ဗဟုသုတ

“ကောက်ရိုးမှို စိုက်ပျိုးရာတွင် ကြုံတွေ့ရသော အခက်အခဲများ နှင့် ဖြေရှင်းနိုင်မယ့် နည်းလမ်းများ”

မှိုစိုက်ပျိုးထုတ်လုပ်ရာတွင် မှိုမျိုး (SPAWN)၊ပွားစာ သို့မဟုတ် မှိုစိုက်ရန် အသုံးပြုသည့်ကုန်ကြမ်း (SUBSTRATE)နှင့် ပတ်ဝန်းကျင် (ENVIROMENT)တို့သည် အဓိကအရေးပါသောအချက်များ ဖြစ်သည်။

အဆိုပါအချက်သုံးချက်အနက် တစ်ခုခုချို့ယွင်းပါက စိုက်ပျိုးထုတ်လုပ်မှု မအောင်မြင်နိုင်ပါ။ စိုက်ပျိုးရာတွင် ကြုံတွေ့ရသော ပြဿနာများမှာလည်း မျိုးမမှန်ခြင်း၊ အသုံးပြုသည့် ကုန်ကြမ်းအရည်အသွေး မမှန်ခြင်း၊

ပတ်ဝန်းကျင်ကို စိုက်ပျိုးထုတ်လုပ်မှုအဆင့်ဆင့်တွင် လိုအပ်သလို ပြုပြင်ထိန်းသိမ်းနိုင်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်သည်။

(၁) မှိုမျှင် (mycellium)မဆင်းခြင်း

(က) မှိုမျိုးမသန်စွမ်းလျှင် ဖြစ်တတ်သည်။မျိုးဆင့်ပွားကူးခြင်း (SUB-CULTURE) ကို မျိုးဆက် (GENERATION)ခုနစ်ဆက်ကျော်လျှင် မသန်စွမ်းတော့ပါ။ သို့ပါ၍ သန်စွမ်းသောမျိုးပါသည့် မှိုမျိုးထုပ်များကိုသာ အသုံးပြုပါ။

(ခ) အသုံးပြုသည့် ရိုးပြတ်သည် နေမိုးဒဏ် ခံထားရပြီး ကြာရှည်သိုလှောင်ထားသဖြင့် အာဟာရကုန်ခန်းနေတတ်သည်။ထို့ကြောင့် မှိုမျှင်မဆင်းနိုင်ပါ။ သန့်ရှင်းလတ်ဆတ်သော ရိုးပြတ်ကိုသာ အသုံးပြုသင့်သည်။

(ဂ) မှိုအကြိမ်ကြိမ်စိုက်ဖူးသော နေရာတွင် ပိုးမွှားရောဂါမျိုးစုံ ကျရောက်တတ်သဖြင့် မှိုမျှင်များကို ဖျက်ဆီးနိုင်သည်။

နေရာဟောင်းတွင် မှိုထပ်စိုက်မည်ဆိုပါကမစိုက်မီ မြေပြင်ကို ကောက်ရိုးခြောက်ပါးပါးခင်းပြီး မီးရှို့ပစ်ပါ။ သို့မဟုတ် ထုံးပါးပါးဖြူးပြီးမှ စိုက်ပါ။

(ဃ) ကောက်ရိုးပုံအတွင်း အပူချိန်နိမ့်လွန်းလျှင်လည်း မှိုမျှင်မဆင်းပါ။ လုံလောက်သော အပူဓာတ်ရနိုင်ရန် ပလတ်စတစ်အုပ်ခြင်း၊ ကောက်ရိုးထူထူအုပ်ခြင်းတို့ ပြုလုပ်ပေးပါ။

(၂) မှိုသန္ဓေခဲ မဖြစ်ပေါ်ခြင်း

(က) SUBSTRATE ကုန်ကြမ်းတွင်အာဟာရမပြည့်ဝခြင်း၊ မှိုပုံသိပ်သည်းလွန်းခြင်း၊ အစိုဓာတ်များလွန်းခြင်းတို့ကြောင့်မှိုမျှင်ဆင်းသော်လည်း မှိုသန္ဓေခဲများ ဖြစ်မလာနိုင်ပါ။

ထို့ပြင် အသုံးပြုသည့်မှိုမျိုးသားဆက်များခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

(ခ) အလင်းရောင်မလုံလောက်ခြင်း၊အပူချိန်မြင့်လွန်းခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။ အပူရှိန်လျှော့ရန် လေဝင်လေထွက်ကောင်းရန် ပြုလုပ်ပေးပါ။

(၃) အဖြူရောင်မှိုငုံလေးများ အရောင်ညိုမည်းသွားခြင်း

မှိုစိုက်ပြီး သုံး-လေး ရက်အကြာတွင်အဖြူရောင်မှိုမျှင်များ ပြည့်လာပြီး အဖြူရောင် အလုံးလေးများ ဖြစ်လာကာ နှစ်-သုံးရက်အတွင်း အရောင်ပြောင်းပြီး ညိုမည်းလာခြင်းသည် ကောက်ရိုးမှို မှိုမျှင်မဟုတ်ပါ။

ရိုးပြတ်များအတွင်းမှ ပါလာသော စပါးရောဂါတစ်မျိုးကြောင့် ဖြစ်သည်။ ဆွဲနုတ်ရိုးပြတ်များတွင် တွေ့ရတတ်သည်။ အစိုဓာတ်များလွန်းခြင်း၊ အပူရှိန်ပြင်းလွန်းခြင်းကြောင့်လည်း ဖြစ်တတ်သည်။

(၄) မျိုးသန္ဓေခဲများ ပြွတ်သိပ်ကျပ်ခဲပြီး မှိုအရွယ်အစားကြီးထွားမှု မရှိခြင်း

(က) မှိုငုံမှိုဥအတွင်း အာဟာရဓာတ်နည်းပါးလျှင် ဖြစ်တတ်သည်။ အသုံးပြု သည့်ကောက်ရိုးသည် နွားနင်းကောက်ရိုး၊ရိုက်တုံးများ၊

ခြွေစက်ဖြင့် ခြွေထားသောကောက်ရိုးများဖြစ်ပါက ဤပြဿနာကြုံတွေ့နိုင်သည်။ အာဟာရပြည့်စုံရန် ဖြည့်စွက်စာများကို တွဲဖက်အသုံးပြုရမည်။

(ခ) ရိုးပြတ်များကို ရေစိမ်လွန်ပြီးမှိုစိုက်ပုံ သိပ်သည်းကျစ်လျစ်လွန်းလျှင်လည်း အတွင်းပိုင်း၌ ပုပ်ရိနေတတ်သည်။မျိုးအတွက် လုံလောက်သောအာဟာရ မရနိုင်ပါ။

(ဂ) ရိုးပြတ်ရေမဝဘဲ အပုံသိပ်သည်းမှုနည်းလွန်းလျှင်လည်း ဖြစ်တတ်သည်။ (ရိုးပြတ်ရေစိမ်ရာတွင် ရေမဝခြင်း၊ ရေအဝလွန်ခြင်း မဖြစ်စေရ၊ စိုက်ပုံသည်လည်း သိပ်သည်းလွန်းခြင်း၊ ပွလွန်းခြင်း မဖြစ်စေရပါ)

(၅) မှိုငုံပေါ်တွင် မှိုတက်နေခြင်း

မှိုသန္ဓေခဲချိန်တွင် အပူရှိန်မြင့်လွန်းပါက ဖြစ်တတ်သည်။ နွေရာသီတွင် အဖြစ်များသည်။ ပလတ်စတစ်စကို လှပ်ပေးခြင်းဖြင့် အပူရှိန်လျှော့ပေးရမည်။

(၆) မှိုမျှင်ကြီးထွားမှုအားကောင်းပြီးမှိုထွက်မည့်လက္ခဏာများ တွေ့ရသော်လည်း မှိုဆက်လက်မဖွံ့ဖြိုးခြင်း၊ ရာသီပူလွန်းခြင်း၊

အေးလွန်းခြင်း၊နေ့၊ ည အပူချိန်ကွာခြားမှု ၁၀ ဒီဂရီခန့်ရှိခြင်း၊ မှိုပုံခြောက်သွေ့လွန်းခြင်းတို့ကြောင့်ဖြစ်တတ်သည်။

(၇) မှိုငုံများ ပုပ်ရိခြင်း၊ အရောင်ညိုမည်းသွားခြင်း၊ အနံ့ဆိုးများ ထွက်ခြင်း

(က) မှိုသန္ဓေခဲချိန် ရောဂါတစ်မျိုးမျိုးကျရောက်ခြင်းကြောင့် ဖြစ်နိုင်သည်။ ပုပ်ရိနေသောမှိုများကို ဖယ်ရှားပြီး ထုံးရည် (ထုံးကို ရေတစ်ဂါလန် ငါးဇွန်းနှုန်း) ပက်ဖျန်းပေးပါ။

ဆက်လက်ဖြစ်ပေါ်နေပါက မှိုပုံကိုဖျက်မီးရှို့ပြီး ရောဂါထပ်မံမကျရောက်စေရန် စီမံရမည်။

(ခ) မှိုခူးရာတွင် ဖဲ့ခူးခြင်း၊ ရွေးခူးခြင်းတို့ကြောင့် အနီးအနားရှိ မျိုးငုံများ ထိခိုက်ပြီး ရောဂါဝင်ကာ ရိပုပ်လာခြင်းဖြစ်သည်။

(ဂ) တစ်နေရာတည်းတွင် ကြိမ်ဖန်များစွာ စိုက်ပျိုးခြင်းကြောင့်လည်း ဤပြဿနာမျိုး ဖြစ်တတ်သည်။ မှိုတစ်ကြိမ်စိုက်ပြီးတိုင်း ရောဂါကာကွယ်နိုင်ရေး အစီအမံများ ပြုလုပ်ပေးသင့်သည်။

နေရာဟောင်းကို ခေတ္တအနားပေးပြီး နေရာရွှေ့စိုက်သင့်သည်။

(၈) မှိုငုံများပိန်လှီခြင်း၊ အမျှင်အထွေးကဲ့သို့ ဖြစ်နေခြင်း

လေဝင်လေထွက် မလုံလောက်၊ မမျှတခြင်း၊ အပူရှိန်မြင့်လွန်းခြင်း၊ သားဆက်များလွန်းသော မျိုးထုပ်အသုံးပြုခြင်းတို့ကြောင့် ဖြစ်တတ်သည်။

(၉) မှိုငုံမည်းလွန်းခြင်း

မျိုးရိုးဗီဇလိုက်ပြီး အမည်းရောင်ကောက်ရိုးမှိုမျိုးရှိသည်။ အရောင်ဖျော့သောမှိုမျိုးသည် လိုအပ်သည်ထက် ပိုမည်းနေပါက အလင်းရောင်ကျရောက်မှုများခြင်း၊ လေတိုက်ခံရမှုများခြင်းတို့ကြောင့် ဖြစ်နိုင်သည်။

(၁၀) အစုလိုက်အပြုံလိုက် မှိုထွက်ပြီး အပွင့်သေးခြင်းမျိုးရိုးဗီဇကြောင့် ဖြစ်တတ်သည့်အရွယ်အစားကြီးသော မှိုမျိုးဖြစ်လင့်ကစားစုပြုံထွက်၍ အပွင့်သေးငယ်တတ်သည်။

(၁၁) မှိုငုံအလေးချိန်ပေါ့ခြင်း

အဖြူရောင် ကောက်ရိုးမှိုမျိုးသည် အမည်းရောင်မျိုးထက် အလေးချိန်ပေါ့သည်။ မျိုးဗီဇနှင့်ဆိုင်သည်။ မှိုပုံခြောက်သွေ့ခြင်း၊ အစိုဓာတ်မလုံလောက်ခြင်း၊ ပလတ်စတစ်ကို မှိုထွက်စအချိန် အလုံအုပ်ထားခြင်းတို့ကြောင့် ဖြစ်သည်။

(၁၂) မှိုစောစောပွင့်ခြင်း

ဖြည့်စွက်စာများများ အသုံးပြုခြင်းကြောင့် ဖြစ်တတ်သည်။ အပူရှိန်မြင့်လွန်းခြင်း၊ အသုံးပြုသည့်မှိုမျိုး အားနည်းခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။

(၁၃) မှိုပုံဘေးပတ်လည် မြေပေါ်တွင် မှိုထွက်ခြင်း

မှိုစိုက်ပျိုးသော မြေသည် သဘာဝမြေသြဇာပေါ<ကယ်ဝခြင်း၊ မှိုကြိုက်သောအာဟာရရရှိနေခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ (၁၄) မှိုပုံပေါ်တွင် အဖြူရောင်မှိုမျှင်များ ဖုံးအုပ်ခြင်း ဤပြဿနာကြောင့် စီးပွားဖြစ်စိုက်ပျိုးသူအချို့ ဆုံးရှုံးမှုများ ရှိခဲ့သည်။ ရောဂါကြောင့်ဖြစ်သည်။ အပုံဟောင်းများကြောင့်ရောဂါကူးစက်ခြင်းဖြစ်သည်။ မှိုပုံတစ်ခုလုံး အဖြူရောင်အမျှင်များ ဖုံးလွှမ်းသွားသည်အထိ ဖြစ်တတ်သည်။ အထူးဂရုပြုရန် လိုသည်။ ဖြစ်ခါစတွင် ကောက်ရိုးမှိုမျှင်နှင့်ခွဲခြား၍မရပါ။ တဖြည်းဖြည်း ထူထဲလာပါမှ ကောက်ရိုးမှိုမျှင်မဟုတ်မှန်း သိရသည်။ သံသယဖြစ်ပါက အုန်းလက်တံမြက်စည်းဖြင့်ကုန်စင်အောင် ခြစ်ထုတ်ပစ်ရန်လိုသည်။ ပြီးနောက် ထုံးရည်လောင်းပြီး ပလတ်စတစ်ပြန်အုပ်ပေးပါက နှစ်ရက်၊ သုံးရက်ကြာလျှင် မှိုပြန်ထွက်သည်။ မှိုထွက်မလာပါက ၎င်းရောဂါကျသော အပုံကို ဖယ်ရှားရှင်းလင်းပြီး မြေမြှုပ်ဖျက်ဆီးပါ။ (၁၅) မှိုပုံပေါ်တွင် ခြေတံရှည်မှိုငယ်များထွက်လာခြင်း မှိုစိုက်ပြီး ခုနစ်ရက် - ၁၀ ရက်ခန့်တွင် ရှေ့ပြေးမှိုအဖြစ် အဆိုပါ ရိုးတံရှည်ရှည်မှိုငယ်များ ထွက်လာတတ်သည်။ အရွယ်လွန်ပါက အမည်းရောင်ပြောင်းပြီးရိပုပ်သွားသည်။ အဆိုပါမှိုငယ်များကိုထွက်ခါစမှာပင် နုတ်ပစ်ရမည်။ မနက် ၈ နာရီမှ ၉ နာရီခန့်တွင် မှိုပွင့်ငယ်များထွက်လာတတ်သည်။ အဆိုပါရှေ့ပြေး မှိုငယ်များထွက်ပြီးပါက မကြာမီ ကောက်ရိုးမှိုများ ထွက်လာပါမည်။

မှိုပုံဖျက်သိမ်းခြင်း။

ကောက်ရိုးမှိုတစ်ပုံ၏ သက်တမ်းမှာမှိုအထွက်ပေါ်မူတည်၍ တစ်လခွဲ၊ နှစ်လခန့် ကြာတတ်သည်။ စီးပွားဖြစ်စိုက်သူများအနေဖြင့် သက်တမ်းတိုတိုဖြင့် စီးပွားရေးတွက်ခြေကိုက် အထွက်ရလျှင် မှိုပုံကိုဖျက်ပြီး အသစ်တစ်ဖန် ပြန်စိုက်သင့်သည်။ မှိုပုံသက်တမ်းကုန်သည်အထိ မစောင့်သင့်ပါ။ပုံမှန်အားဖြင့် ကိုးပေအရှည်မှိုပုံမှ ခုနစ်ပိဿာမှ ရှစ်ပိဿာခန့်၊ သုံးပေပတ်လည်မှိုပုံမှ နှစ်ပိဿာခွဲမှ သုံးပိဿာခန့်၊ ဇလားပုံမှ တစ်ပိဿာခန့် ထွက်ရှိပါသည်။

ဆန်စပါးစိုက်ပျိုးသော ဒေသများတွင် စပါးရိတ်ပြီး လယ်နားချိန်၌ ကောက်ရိုးများ အလေအလွင့်မရှိစေဘဲ ကောက်ရိုးမှိုစိုက်ပျိုးကြသည်။

တောင်သူလယ်သမားများအနေဖြင့် အထက်ဖော်ပြပါ နည်းများကို သင့်လျော်သလို အသုံးချစိုက်ပျိုးနိုင်သည်။ တစ်ပိုင်တစ်နိုင်သာမက စီးပွားဖြစ်လည်း စိုက်ပျိုးသင့်သည်။စိုက်ပျိုးစရိတ် ရင်းနှီးမြှုပ်နှံငွေ အနည်းငယ်မျှဖြင့် အချိန်တိုအတွင်း ဝင်ငွေပြန်ပေါ်နိုင်သော စိုက်ပျိုးရေးလုပ်ငန်းဟု ဆိုနိုင်သည်။ တောင်သူများ မှိုမျိုးအတွက်သာ ကုန်ကျစရိတ်ရှိနိုင်ပြီး မိသားစုလုပ်အားဖြင့် စိုက်ပျိုးနိုင်သဖြင့် တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိနိုင်ရုံသာမက အဓိကစီးပွားရေးလုပ်ငန်းတစ်ရပ် အနေဖြင့်လည်းလုပ်ကိုင်သွားနိုင်ပါသည်။

ကောက်ရိုးမှိုစိုက်ပြီး စွန့်ပစ်ကောက်ရိုးများဖြင့် OYSTER MUSHROOM(ငွေမိုး၊ ငွေနှင်း) မှို စိုက်ပျိုးနိုင်ပါသည်။ ငွေနှင်းမှို ငွေမိုးမှိုစိုက်ပြီး ကောက်ရိုးဆွေးများကိုလည်း တိရစ္ဆာန်အစာအဖြစ်လည်းကောင်း၊ သဘာဝမြေသြဇာအနေဖြင့်လည်းကောင်းအသုံးပြုနိုင်ပါသည်။ စပါးပင်ကရသောကောက်ရိုးသည် နောက်ဆုံးစပါးခင်းထဲသို့မြေသြဇာအဖြစ် လေလွင့်ဆုံးရှုံးမှုမရှိဘဲ အဆင့်ဆင့်အကျိုးပြုကာ ပြောင်းလဲရောက်ရှိသွားပါသည်။

Credit :တင်အောင် (ရုက္ခ)