ဗဟုသုတ

“ပျောက်ဆုံးနေသော အတ္တလန္တိတ် သိပ္ပံမြို့တော် “

လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀ ခန့်, အတိအကျဆိုရလျင် BC 360 ဝန်းကျင်တွင် ဂရိပညာရှင်ကြီး ပလေတိုက အတ္တလန်တစ် သမုဒ္ဒရာကြီးအလယ်တွင် အလွန်ချမ်းသာကြွယ်ဝပြီး မိမိတို့ယခုခေတ်ထက်ပင် သိပ္ပံပညာတတ်မြောက် ထွန်းကားသော Atlantis ရွှေမြို့တော်ကြီး ရှိခဲ့ဖူးသည်ဟု သူ၏စကားပြောဟန် ကျမ်းစာများတွင် ဖော်ပြခဲ့ကြောင်း စာဖတ်သူတို့ သိရှိပြီးဖြစ်ပေလိမ့်မည်။

ထို Atlantis ရွှေမြို့တော်ကြီးမှာ အကြောင်းအရင်းတစ်စုံတစ်ရာကြောင့် ပြင်းထန်သော ငလျင်နှင့် ရေလွှမ်းမိုးမှုများကြောင့် နေ့ချည်းညချည်း ပျောက်ကွယ်သွားရသည်ဟုလည်း ပလေတိုက ဖော်ပြခဲ့ဖူးပါသည်။ ထိုပလေတို၏ Atlantis မြို့တော်ကြီးစတင် မိတ်ဆက်ခဲ့ချိန်မှစပြီး အသက်အရွယ် နယ်ပယ်အသီးသီးမှ သိပ္ပံပညာရှင်များ, စူးစမ်းလေ့လာသူများသည် မိမိတို့၏ အလုပ်အကိုင် အသက်မွေးဝမ်းမှုများကို လစ်လျူရှုပြီး ထို Atlantis မြို့တော်ကြီး တစ်ချိန်ကအမှန်တကယ် ရှိခဲ့သလောဟူသော အဖြေကိုရရှိရန် အသည်းအသန်ရှာဖွေ စူးစမ်းလာကြသည်မှာ ယနေ့ထက်တိုင် မျိုးဆက်အဆင့်ဆင့် ပြောင်းလည်းလာခဲ့ပြီ ဖြစ်ပေသည်။

သို့သော် လူအများစုက ထို Atlantis မြို့တော်ကြီးမှာ အမှန်တကယ်မရှိပဲ ပလေတို၏ စိတ်ကူးထဲမှ အံဖွယ်မြို့တစ်မြို့သာ ဖြစ်သည်ဟု လက်ခံခဲ့ကြတာပါ။

သို့ရာတွင် စူးစမ်းရှာဖွေသူများ အနေနှင့် အတ္တလန်တစ် သမုဒ္ဒရာကြီးအောက်မှ ဖြေရှင်းရခက်သည့် အုတ်ရိုးများ, လူသွားလမ်းများအပြင် အခြားရှာဖွေတွေ့ရှိချက်များအရ ထိုမြို့တော်ကြီး တစ်ချိန်တစ်ခါက တည်တံ့ခဲ့သည်ဟူသော ယူဆချက်ကို ပိုမိုခိုင်မြဲစေခဲ့သယောင် ဖြစ်စေခဲ့ပါတယ်။

ဒါကြောင့် ကျနော်တို့အနေနဲ့ Atlantis မြို့တော်ကြီးအကြောင်းကို အသေးစိတ်လေ့လာ ပိုင်းခြားကြည့်ရအောင်လားခင်ဗျာ။

Atlantis မြို့တော်ကို မိတ်ဆက်ခြင်း

ဘာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီခန့်က တည်ရှိကောင်းတည်ရှိခဲ့တဲ့ ဒီ Atlantis မြို့တော်ကြီးကို လေ့လာသူအများက ဘာလို့ခုအချိန်ထိ သည်းကြီးမည်းကြီးရှာနေရတာလဲ? တကယ်မဟုတ်ဘူးလို့ ယုံကြည်ရင် ပုံပြင်အဖြစ်ထားခဲ့လို့ရပေမယ့် လေ့လာသူအများစုဟာ Atlantis မြို့တော်ကြီးဟာ ပုံပြင်လို့မခံစားရပဲ တကယ်ရှိခဲ့တယ်ဆိုပြီး မိမိတို့ရဲ့ Instinct ကို ခံစားရတယ်လို့ ဆိုခဲ့တာပါ။

ဒီမြို့တော်ကြီးအကြောင်းကို စတင်ဖော်ထုတ်ခဲ့သူ ပလေတိုဟာ သူ့ခေတ်မတိုင်မီ နှစ်ပေါင်း ၉၀၀၀ ခန့်က Atlantis မြို့တော်ကြီးဟာ ဂျီဘရော်တာ ရေလက်ကြားအရှေ့ဘက်တွင် ရှိခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။ ဒီမြို့တော်ကြီးက လူတွေဟာ အလွန်ဥာဏ်ပညာကြီးမားကြပြီး ထိုမြို့ကြီးဟာလည်း အစာရေစာ အလွန်တရာပေါကြွယ်ဝတဲ့အပြင် စက်မှုသိပ္ပံဟာလည်း အတိုင်းအဆမဲ့ မြင့်မားတယ်လို့ ဖော်ပြခဲ့တာပါ။

ထိုအရာရာ ပြည့်စုံနေတဲ့ အတ္တလန်တာသားတို့ဟာ အရာရာပြည့်စုံလာတာနဲ့အမျ တစ်ယောက်အပေါ်တစ်ယောက် မနာလိုခြင်း မတော်လောဘတွေများပြားလာတာကြောင့် ထို Atlantis မြို့ကြီးမှာ တစ်ရက်နဲ့ တစ်ညတိတိ ကြောက်မက်ဖွယ် မြေငလျင် ရေကြီးမှုတွေဖြစ်ပေါ်ပြီး အတ္တလန်တစ် သမုဒ္ဒရာအောက်ကို စုံးစုံးမြုပ်ပြီး နှစ်မြုပ်ပျောက်ကွယ်ခဲ့တာလို့ ပလေတိုကဆိုခဲ့ပါတယ်။သူဟာ ထိုအကြောင်းအရာတွေကို သူ့အသက် ၆၇ သို့ ၆၈ မှာရေးသားခဲ့တယ်လို့ ယူဆရမှာပါ။

ဒီအကြောင်းအရာတွေကို ပလေတိုက ‘Timaeus and Critias’ လို့ခေါ်တဲ့ ကျမ်းစာမှာ ထိုကျမ်းထဲက ဇာတ်ကောင် ၄ ယောက်ဖြစ်တဲ့ ;

– ဆိုကရေးတီး (ပလေတို၏ ဆရာ)

– ခရစ်စတီးယပ်စ် (သမိုင်းနှင့် ကဗျာပညာရှင်)

– ထိုင်မဲယက်စ် (အီတလီ နက္ခဗေဒပညာရှင်)

– ဟာမိုခရေးတီး ( စစ်သူကြီး)တို့ ၄ ယောက်အကြား စကားပြောဟန်အဖြစ် ကျမ်းပြုစုဖော်ပြခဲ့တာပါ။ ထိုကျမ်းအကြောင်းကို လေ့လာကြည့်ရအောင်ဗျာ။

Atlantis မြို့တော်ရဲ့ ကံကြမ္မာကို ဖော်ပြပေးမယ့် ကျမ်းကြီး ၃ ကျမ်း

အမှန်တော့ ပလေတိုဟာ Atlantis မြို့တော်ကြီးအကြောင်း ဖော်ပြရာမှာ Trilogy (အပိုင်း ၃ ပိုင်း)အဖြစ်ဖော်ပြမယ်လို့ သူရဲ့ The Republic ဆိုတဲ့ကျမ်းမှာ ဖော်ပြခဲ့တာပါ။ ဒါပေမယ့် ကျနော်တို့ဟာ သူ့ရဲ့ ပထမအပိုင်း The Timaeus ကိုသာ အပြည့်အစုံ ဖတ်ရှုခဲ့ရပြီး ဒုတိယပိုင်းဖြစ်တဲ့ The Critias မှာတော့ စိတ်ဝင်စားစရာအကောင်းဆုံး အချိန်မှာ ကျမ်းစာကို ဆက်မတွေ့ရတော့ပဲ ရှိခဲ့ပါတယ်။ (အချို့က ဒုတယပိုင်းကို တစ်ဝက်တစ်ပျက်သာ ရေးသားခဲ့သည်ဟု ထင်ကြပြီး အချို့မှာ ကျန်အပိုင်းမှာ ပျောက်ဆုံးသွားခဲ့သည်ဟု ယုံကြည်ကြပါသည်။)

အရေးအကြီးဆုံးနဲ့ Atlantis ရဲ့အဓိကအချက်အလက်နဲ့ လျို့ဝှက်ချက်တွေပါဝင်မဲ့ တတိယမြောက်ကျမ်းစာကတော့ ဘယ်တုန်းကမှ မှတ်တမ်းတင်နိူင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ကျတော်တို့ အနေနဲ့ ပလေတိုအကြောင်းကို အကြမ်းဖျင်း လေ့လာဖို့လိုလာပါပြီ။

Plato aka. Aristocles

ပလေတို တစ်ဖြစ်လဲ အရစ်စတိုဆီးဟာ ခန့်မှန်းခြေအားဖြင့် 427-428 BC မှာ အေသင်မှာမွေးဖွားခဲ့ပြီး 347 BC အသက် ၈၀ ခန့်မှာသေဆုံးခဲ့တာပါ။ သူဟာ နာမည်ကြီးဂရိပညာရှင် ဆိုကရေးတီးရဲ့ တပည့်တစ်ဦးဖြစ်ပြီး 399 BC မှာ သူ့ဆရာ ဆိုကရေးတီး ကွပ်မျက်ခံရအပြီးနောက် စိတ်ထိခိုက်ကာ နှစ်ပေါင်းမျာစွာ ခရီးသွားလေ့လာနေခဲ့ပြီး အသက် ၄၀ အရွှယ်ရောက်မှသာ အေသင်မြို့သို့ Philosophy ကျောင်းဖွင့်လှစ်ရန် ပြန်လည်ရောက်ရှိလာခဲ့တာပါ။

သူဟာ 360 BC သူ့အသက် ၆၇-၆၈ ရောက်မှသာ Atlantis City ဆိုပြီးပဟေဠိတစ်ခုဖြစ်လာမယ့် ကျမ်းကိုစတင်ပြုစုခဲ့တာပါ။ သူ့ရဲ့ ကျမ်း ဒုတိယပိုင်းအဆုံးသတ်နဲ့ တတိယပိုင်းကို ဘာကြောင့်အဆုံးမသတ်နိူင်ခဲ့တာလည်း ဆိုတာကတော့ မည်သူမျ သိရှိခဲ့ခြင်း မရှိခဲ့ပါဘူး။

Atlantis မြို့တော်ရဲ့ တည်နေရာ

ပလေတိုသည် Atlantis မြို့တော်ကြီးကို Pillars of Hercules (ယခုခေတ်အခေါ် ဂျီဘရော်တာ ရေလက်အကြား) အရှေ့ဘက်စူးစူးတွင် တည်ရှိပြီး အာရှတိုက်နှင့် လစ်ဗျားကုန်းမြေ နှစ်ခုပေါင်းအကျယ်ထက် ကြီးမားသည်ဟု ဖော်ပြခဲ့ပါသည်။ သို့သော်လည်း ရှာဖွေသူအများကြားတွင် အချို့က အန္တာတိကတွင်လည်းကောင်း အချို့က ဆိုက်ပရပ်စ်တွင်တစ်ဖုံ အချို့က အမေရိကအလယ်ပိုင်းတွင်ဟု လည်းကောင်း အမျိုးမျိုးအဖုံဖုံ သဘောထားကွဲလွှဲလျက် ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

သက်သေအထောက်အထားနှင့် တွေ့ရှိချက်များ

၁၉၆၈ ခုနှစ်တွင်မူ အတ္တလန်တစ် သမုဒ္ဒရာအောက်၌ ကျောက်တုန်းများ စီတန်းခင်းထားသည့် လမ်းကြောင်းကြီးတစ်ခုကို မြောက်ပိုင်းဘီမီနီကျွန်းအနီး အံ့ဖွယ်ရှာဖွေတွေ့ရှိခဲ့ပြီး ထိုလမ်းကို ဘီမီနီလမ်းဟု သတ်မှတ်ခဲ့ကြလေသည်။ ထိုလမ်းသည် အချို့က သဘာဝအလျောက်ဖြစ်နေသော လမ်းကြောင်းဟု ငြင်းဆိုခဲ့သော်လည်း ရှာဖွေသူများအနေနှင့် ထိုလမ်းကြောင်းကြီးမှာ Atlantis မြို့တော်ကြီးကို ရှာဖွေတွေ့ရှိနိူင်ရန် အတွက် မျော်လင့်ချက်အလင်းရောင် အဖြစ်မှတ်ယူခဲ့ကြတာပါ။ ထိုမိုင်ဝက်ခန့်ရှည်လျားတဲ့ ဘီမီနီလမ်းကြီးရဲ့ အဆုံးတစ်ဖက်ကို လိုက်လံရှာဖွေရာမှာတော့ ထိုအံ့ဖွယ်လမ်းကြောင်းဟာ ရေအောက်နှစ်မြုပ်နေတဲ့ စပါတယ်ကျွန်းအနားမှာ ဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်။

ထိုကျွန်းဟာ ပလေတိုညွှန်းခဲ့တဲ့ ဂျီဘရော်တာရေလက်ကြားရဲ့ အနောက်ဘက်သာသာနားမှာသာ တည်ရှိနေတာကြောင့် ရှာဖွေသူအများစုက ဒီ ဘီမီနီလမ်းကြီးဟာ Atlantis မြို့တော်ရဲ့ လမ်းကြောင်းကြီးဖြစ်မယ်လို့ တစ်ထစ်ချ ယုံကြည်နေကြတာပါ။ ယုံကြည်ချက်ကို ပိုမိုအားကောင်းစေတဲ့ အချက်ကတော့ ထိုစပါတယ်ကျွန်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၁၆၀၀ ခန့်က ပြင်းထန်တဲ့ ဆူနာမီလိုင်းတွေကြောင့် နှစ်မြုပ်ခဲ့တယ်ဆိုပြီး စစ်ဆေးတွေ့ရှိခဲ့တာပါ။

ဒါဆိုရင် ပလေတိုရဲ့အဆိုအရဆို အချိန်, နေရာ နဲ့ အခြေအနေ အတိအကျ ထပ်တူညီနေခဲ့လို့ ကျနော်တို့ဟာ Atlantis မြို့တော်ကြီးကို တွေ့ဖို့အချိန်ဟာအလွန် ဝေးကွာမနေတော့ပါဟု မျော်လင့်ရပါကြောင်းနှင့်Atlantis ရွှေမြို့တော်ကြီးဟာ ပလေတိုရဲ့ စိတ်ကူးဥာဏ်ကွန့်မြူးမှုသက်သက်လော ဒါ့မဟုတ် လွန်ခဲ့သောနှစ်ပေါင်း ၁၁၆၀၀ ခန့်က အတ္တလန်တစ် သမုဒ္ဒရာကြီးအထက်မှာ အမှန်တကယ် ဝင့်ဝင့်ကြွားကြွား တည်ရှိခဲ့တာလား ဆိုတာတွေကတော့ဂရိပညာရှင်ကြီး ပလေတိုမှအပ အခြားသူများအဖို့ မဖြေရှင်းနိူင်တဲ့ ပဟေဠိတစ်ခုအဖြစ်သာ ကျန်ရှိနေဦးမှာ ဖြစ်တဲ့အကြောင်း…….

Ref:ကိုဆွေ (ပန်နိုရားမား)၏မဖြေရှင်းနိုင်သော ကမ္ဘာကျော်ပဟေဠိများ၁မှ