News

“စစ်ကိုင်းတို်င်းဒေသကြီးအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကို ချေမှုန်းဖို့ အ​နောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးသစ် ခန့်အပ်”

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များအား အပြင်းအထန် ခုခံကာကွယ်နေရသော စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နေရာအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွင် တာဝန်ထမ်းဆောင်ဖူးသူ ဗိုလ်ချုပ်သန်းထိုက် မကြာသေးခင်ရက်ပိုင်းက ခန့်အပ်လိုက်သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဆင်ရေးကွပ်ကဲမှုဌာနတွင် စစ်ဦးစီးအရာရှိ(ပထမတန်း-G1) တာဝန်ထမ်းဆောင်ဖူးသူ ဗိုလ်ချုပ်သန်းထိုက်အား အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ဇန်နဝါရီလ ၆ ရက်နေ့က ခန့်အပ်လိုက်ကြောင်း သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်သည် မုံရွာမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည်။ အဓိက တာဝန်မှာ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ချင်းပြည်နယ်ရှိ ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိက တာဝန်ယူဆောင်ရွက်ရသည်။

မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ အားကောင်းလာနေရာ မြန်မာစစ်တပ်အနေဖြင့် စစ်ဆင်ရေးများ ပြုလုပ်ကာ လေတပ်မှပင် ပစ်ကူပေးပြီး တိုက်ခိုက်နေရသည်။ သို့သော် တူမီးလက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများ သုံးပြီး ခုခံတိုက်ခိုက်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို နှိမ်နင်းနိုင်စွမ်း မရှိပေ။

ထို့ကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ဖြိုးသန့်အား စွမ်းဆောင်ရည် ညံဖျင်းသည်ဟုဆိုကာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ပြီး တိုင်းမှူးသစ်ခန့်လိုက်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ယခု တိုင်းမှူးဖြစ်လာသူ ဗိုလ်ချုပ်သန်းထိုက်သည် စစ်တက္ကသိုလ်အပတ်စဉ် ၃၈ ( DSA -38 ) သင်တန်းဆင်းဖြစ်ပြီး ကချင်ပြည်နယ်တွင် စစ်ဆင်ရေးဝင်ဖူးသလို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အခြေစိုက် အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တွင် တပ်မမှူး တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဆိုသည်မှာ ‘ခြေမြန်တပ်မဌာနချုပ်’ အသွင်ယူထားသော အထူးတပ်ဖွဲ့ ဖြစ်သည်။

“စစ်ဦးစီးချုပ်ရုံးမှာ G1 တာဝန်ပေးတယ်ဆိုတာ အဘတွေက ယုံကြည်ရတဲ့သူတွေကိုပဲ အဲဒီရာထူးတွေပေးတာ၊ အဲဒီလိုလူမျိုးကို တိုင်းမှူးခန့်တယ်ဆိုတာက ခိုင်းတဲ့အတိုင်း ပြတ်ပြတ်သားသားလုပ်မယ့်သူကို တိုင်းမှူးပေးလိုက်တဲ့သဘောပေါ့” ဟု တပ်မတော်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း CDM ပြုလုပ်လာသော တပ်မတော်အရာရှိဟောင်းတဦးက ပြောသည်။

“လက်ရှိစစ်ခေါင်းဆောင်တွေဖက်က ကြည့်ရင်တော့ အတော်ဆုံးလူလို့ ပြောလို့ရတဲ့သူပေါ့။ စစ်ဆင်ရေး အတွေ့အကြုံလည်း ရှိတယ်။ နယ်မြေလည်း ကျွမ်းကျင်တယ်ဆိုတဲ့သူကို တိုင်းမှူးတာဝန်ပေးလိုက်တာ” ဟုလည်း ၎င်းက ဆိုသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်သည် မြန်မာစစ်တပ်၏ အာရုံစိုက် တိုက်ခိုက်ရာ ဗဟိုချက် ဖြစ်လာသည်။

နိုဝင်ဘာလ အစောပိုင်းမှစတင်ပြီး “အလောင်းမင်းတရား” ဟု ခေါ်သည့် စစ်ဆင်ရေးတွင် လေကြောင်း အကူအညီသုံးပြီး စီးနင်းတိုက်ခိုက်မှုများ၊ နယ်မြေရှင်းလင်းမှုများနှင့် ရဟတ်ယာဉ်ဖြင့် သယ်ပို့ တိုက်ခိုက်မှုများ ပါဝင်သော်လည်း ခုခံမှုများကို ငြိမ်သက်သွားအောင် လုပ်ဆောင်နိုင်ခြင်း မရှိပေ။

စစ်ရေးသုံးသပ်သူများ၏အဆို စစ်အစိုးရသည်ယခုနှစ် မိုးမဝင်မီ မေလအထိ ပွင့်လင်းရာသီအတွင်း လက်နက်ကိုင်ပုန်ကန်မှု ရှေ့တန်းအရောက်ဆုံးတခုဖြစ်သော စစ်ကိုင်းတိုင်းကို အာရုံစိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား အင်အားအပြည့်အဝဖြင့် ဖိတိုက်ရန် ဆန္ဒရှိနေပုံရသည်။

Crd: