News

“ကြံ့ခိုင်ရေးပါတီဝင်များကို စစ်သင်တန်းပေးပြီး လက်နက်ခဲယမ်းတပ်ဆင်ပေးရန် လူစုနေ”

ကံမ၊ ဇန်နဝါရီ ၅၊ ၂၀၂၂။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်း ကျေးရွာများတွင် ကြံ့ခိုင်ရေးပါတီဝင်အများစု ပါဝင်သည့် စစ်သင်တန်းများပေးရန် မဲနှိုက်လူစု နေကြောင်း ကျေးရွာခံများ ထံကသိရသည်။

အဆိုပါမြို့နယ် ရပ်ကွက်၊ ကျေးရွာများတွင် ဒီဇင်ဘာလဆန်း က ကျေးရွာကာကွယ်ရေးအဖွဲ့အတွက် ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးများက တဆင့် တရွာလျှင် အဖွဲ့ဝင် ၂၀ ဦး ပထမအကြိမ် စာရင်းကောက်ယူခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် ၂၀ ဦး ထပ်မံစာရင်းကောက်ယူ ခဲ့ကာ လူပြည့်ပါက စစ်သင်တန်းများ ပေးကာ ဝတ်စုံနှင့် လက်နက်ခဲယမ်းများ တပ်ဆင်ပေးသွားမည် ဟု ပြောဆိုထားကြောင်း ရွာခံများက ပြောသည်။

“ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေ သူတို့စည်းကမ်းသတ်မှတ်ထားတယ် NLD ကိုထောက်ခံတဲ့ သူမပါနဲ့၊ ကြံ့ခိုင်ရေးအုပ်စုကိုထောက်ခံတဲ့ လူတွေနဲ့ဖွဲ့ဖို့လုပ်နေတာ အုပ်ချုပ်ရေးမှုးတော်တော်များများက ကြံ့ခိုင်ရေး သူတို့ အုပ်ချုပ်ရေးမှူး ပိုများတယ်။ ကျင့်သုံးပုံကမတူဘူး တချို့ရွာတွေမှာကြတော့ အစိမ်းအမာခံတွေ ကိုအစည်းအဝေးခေါ်တယ်။ ပြီးတော့ဖွဲ့လိုက်တယ်။ တချို့ကျတော့ အစိမ်းနည်းတဲ့ရွာတွေမှာ တရွာလုံးခေါ်ပြီးမဲနှိုက်တဲ့ပုံစံတွေရှိတယ်။ အများစုကတော့ အနီထောက်ခံသူမပါစေချင်ဘူး။ စာရင်းတောင်းတော့လည်း ပါသွားတဲ့သူတွေလည်းရှိတာပေါ့။” ဟု ကံမမြို့ခံတဦးကပြောသည်။

လက်ရှိ တွင် ရွာခံများ စာရင်းပေးအနေအထားတွင် ပင်ရှိကာ သင်တန်းပေးခြင်းမရှိသေးကြောင်း တချို့ဘုန်းကြီးကျောင်းများတွင် သင်တန်းပေးရန် ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများ ကဆိုသည်။

“သူတို့စစ်တပ်ဘက်ကလူတွေ နှစ်ဆယ်စီမဲဖောက်မယ်ကြားတယ်။ တအိမ်ကိုမဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့လူပေါ့။ ကျမတို့ကတော့ ဘယ်နှိုက်မလဲ။ ကံမကဆိုးလာပြီ တချို့ရွာဘုန်းကြီးကျောင်းတွေမှာ သင်တန်းပေးဖို့တောင်လုပ်နေပြီ။ လူငယ်အရွယ်ကောင်းတွေအတွက် စိုးရိမ်နေရတယ်။” ဟု ကျေးရွာခံအမျိုးသမီးတဦး ကပြောသည်။

အချို့ကျေးရွာများတွင် ကြံ့ခိုင်ရေးပါတီဝင် နည်းပါးသည့်အတွက် မဲနှိုက်လူစုမည်ကို ဒေသခံများက စိုးရိမ်နေပြီး အရွယ်ကောင်းလူငယ်များ၏ မိဘများက စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ဆိုသည်။

#မြေလတ်အသံ