိုဟာ ၂၀၀၄ နဲ့ ၂၀၀၆ ကြားမှာ ဟူးဘေးပြည်နယ်မှာမွေးခဲ့တာဖြစ်ပါတယ်။ လျိုဟာအချိန်ပိုင်းအလုပ်လုပ်ပြီး ကျောင်းတက်နေသူဖြစ်ပါတယ်။

ရဲကသူ့မိဘရင်းတွေနဲ့ပြန်ဆုံဖို့ စီစဉ်ပေးတဲ့အတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ပြန်ဆုံခဲ့ကြပါတယ်။

လျိုက သူ့အမေအရင်းနဲ့ပြန်ဆုံရလို့ သူ့ကိုယ်သူ “Happy Child” လို့တင်ခဲ့လို့ အားလုံးကဝမ်းသာနေခဲ့ကြတာပါ။

သို့သော် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ လျိုက သူ့အမေအရင်းကသူ့ကို WeChat မှာ ဘလော့သွားကြောင်း တရုတ်ဆိုရှယ်မီဒီယာ Weibo မှာတင်ခဲ့တဲ့အတွက် အားလုံးအံ့အားသင့်ခဲ့ကြပါတယ်။

အဲ့ဒီမှာလျိုကထပ်ပြီးဖွင့်ချခဲ့ပါတယ်။ သူ့ကိုရောင်းစားခဲ့တာက သူ့မိဘတွေယူတုန်းက အမေဘက်ကို တင်တောင်းတဲ့လက်ဖွဲ့ကြေးအကြွေးကျေအောင်ရောင်းစားခဲ့တာဖြစ်ကြောင်း။

ဘယ်လိုပဲဖြစ်ဖြစ်သူဟာ အခြားမိသားစုဝင်ဖြစ်သွားပြီလို့ သူ့အမေအရင်းကပြောကြောင်းလည်းပါပါတယ်။

ပြီးတော့ သူကအိမ်တစ်အိမ်လိုချင်ကြောင်းတင်ခဲ့ပါတယ်။ သူ့မိဘအရင်းတွေက သူတို့ကိုလျိုကအိမ်ဝယ်ခိုင်းကြောင်းစွပ်စွဲပါတယ်။

လျိုကမဟုတ်ကြောင်းနဲ့ နေစရာအိမ်တစ်ခုရှာနေတာဖြစ်ကြောင်းပြောပါတယ်။ သူအင်တာနက်မှာတင်ခဲ့တဲ့ပုံထဲမှာ အိုဟောင်းစုတ်ပြတ်နေတဲ့သူ့မွေးစားမိဘအိမ်ဟောင်းပုံကိုတွေ့ရပါတယ်။

သူ့အဖေက သူ့ကျောင်းစာရိတ်နဲ့နေစားရိတ်ပေးချင်တဲ့ဆန္ဒရှိကြောင်းပြောပါတယ်။

ဘယ်လိုဖြစ်ခဲ့မှန်းအတိအကျမသိရပေမယ့် မွေးတုန်းကရောင်းစားခဲ့မှုနဲ့ တရားရုံးမှာရင်ဆိုင်ဖို့အထိဖြစ်ခဲ့ကြပါတယ်။

နောက်ဆုံးတော့ ဟိုင်နန်ကျွန်း စန်းရကမ်းခြေမှာ သူ့ကိုယ်သူ အဆုံးစီရင်သွားတာတွေ့ရတယ်လို့ သူ့အဒေါ်ဖြစ်သူ Chai Mou ကပြောပါတယ်။

ဟိုင်နန်ကျွန်းဟာ ရဲဘော်သုံးကျိပ်စစ်ပညာသင်ခဲ့တဲ့နေရာပါ။ အဲ့ဒီတုန်းက စန်းရစိုက်ပျိုးသက်မွေးပညာသင်ကျောင်းအမည်ဝှက်နဲ့ လျှို့ဝှက်စစ်ပညာသင်တန်းဖွင့်ခဲ့တဲ့နေရာပါ။

မိဘငတ်နေသူလေး ဒီအဖြစ်မျိုးထပ်မကြုံပါစေနဲ့လို့။

Richard Myo Thant

24-January -2022