News

“တိုက်ပွဲတွင် သေ…ဆုံးသွားသည့် ရဲနှင့်စစ်သားများ၏ အသုဘစရိတ်အတွက် Non CDM ဝန်ထမ်းများ၏ လစာမှ လစဉ်ငွေဖြတ်ယူနေ”

ရန်ကုန်၊ ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးသွားကြသော ရဲနှင့် စစ်သားများ၏ ကျန်ရစ်သူ မိသားစုများကို ထောက်ပံ့ရန်နှင့်အသုဘစရိတ်အတွက် စစ်ကောင်စီက Non-CDM ဝန်ထမ်းများ၏ လစာမှ လစဉ် ငွေကျပ် ၁၀၀၀ ကျပ် ဖြတ်တောက်လျက်ရှိကြောင်း အကျဉ်းဦးစီးဌာန ဝန်ထမ်းတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ပုံမှန်ငွေကျပ် ၅၀၀ စစ်ကောင်စီက ဝန်ထမ်းများ၏ လစာထဲမှ ဖြတ်တောက် ကြောင်း၊ ယခုအခါ စစ်သားနှင့်ရဲများ အသေများနေသဖြင့် ဝန်ထမ်းများ၏ လစာထဲမှ ၁၀၀၀ ကျပ် တိုးမြှင့်ကောက်ခံလာကြောင်း အဆိုပါ ဝန်ထမ်းက ပြောသည်။

” ကျွန်တော်တို့ ၀န်ထမ်းတွေ လကုန်တိုင်း ဘာမှန်းမသိရဘဲ အလှူငွေထည့်ရတာ ၅၀၀ ကျပ်။ အခုကထပ်တိုးပြီးကောက်ပါတယ်။ တစ်လကို ၁၀၀၀ ကျပ်ဖြတ်ပါတယ်။ အခုမှ ဘာလို့ အလှူငွေဖြတ်လဲဆိုတာသိရပါတယ်။ အသုဘစရိတ်ပါတဲ့။ ရဲနဲ့စစ်သားအသေများလို့ပါတဲ့” ဟု အကျဉ်းဦးစီးဌာန ဝန်ထမ်းက ပြောသည်။

ယခုအခါ နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်များကို ပြည်သူများက ခုခံတွန်းလှန်လျက်ရှိပြီး နေ့စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါး သေဆုံးခြင်းနှင့် လစဉ် ထောင်ချီ၍ သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ တန့်ဆည်တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မိုင်းထိ သေဆုံးခဲ့သော ရဲတစ်ဦး မသာချမှု မြင်ကွင်း။