ဗဟုသုတ

သက်သက်လွတ်စားတိုင်း ကုသိုလ်ရပါသလား

သက်သက်လွတ် စားခြင်း နှင့် ကုသိုလ်စိတ်

သက်သက်လွတ် စားခြင်းဟာ ကုသိုလ်ဖြစ်ကျင့်စဉ်တစ်ခု မဟုတ်သလို အကုသိုလ်လည်း မဟုတ်ပါဘူး။ကုသိုလ်ဖြစ်ခြင်း၊မဖြစ်ခြင်းကစားတဲ့ အစားအသောက်အပေါ်မှာ မူတည်နေတာမဟုတ်ဘဲ စားတဲ့အချိန်မှာ ထားရှိတဲ့ စိတ်ထားပေါ်ပဲ မူတည်ပါတယ်။ နှလုံးသွင်းတဲ့စိတ်သာလျှင် ကုသိုလ်ဖြစ်ခြင်း၊အကုသိုလ်ဖြစ်ခြင်းကို အဆုံးအဖြတ်ပေးပါတယ်။

ဒါကြောင့် သက်သက်လွတ်စားတဲ့ သူတစ်ယောက်ကို အသီးအရွက်တွေ စားနေရုံနဲ့ ကုသိုလ် ရနေတယ်လို့ ပြောလို့ မရသလို အသားစားတဲ့ သူတစ်ယောက်ကိုလည်း အသားစားနေလို့ ဆိုပြီး အကုသိုလ်ဖြစ်တယ်လို့ ပြောလို့ မရပါဘူး။မြတ်စွာဘုရားရှင်က ဗြဟ္မဇာလ သုတ္တန်မှာ ‘အဘူတံ အဘူတ တော နိဗေ္ဗဌေတဗ္ဗံ – မမွန္တာကို မမှန်ဘူးလို့ ဖြေရှင်းပြရမယ်’လို့ မိန့်ကြားတော် မူထားပါတယ်။

ဘုရား တရား သံဃာ ရတနာသုံးပါးနဲ့ပတ်သက်တဲ့ မဟုတ်မမှန်တာတွေကို ‘ဘာကြောင့် မဟုတ်ဘူး၊ဘာကြောင့် မမှန်ဘူး’လို့အကြောင်းအကျိုး ခိုင်လုံစွာ ဖြေရှင်းပြရမယ် တဲ့။ သည်းခံတာပဲ ကောင်းပါတယ် ဆိုပြီး နှုတ်ဆိတ်ငြိမ်တိတ်မနေရဘူး တဲ့။ အဲဒီလိုဘာမှ ပြန်ဖြေရှင်းမပြဘဲ နှုတ်ပိတ်နေတာဟာလည်း သည်းခံခြင်းအစစ် မဟုတ်ပါဘူး တဲ့။

သက်သက်လွတ်စားတဲ့ အလုပ်ဟာကုသိုလ်အလုပ်ပဲ၊ သက်သက် လွတ်စားရင် ကုသိုလ်ရတယ်လို့ ယူဆရင် အဲဒီအယူအဆဟာ မိစ္ဆာဒိဋ္ဌိ (မှားယွင်းတဲ့အမြင်) ပါပဲ။ ဘာလို့လဲဆိုတော့ သက် သက်လွတ် စားရုံသက်သက်နဲ့ ကုသိုလ်မရနိုင်လို့ပါ။ သက်သက် လွတ် အစားအစာကစားသုံးသူကို အလိုအလျောက် ကုသိုလ်မပေးနိုင်လို့ပါ။

ဟင်း ဟင်း၊ ငါမို့လို့ သက်သက်လွတ် စားနိုင်တာ၊ ဟိုကောင်တွေ၊ ဟိုကောင်မတွေငါ့လိုသက်သက်လွတ်စားနိုင်တာမဟုတ်ဘူးဆိုရင်သက်သက်လွတ်စားရင်း မာနကိလေသာနဲ့အကုသိုလ်စိတ်တွေ ဖြစ်နေပါတယ်။သက်သက်လွတ် စားမှမေတ္တာသမား၊သက်သက်လွတ်စားတာကုသိုလ်ရတယ်၊ငါတော့ဒီနေ့ သက်သက် လွတ်စားလို့ ကုသိုလ်တွေ တော်တော်ရသွားပြီ ဆိုရင် သက်သက်လွတ်စားရင်း ဒိဋ္ဌိကိလေသာနဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေပါတယ်။

အသီးအရွက်တွေစားရုံနဲ့ ကုသိုလ်ဖြစ်အောင် ဖန်တီးပေးနိုင်စွမ်း မရှိတာကို ကုသိုလ်ဖြစ်နေတယ်လို့မှားယွင်းပြီး အမှားကို အမှန် ထင်မှတ်နေတဲ့အတွက် ဒိဋ္ဌိကိလေသာ ဖြစ်သွားတာပါ။အမှန်တကယ်တော့သတ္တဝါတွေမသေခင်ကတည်းကကိုယ့်ကြောင့်မို့လို့ သူ့ခမျာမသေရအောင်၊သို့မဟုတ် သူများတကာတွေက သူတို့လေးတွေကို မသတ်ဖြစ်အောင် မေတ္တာတရားနဲ့ယှဉ်ပြီးသူတို့လေးတွေရဲ့အသက်ကိုစောင့်ရှောက်ကူညီပေးတာကမှသူတပါးရဲ့အသက်တစ်ချောင်းကို တကယ်ကူညီရာ ရောက်တာပါ။

ပြီးတော့ ကိုယ့်ကြောင့် ကိုယ်စားဖို့ သတ်ပေးတာမဟုတ်ရင်၊ ကိုယ္က လက်ညှိုးထိုးပြီးစားဖို့အတွက်သတ်ခိုင်းတာ မဟုတ်ရင်၊ကိုယ့်ကြောင့်ကိုယ်စားတော့မယ့် သတ္တဝါတစ်ကောင် အသတ္ခံရတာ၊ သေသွားရတာလို့ သံသယဖြစ်စရာ လုံး၀မရှိရင် အကု သိုလ် မဖြစ်ပါဘူး။

အဲဒီအချက်သုံးချက်နဲ့ ကင်းလွတ်ရင် ပါဏာတိပါတာကံမထိုက်သလိုအဲဒီအသားကိုစားဖို့လည်းသင့်လျော်ပါတယ်။သတ္တဝါတစ်ကောင်မသေခင်မှာကတည်းက မသေအောင် သူ့အသက်ကို စောင့်ရှောက်ပေးရမယ့်အစား ကိုယ့်ကြောင့် သေခဲ့တာမဟုတ်ဘဲ ကိုယ်စတွေ့ကတည်းက သေနေပြီးသား ဖြစ်နေတဲ့၊ အသက်မရှိတော့တဲ့ အရာ၀တ္ထုတစ်ခုသက်သက်မျှသာ ဖြစ်နေပြီဖြစ်တဲ့၊ သေပြီးသားအသားတုံးကြီးတွေကို သနားလွန်းလို့၊ မေတ္တာသက်၀င် လွန်းလို့ပါဆိုပြီး မစားဘူးဆိုတာကေတာ့ အစွန်းရောက်သွားပါလိမ့်မယ်။

ဘုရားရဲ့လမ်းစဉ်က မဇ္ဇိမပဋိပဒါ လို့ခေါ်တဲ့ အလယ်အလတ်လမ်းစဉ်ပါ။ သန့်လွန်းပါတယ်၊အသက်လွတ်လွန်းပါတယ်လို့ထင်နေတဲ့အသီးအရွက်တွေမှာလည်း စိုက်စဉ်တုန်းက ပိုးသတ် ဆေးဖြန်းလို့ သေခဲ့ရတဲ့ ပိုးကောင်မျိုးစုံတွေ၊ ရိတ်သိမ်းချိန်မှာ ထိခိုက်သတ်ဖြတ်မိတဲ့ အပင်စားတဲ့ အကောင်လေးတွေလည်း အသီးအရွက်စားလိုတဲ့ သက်သက်လွတ် ၀ယ်လိုအားကြောင့် သေခဲ့ရတာပါပဲ။

အစားအ‌သောက်ကိုသာ ရွေးပြီး သက်သက်လွတ်စားနေပေမယ့် သတ္တဝါတွေကရတဲ့ သားရေလက်ကိုင်အိတ်၊ သားရေနဲ့ပြုလုပ်တဲ့ ပရိဘောဂပစ္စည်းတွေနဲ့ တိရစ္ဆာန်အမွေးအတောင် တွေကရတဲ့ အခြားလူသုံးကုန် ပစ္စည်းမျိုးစုံတွေကိုလည်း အားပါးတရ ၀ယ်ယူသုံးစွဲနေကြတာပဲ မဟုတ်ပါလား။

ဟိုးခေတ်က အယူသီးကြတဲ့ အိန္ဒိယက မျိုးနွယ်တွေဆိုရင် သူတို့မြေပေါ်မှာ ခြေချနင်းလိုက်ရင် မြေကြီးပေါ်မှာရှိတဲ့ ပုရွက်ဆိတ်နဲ့အခြားသတ္တဝါလေးတွေ သေကုန်မှာစိုးလို့ သူတို့အခိုင်းအစေတွေကို သူတို့လမ်းမလျှောက်မီ တံမြက်စည်းတစ်ချက်ချင်းလှည်းပြီးမှ လမ်းလျှောက်ကြသလိုမျိုး အယူ သီးလွန်းတဲ့ အဖြစ်တွေနဲ့ တူကုန်မှာပေါ့နော်။

ကုသိုလ်ရတယ်အထင်နဲ့ သက်သက်လွတ် စားနေသူတွေကို မိုးကုတ်ဆရာတော်ဘုရားကြီးက ‘အတော်၀ဋ်ကြီးတဲ့သူတွေပဲ’ လို့ကရုဏာသက်တော်မူခဲ့ဖူးသလို ဓမ္မဒူတဆရာတော်ကြီးကလည်း ‘၀ဋ်ကြွေးရှိလို့ အငတ်ခံနေကြရတာ’ လို့သနား တော် မူခဲ့ဖူးပါတယ်။ သက်သက်လွတ် စားသူတိုင်းကိုရည်ရွယ်ပြီး မိန့်တော်မူကြတာ မဟုတ်ပါဘူး။ ကုသိုလ်ရတယ်အထင်၊ ကံကောင်းလိမ့်မယ်အထင်နဲ့ သက်သက်လွတ်စားနေကြသူတွေကိုသာ ရည်ရွယ်ပြီး မိန့်တော်မူကြတာပါ။

တစ်ခေတ်တစ်ခါတုန်းက ရဟန္တာလို့ ထင်ရှားကျော်ကြားခဲ့တဲ့ ဘုန်းတော်ကြီး ဦးသီလ ဟာ သက်သက်လွတ်ဘုဉ်းပေးတဲ့ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်။ ဘုန်းတော်ကြီးနဲ့ အတူနေပြီး ဘုန်းတော်ကြီးလိုပဲ သက်သက်လွတ်စားပါမယ်လို့ လျှောက်ထားလာတဲ့ ရဟန်းတော်တစ်ပါးကို ဆရာတော်ကြီးက“တို့များ သက် သက်လွတ် စားနေတာကို ကုသိုလ်ဖြစ် ကျင့်နေတယ်လို့များ မထင်လိုက်ပါနဲ့ကွယ်၊ သွားနာသက်သာလို့ စားနေတာပါ”လို့ ရိုးရိုးရှင်းရှင်း မိန့်ကြားတော် မူခဲ့ဖူးပါတယ်။

သက်သက်လွတ်စားခြင်းကို ကုသိုလ်ကျင့်စဉ်တစ်ခု၊သူတော် ကောင်းကျင့်စဉ်တစ်ခုလို့ မှားယွင်းစွာ ထင်မှတ်ယူဆသွားမှာစိုးလို့ဆရာတော်ကြီးကပွင့်ပွင့်လင်းလင်း မိန့်ကြားတော်မူလိုက်တာပါ။ အသားငါး စားရုံနဲ့ အကုသိုလ်ဖြစ်တယ်လို့ ယူဆရင် မြတ်စွာဘုရားရှင်ကိုလည်း အကုသိုလ်စိတ် ဖြစ်သေးတယ်လို့ စွပ်စွဲရာ ရောက်ပါတယ်။ ဘာလို့လဲဆိုတော့ မြတ်စွာဘုရားရှင်က အသားငါးကို ဘုဉ်းပေးတော်မူလို့ပါပဲ။

သက်သက်လွတ် စားရုံသက်သက်နဲ့ ကုသိုလ်မရနိုင်တဲ့အတွက် အရှင်ဒေ၀ဒတ်ရဲ့ “ရဟန်းတော်တိုင်း သက်သက် လွတ်စားရန်” ပညတ်ပေးဖို့ အဆိုပြုချက်ကို မြတ်စွာဘုရားရှင်က ‘ဗီတို အာဏာ’ ထက် အဆပေါင်းများစွာ သြဇာကြီးတဲ့ ‘ဗုဒ္ဓအာဏာ’ နဲ့ ပြတ်ပြတ်သားသား ပယ်ချတော်မူခဲ့ပါတယ်”။

အရှင်ဆန္ဒာဓိက ရေးသားတော်မူသော “သက် သက်လွတ် နှင့် ကုသိုလ်စိတ်” စာအုပ်လေးမှ ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။

Credit