Uncategorized

ဖလူးဒေသမှာရှိတဲ့ DKBA ဗိုလ်စလုံး စခန်းက ပစ်ချခဲ့မှုကြောင့် ထိခိုက်ခဲ့တဲ့ စစ်အုပ်ရဲ့ ရဟတ်ယာဉ်
#DKBA
ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် လေးကေ့ကော်မြို့အနီး ဖလူးဒေသမှာရှိတဲ့ DKBA ဗိုလ်စလုံး စခန်းကို အကြမ်းဖက်စစ်အုပ်စုက ရဟတ်ယာဉ်တွေနဲ့ပါ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်စဉ်မှာ စစ်အုပ်စုရဲ့ ရဟတ်ယာဉ်တစ်စီးကိုလည်း လက်နက်ကြီးထိမှန်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၁၄ရက်နေ့ မနက် ၁၁နာရီခန့်ကာ စတင်ပြီး အကြမ်းဖက်စစ်အုပ်စုက ဗိုလ်စလုံးရဲ့ စခန်းကို သာလွန်လက်နက်အင်အားနဲ့ စစ်ကြောင်းထိုး ပစ်ခဲ့တာပါ။
နေ့လည် ၁၂နာရီခန့်က စတင်ပြီး ရဟတ်ယာဉ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်စဉ်မှာ ဗိုလ်စလုံးရဲ့ စခန်းကနေပြီးတော့ ရဟတ်ယာဉ်တစ်စီးကို ထိမှန်အောင် ပြန်လည်ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးထိမှန်ခဲ့ပေမဲ့ ရဟတ်ယာဉ်ပျက်တဲ့အထိ မဖြစ်ပွားခဲ့ဘူးလို့ ရုပ်သံမှတ်တမ်းတွေအရ သိရပါတယ်။
သာလွန်လက်နက်အင်အားတွေနဲ့ လေယာဉ်တွေပါ အသုံးပြုပြီးတိုက်ခိုက်ခဲ့တာကြောင့် မွန်းလွဲ ၂နာရီခန့်မှာ စခန်းကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
လေးကေကော်မြို့သစ်အတွင်း တိုက်ပွဲတွေ စတင်ဖြစ်ပွားချိန်က စတင်ပြီးတော့ DKBA ဗိုလ်စလုံး စခန်းမှာ စစ်ဘေးရှောင်တွေ ထောင်နဲ့ချီပြီးတော့ ရှောင်တိမ်းနေရပြီး အခုတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေဟာ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်ကာ ထပ်မံရှောင်တိမ်းခဲ့ပြန်ပါတယ်။