ဗဟုသုတ

သိန်းထောင်ချီတန်တဲ့ သံစားကျောက် ဆိုပြီး စမ်းပြနေတဲ့ လူလိမ်တွေရဲ့ ဂျင်းထည့်တဲ့ အကွက်(ရုပ်သံ)

သံစားကျောက် ဆိုပြီး စမ်းပြနေတဲ့ လူလိမ်တွေရဲ့ ဂျင်းထည့်တဲ့ အကွက်ဆိုတာ ဒီလိုပါ

သိန်းထောင်ချီတန်တဲ့ သံစားကျောက် ဆိုပြီး စမ်းပြနေတဲ့ လူလိမ်တွေရဲ့ ဂျင်းထည့်တဲ့ အကွက်ကို သိရပါပြီ..

မြန်မာပြည် ရေမြေတောတောင်တွေထဲက ထူးခြားဆန်းပြားတဲ့ ပစ္စည်းတွေထဲမှာ သံစားကျောက်လည်း တခု အပါအဝင် ဖြစ်ပါတယ်။

သံစားကျောက်ဆိုတဲ့ ကျောက်တုံးအပေါ်ကို သံတုံး၊ သံချောင်း တခုခု တင်လိုက်တာနဲ့ အချိန်အတိုင်းအတာ တခုအတွင်းမှာ ကျောက်တုံးက သံကို စားသွားတယ်ဆိုရင် သံစားကျောက်လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။

ဒီစာရဲ့ ရည်ရွယ်ချက်က သံစားကျောက် တကယ်ရှိတယ်၊ မရှိဘူးဆိုတာ ငြင်းခုံမှာ မဟုတ်ဘဲ၊ သံစားကျောက် နာမည်တပ်ပြီး လိမ်စားတဲ့ လူလိမ်တွေ အကြောင်း ဖော်ထုတ်ချင်တာပဲ ဖြစ်ပါတယ်။

ပုံမှာ ပြထားတဲ့ ဗီဒီယိုဖိုင်ကို ဖေ့ဘုတ် သုံးတဲ့သူ အတော်များများ မြင်ဖူးကြမှာပါ။ သံချောင်း တချောင်းကို သံစားကျောက်ဆိုတဲ့ ကျောက်တုံးပေါ် တင်လိုက်ပြီး အချိန် ၃ မိနစ်ခန့်အတွင်းမှာ သံချောင်းတချောင်းလုံး အရည်ပျော်သွားတာကို ရိုက်ကူးထားတဲ့ ဗီဒီယို ဖြစ်ပါတယ်။

ဒီဗီဒီယိုထဲမှာ သံချောင်းက တကယ် အရည်ပျော်ကျသွားပါတယ်။ ဒါပေမယ့် သံစားကျောက်က စားပစ်လိုက်လို့ မဟုတ်ပါဘူး။ ရိုးရိုးတွေးကြည့်မယ် ဆိုရင် သံစားကျောက်ပါဆိုမှ သံတချောင်းလုံးကို အစအန မကျန်အောင် စားပစ်လိုက်မှာပေါ့။ ဘာလို့ အရည်ဖျော်နေဦးမှာလဲဗျာ။

ဒါဆို ဘာလို့ သံချောင်းက အရည်ပျော်သွားရတာလဲ။ ကျောက်တုံးကလည်း မီးဖုတ်ထားခြင်း၊ အပူပေးထားခြင်း မရှိဘဲနဲ့ သံချောင်းက သူ့အလိုလို အရည်ပျော်တာ ဖြစ်နိုင်ပါ့မလား စတဲ့ မေးခွန်းတွေ ပေါ်လာပါပြီ။

ဟုတ်ပါတယ်။ သံချောင်းကို အရည်ပျော်အောင် အဓိက လုပ်ထားတာပါ။ သာမန် မျက်လှည့်ပြကွက် ရိုးရိုးလေးလိုပါပဲ။ သံချောင်းကို ဂယ်လီယမ် (Gallium) သတ္တုနဲ့ ပြုလုပ်ထားတာပါ။

ဂယ်လီယမ် သတ္တုအကြောင်း ပြောရရင်တော့ အရှည်ကြီး ဖြစ်တဲ့အတွက် ဒီနေရာမှာ ချန်လှပ်ခဲ့ပါရစေ။ အဓိကကျတဲ့ အချက်ကတော့ အဲဒီဂယ်လီယမ်သတ္တုဟာ အခန်းအပူချိန်ဖြစ်တဲ့ ၂၉ ဒီဂရီစင်တီဂရိတ်မှာ အရည်ပျော်တဲ့ သတ္တုအမျိုးအစား ဖြစ်ပါတယ်။ သိပ္ပံ အသုံးအနှုန်းတွေကို ဖယ်ပြီး ရှင်းရှင်း ပြောရရင် လက်ထဲမှာ ကိုင်ကြည့်ထားရုံနဲ့တင် လက်ပူမိပြီး အရည်ပျော်သွားမယ့် သတ္တုအမျိုးအစားပါ။

လူလိမ်တွေ လိမ်တဲ့ နည်းကတော့ သံချောင်းကို အဲဒီဂယ်လီယမ်သတ္တုတွေနဲ့ မိုလောင်းပြီး လုပ်မယ်။ ပြီးရင် ရေခဲသေတ္တာထဲ ထည့်ထားမယ်။ ပုံစံဆန်းတဲ့ ကျောက်တုံး တတုံးကို သံစားကျောက်ဆိုပြီး ပြမယ်။ ပြီးရင် သူတို့မှာ အသင့်ပါလာတဲ့ ရေခဲစိမ်ထားတဲ့ သံချောင်းတွေကို ကျောက်တုံးပေါ် တင်ပြမယ်။ အရည်ပျော်သွားမယ်။ စစ်ပြီဆိုပြီး ဝယ်မိရင်တော့ ဂျင်းကွက်ထဲ ဝင်သွားပါပြီ။

လက်ပေါ်မှာ အရည်ပျော်နိုင်တာမို့လို့ ဗီဒီယိုအစမှာ လက်အိတ်နဲ့ သံချောင်းကို ကိုင်ထားတာ တွေ့ရပါလိမ့်မယ်။ ပြီးရင်တော့ လူလိမ်တို့ ထုံးစံအတိုင်း ဘယ်သူကတော့ သိန်းဘယ်နှထောင်နဲ့ ဈေးပေးနေပြီ ဘာညာဆိုပြီး အမြန်ဝယ်ခိုင်းပါလိမ့်မယ်။ တချို့ လူလိမ်ကျတော့ စမ်းသပ်ပြခဆိုပြီး သောင်းနဲ့ ချီပြီး တောင်းပါလိမ့်မယ်။

ရုပ်သံကြည့်ရန်

သံစားကျောက်ဆိုတာ တကယ် ရှိချင် ရှိပါလိမ့်မယ်။ သိပ္ပံပညာရှင်တွေက သက်သေ မပြနိုင်သေးလို့ ရှိမရှိ ငြင်းဖို့ မလွယ်သေးပါဘူး။ ဒါပေမယ့် သံစားကျောက် နာမည်သုံးပြီး ဂျင်းထည့်နေတဲ့ လူလိမ်တွေကတော့ ရှိကို ရှိပါတယ်ဆိုတဲ့ အကြောင်း အသိပေးရင် လူလိမ်တွေရဲ့ ဂျင်းကွက် တကွက်ကို ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။