ဗဟုသုတ

“အာဏာသိမ်းပြီး (၁၀) လ အတွင်း မြန်မာနိုင်ငံအတွက် ရရှိခဲ့တဲ့ သမိုင်းဝင် အပြောင်းအလဲကြီး (၅) ခု”

အာဏာသိမ်းယူပြီး ၁၀ လ အတွင်း မြန်မာနိူင်ငံမှာ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးနိုင်ခဲ့ပါတယ်။

ကျွန်တော်တပ်မတော်ကို တစ်နှစ်လောက် အချိန်ယူလေ့လာပြီး ကျွန်တော်မြင်တွေ့လာခဲ့ရတာလေးတွေကို ရိုးသားစွာ အနှစ်ထုတ်ပြတာမို့ အမြင်မတူရင်လည်း ခွင့်လွှတ်ပါ

( ၁ ) လက်ဖက်ရည်ဆိုင်ထိုင်ပြီး အချိန်ပြည့် ဂိမ်းဆော့နေတဲ့ သောက်ချိုးမပြေတဲ့ ဂျစ်ကန်ကန်လူငယ်လေးတွေကို အမျိုးသားရေးစိတ်ဓါတ် နိုးကြားအောင် လှုံ့ဆောင်ပေးနိုင်ခဲ့တယ်။

ဖေဖော်ဝါရီ လ ၁ ရက်နေ့ မတိုင်ခင်က မုန့်ဖိုးတောင်း ဂိမ်းဆော့နေတဲ့ လူငယ်လေးတွေကို တိုင်းပြည်အတွက်ဆိုပြီး အမျိုးသားရေးစိတ်ဓါတ် စွန့်လွှတ်စွန့်စားလိုတဲ့ စိတ်ဓါတ် နှလုံးသားထဲထိ စိမ့်ဝင်သွားအောင် လုပ်ပြနိုင်ခဲ့တာဟာ ဆယ်လ အတွင်း သမိုင်းမှတ်တမ်း တင်လောက်စေတဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။

( ၂ ) မြန်မာတွေကို ကိုယ့်အားကိုယ်ကိုး တတ်သွားစေတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်အထိ အစိုးရ ဆီက ကိုဗစ် ထောက်ပံ့ကြေးကို မျှော်လင့်ပြီး မီတာခ လျှော့ပေးငွေနဲ့ သာယာပြီး ကြိုးစားချင်စိတ် ပျောက်ဆုံးစ ပြုနေတဲ့ မြန်မာတွေအတွက် အရေးပါတဲ့ ပြောင်းလဲမှုဖြစ်ပါတယ်။

ကိုဗစ်ဖြစ်ရင် အိမ်လာခေါ်လိမ့်မယ်။ ဆေးရုံမှာ ဇိမ်နဲ့ ထိုင်စားရုံပဲ။ mask လည်း တပ်ချင်မှ တပ်မယ်ကွာ ဆိုတဲ့ ဘုဂလန့်တွေဟာ ကာကွယ်ရေး ဦးစီးချုပ်က သင်္ဂြိုလ်စက် ၁၀ လုံး ဆောက်ပြလိုက်တော့မှ အချိုးစပြေခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေကို ရောင်းစားပြလိုက်ပါတယ်။ တပ်မတော်သားတွေကို မြို့ထဲပတ် အောက်ဆီဂျင် လိုက်လုခိုင်းပြီး Mask ဝေတဲ့သူ ကြက်ဉ လှူတဲ့သူ ၁၀ ဦးလောက်ကို အဖမ်းပြလိုက်မှ ကိုဗစ်ကို ကြောက်ပါပြီ အိမ်မှာပဲ နေပါတော့မယ်ဆိုပြီး ပြည်သူတွေရဲ့ လေးစား ကြောက်ရွှံမှုကို စတင်ရခဲ့တာဖြစ်ပါတယ်။

NLD အစိုးရတုန်းက ကိုဗစ်ကို အစိုးရကသာ ကာကွယ်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး တပ်မတော် လက်ထက်မှာတော့ အစိုးရက ကာကွယ်ဖို့ မကြိုးစားဘဲ ပြည်သူ ကသာ ကာကွယ်ဖို့ ကြိုးစားနေတာကို သမိုင်းဝင် ပြောင်းလဲမှုအဖြစ် သတ်မှတ်ရမှာပါ။

နယ်တွေမှာ mask ကို တရားမဝင် ခိုးတပ်နေတဲ့သူတွေရှိလို့ mask တပ်ရင်ဖမ်းမယ်လို့တောင် ကြေညာရတဲ့ အထိ အောင်မြင်စပြုလာပါပြီ။

( ၃ ) ပြည်သူ အချင်းချင်း ကူညီရကောင်းမှန်း သိသွားကြတယ်။

ဆီဈေး ဒေါ်လာဈေးနဲ့ ရွှေဈေး တက်အောင်လုပ်ပေးလိုက်ပါတယ်။ အဲဒီမှာ စီးပွားရေး ဖရိုဖရဲတွေဖြစ်ပြီး အလုပ်အကိုင်မရှိ ဝင်ငွေမရှိသူ လူတန်းစားတွေ အမြောက်အများပေါ်ထွက်လာပါတယ်။ ကူညီပေးမယ့် ပရဟိတ အဖွဲ့အစည်းတွေကိုဖမ်းဆီး ထောင်ချလိုက်တော့ ပြည်သူတွေအတွက် ငတ်မွတ်ခေါင်းပါးခြင်း ဆိုတဲ့ ကပ်ဘေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ရာမှာ ပြည်သူအချင်းချင်း ကူညီရမယ်ဆိုတဲ့ စိတ်ဓါတ် စတင်နိုးကြားလာကြပါတယ်။

အခု ငါးရာတန် အဝစား ထမင်းဆိုင်တွေဟာတပ်မတော်ကြီး အာဏာသိမ်းပြီးမှ စတင်ဖြစ်ပေါ်လာတဲ့ အသီးပွင့်များဖြစ်ပါတယ်။

အရင်က ငါချမ်းသာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ပြည်သူတွေဟာ အခုဆို ငါတို့အချင်းချင်း ဘယ်လို ကူညီရမလဲ ဆိုတဲ့ အတွေးအမြင်အဖြစ် စတင် ပြောင်းလဲနေပါပြီ။

ပြည်သူမှာ ပြည်သူပဲရှိတယ် ဆိုတဲ့ သမိုင်းဝင် စကားဟာ တပ်မတော် အာဏာသိမ်းပြီးမှ ပေါ်လာတဲ့ ချစ်စရာစကားလေး အဖြစ် မှတ်တမ်းတင်ရတော့မှာ ဖြစ်ပါတယ်။

( ၄ ) တောင်တန်း ပြည်မ ချစ်ကြည်မှု ရသွားတယ်။

ဖေဝေါရီလ ၁ ရက်နေ့ မတိုင်ခင်အထိ တောင်တန်ပြည်မ ချစ်ကြည်ဖို့နေနေသာသာ အလကားနေရင်းတောင် ရန်ကုန်နဲ့ မန္တလေး ရန်ဖြစ်လိုဖြစ်၊ တောသားနဲ့ မြို့သား ရန်ဖြစ်လိုဖြစ်နဲ့ တိုင်းပြည်မှာ စည်းလုံးမှု ပျက်ပြားနေခဲ့တာပါ။

အားလုံးသိတဲ့ အတိုင်း တောင်တန်း ပြည်မ ချစ်ကြည်ရင်းနှီးမှုဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်မက်တစ်ခုဖြစ်ပြီး နှစ်ခြောက်ဆယ်အတွင်း ဘယ်သူမှ မလုပ်နိုင်သေးတဲ့ ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။

တိုင်းရင်းသားတွေဟာ ဗမာကို မုန်းပါတယ်။ စစ်တပ်က မုဒိန်းကျင့်ပစ္စည်းလု ရွာမီးရှို့တာ ငါတို့ တိုင်းရင်းသားတွေပဲ ခံနေရတာ။ မင်းတို့ ဗမာတွေက အခွင့်ထူးခံတွေ လို့ တိုင်းရင်းသားတွေက ခံယူထားကြပါတယ်။

အာဏာသိမ်းပြီးနောက် တပ်မတော်ဟာ မြေပြန့် တောင်ပေါ် မခွဲခြား အားလုံးတန်းတူ ဖြစ်ရမယ်ဆိုပြီး မြို့တွေပေါ်မှာပါ ပစ္စည်းလု လူသတ် မုဒိန်းကျင့် လုပ်ပြတဲ့အခါမှာတော့ တိုင်းရင်းသားတွေလည်း အမြင်စပြောင်းသွားကြပါတယ်။

တိုင်းရင်းသားပဲဖြစ်ဖြစ် ဗမာပဲဖြစ်ဖြစ် ငါတို့ဟာ အတူတူပါလားဆိုပြီး ချစ်ကြည်ရေး စတင်အသက်ဝင်စပြုလာပြီးဖြစ်ပါတယ်။

ထပ်ပြီး ဂုဏ်ဖေါ်ပြောရရင် တိုင်းရင်းသားဗမာ ချစ်ကြည်မှုဟာ နှစ်ခြောက်ဆယ်အတွင်း ဘယ်သူမှ မလုပ်နိုင်သေးတဲ့ ပြဿနာ ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်ဟာ သမိုင်းမှတ်တမ်း ရေးထိုးသူ ဖြစ်လာပါတယ်။

( ၅ ) တပ်မတော်နဲ့ပတ်သက်ပြီး အမှန်ကို မြင်အောင်ပြပေးနိုင်ခဲ့တယ်။

အရင်က ပြည်သူတစ်ရပ်လုံး သိထားကြတဲ့ မြဝတီမှာ ထုတ်လွှင့်ပြသနေကြ တပ်မတော်နဲ့ လက်တွေ မြေပြင်က သရုပ်ဆောင်နေတာမဟုတ်တဲ့တပ်မတော်ကို ကွဲကွဲပြားပြား မြင်စေခဲ့ပါတယ်။

အခုဆို တပ်မတော်ရဲ့ စိတ်ရင်း အမှန်ကိုပြည်သူတရပ်လုံးက သိရှိနားလည်သွားခဲ့ပြီမို့ အာဏာသိမ်းပြီးကတည်းက စစ်မှုထမ်းဟောင်း ဒုက္ခိတ အငြိမ်းစားတွေဟာ ပြည်သူကြားမှာ စာအုပ်လိုက်ရောင်းစရာ မလိုတော့ပါဘူး။ လာလည်းမရောင်းကြတော့ပါဘူး။

လက်ရှိမှာ သေနတ်ကိုင်ထားတဲ့စစ်သားတွေတောင် တပ်မတော်ကို အမှန်တကယ်နားလည်သွားကြတဲ့ ပြည်သူကြားမှာ သဲအိပ်အကာအကွယ်နဲ့ နေနေရပြီမို့ သေနတ်မပါတဲ့ စစ်မှုထမ်းဟောင်း အငြိမ်းစား စာအုပ်ရောင်းသူများဟာ တင့်ကားအကူအညီနဲ့ စစ်ကြောင်းက လုံခြုံရေးယူပေးပြီး လိုက်ရောင်းမှသာ အဆင်ပြေတော့မှာ ဖြစ်ပါတယ်။

ဒီ ၁၀လ အတွင်းမှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ စီမံခန့်ခွဲမှုကနေ ကျွန်တော်တို့ ပညာတွေ အများကြီး ရခဲ့သလို အများကြီး သင်ယူနိုင်ခဲ့ကြပါတယ်။ အနာဂါတ် တပ်မတော်ကို ဘယ်လို တည်ဆောက်ရမယ်ဆိုတာကို သိမြင်ခဲ့ကြပါတယ်။

ဒီ ၁၀လ အတွင်းမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဟာသ အမြင်ရှိတဲ့ ရွှင်မြူးဖွယ်စကားတွေကနေ ကျွန်တော်တို့ ရယ်မောနိုင်ခဲ့ကြပါတယ်။ ပျော်ရွှင်နိုင်ခဲ့ကြပါတယ်။ တန်ဖိုးရှိတဲ့သူတွေကို ပို သိမြင်နားလည်ပေးနိုင်ခဲ့ပါတယ်။ တကယ် အနစ်နာခံတဲ့သူတွေကို မြင်သာနိုင်ခဲ့ပါတယ်။

ဒီ ၁၀ လ အတွင်းမှာ ကျွန်တော်တို့ ပိုအရွယ်ရောက်လာခဲ့ကြပါတယ်။ ပိုရင့်ကျက်လာခဲ့ကြပါတယ်။

ဖရဲသီးရေးထားတာလေးသဘောကျလို့ ပြန်တင်ပေးတာ

ဖရဲသီးတွေလည်း အမြင်မှန်ရလာပြီ 😁

DM CT